ရွေးကောက်ပွဲ ရက်ကြေညာချက်ကို နိုင်ငံတကာ တုံ့ပြန်

E-mail Print
စစ်အစိုးရက ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာ ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ရွေးကောက်ပွဲတွင် အားလုံး ပါဝင်နိုင်ရေး၊ လွတ်လပ်ပြီး တရား မျှတရေးနှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး ထပ်မံတောင်းဆိုခြင်းဖြင့် အသီးသီး တုံ့ပြန်လိုက်ကြသည်။

Burmese-citizens-living-in-Japanအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် မာ့ခ် တိုနာ က “ဒီလို အခြေအနေ မျိုးနဲ့တော့ ရွေးကောက်ပွဲဟာ အားလုံးပါဝင်ဖို့နဲ့ ယုံကြည် စိတ်ချဖို့ကတော့ မဖြစ်နိုင် သေးပါဘူး။ မြန်မာ ပြည်မှာ တပြေးတည်း လှုပ်ရှားနိုင်တဲ့ အခွင့်မသာ သေးဘဲ ဖိနှိပ်တဲ့ နိုင်ငံရေး ဝန်းကျင် ရှိနေသေး တာကို ကျနော်တို့က စိုးရိမ်မှု ရှိဆဲ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်သူ လူထုရဲ့ အခြေခံ ရပိုင်ခွင့်နဲ့ လွတ်လပ်မှု တွေကို စစ်အစိုးရက တင်းကြပ်ထား နေတုန်းပါပဲ။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အမျိုးသား ရင်ကြား စေ့ရေးကို ရှေးရှုပြီး ပထမ ခြေလှမ်း အနေနဲ့ သက်ဆိုင်ရာ အင်အားစုတွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးရေးတွေ လုပ်ဖို့ ကျနော်တို့က စစ်အစိုးရကို တိုက်တွန်း ထားပါတယ်” မာ့ခ် တိုနာက ဆက်လက် ပြောကြားသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာပြီး နိုင်ငံရေးဖြစ်စဉ်တွင် လွတ်လပ်စွာ ပါဝင်နိုင်ရေးကို စစ်အစိုးရအား တိုက်တွန်းခဲ့သည်။

ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နက်ဆာကီ က “အထွေထွေ အတွင်းရေးမှူးချုပ်ကတော့ သူထပ်တလဲလဲ တောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အကျိုးအတွက် ရွေးကောက်ပွဲကို အားလုံးပါဝင်နိုင်ဖို့၊ လွတ်လပ်ပြီး တရားမျှတဖို့ မြန်မာအာဏာပိုင်တွေ အနေနဲ့ သန္နိဋ္ဌာန်ချ ဆောင်ရွက်ဖို့ ပြောပါတယ်” ဟု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားသည်။

အမျိုးသား ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီ ကူးပြောင်းရေး ဖြစ်စဉ်အတွက် အရေးပါသော ခြေလှမ်းအဖြစ် မြန်မာနိုင်ငံသားများ၏ အခြေခံ လွတ်လပ်ခွင့်ကို မြန်မာအာဏာပိုင်များက သေချာအောင် စီမံပေးရန်၊ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေးတွင် ပါဝင်နိုင်ရန် နှောင့်နှေးခြင်း မရှိဘဲ လွှတ်ပေးရန် ဘန်ကီမွန်းက လေးနက်စွာ တိုက်တွန်းကြောင်း နက်ဆာကီ က ဆက်လက်ပြောကြားသည်။

မြန်မာ့ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် နက်ဆာကီက ကုလသမဂ္ဂအနေဖြင့် ဘန်ကီမွန်း၏ ဦးဆောင် ထုတ်ဖော် ပြောဆိုမှုများ၊ နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာ့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိုးရိမ်မှုများနှင့် မျှော်လင့်ချက်များ၊ အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲကို ယုံကြည်ဖွယ်ဖြစ်ရေးနှင့် အားလုံး ပါဝင်နိုင်ရေးကိစ္စရပ်များကို ပြောကြားသွားသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီအားလုံးရဲ့ ဆုံးဖြတ်ချက်တွေကို ကုလသမဂ္ဂက လေးစားပါတယ်လို့ ဘန်ကီမွန်းက ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်” ဟု နက်ဆာကီက ဆိုသည်။

ဘန်ကီမွန်းနှင့် သူ၏ အထူး အကြံပေးတို့သည် မြန်မာ စစ်အစိုးရနှင့် နီးကပ်စွာ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ သို့သော် စစ်အစိုးရသည် ပူးပေါင်းဆောင်ရွက်မှု ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဘန်ကီမွန်းသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစီရင်ခံသည်အခါ အသေးစိတ် တင်ပြမည် ဖြစ်ကြောင်း သိရသည်။

အထက်လွှတ်တော် အမတ် မစ်ခ်ျ မက်ကော်နယ်ကမူ စစ်အစိုးရ၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖြစ်စဉ်တွင် အတုအယောင်သာ ဖြစ်ကြောင်း ဝေဖန်သည်။

“မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေကို ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုပြီး ဟန်တလုံး ပန်တလုံးနဲ့ ကြေညာတယ်။ သူတို့ အတွက်တော့ အဓိပ္ပာယ်တွေ ရှိနေပေမယ့် သာမန် မြန်မာပြည်သူတွေအတွက်ကတော့ ဆက်လက် ဖိနှိပ်ခံရပြီး ခက်ခဲကြမ်းတမ်းမှုတွေ ရှိနေဦးမယ့် ထူးမခြားနားသော နေ့တနေ့ပဲ ဖြစ်ပါလိမ့်မယ်” ဟု မက်ကော်နယ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ အင်အားစုများအား ထောက်ခံမှုကို သမ္မတ အိုဘားမားက ထပ်မံပြသရန်နှင့် အတုအယောင်ဖြစ်သော ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်မပြုကြောင်း သေချာစေရေးအတွက် လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း မက်ကော်နယ်က ပြောသည်။ 

သြဂုတ်လ ၁၄ ရက်နေ့တွင် ဥရောပသမဂ္ဂက စစ်အစိုးရအား အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရာမျှတစွာ မဲပေးခွင့် မရှိပါက တရားဝင်ဖြစ်မည်ဟု တကမ္ဘာလုံးက သတ်မှတ်မည် မဟုတ်ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးမှ တဆင့် ထုတ်ပြန်သော ဥရောပ သမဂ္ဂ၏ ကြေညာချက်တွင် “နိုင်ငံရေးပါတီများ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်နှင့် မဲပေးရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် အာဏာပိုင်များက တာဝန်ခံရမည် ဖြစ်ကြောင်း၊ သို့မှသာ တရားဝင်အဖြစ် နိုင်ငံတကာ အသိုင်းအဝန်းက သတ်မှတ်မည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

US Campaign for Burma အဖွဲ့မှ ဦးအောင်ဒင်က “အမေရိကန်နဲ့ ကုလသမဂ္ဂဟာ စစ်အစိုးရအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေ မလုပ်ခဲ့ပါဘူး။ မြန်မာပြည်မှာ အာဏာရှင်စနစ် ပျက်သုဉ်းရေးနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်သွားဖို့ နိုင်ငံတကာက ကြွေးကြော်နေတဲ့အတိုင်း တကယ် မလုပ်နိုင်ပါဘူးလို့ မြန်မာစစ်ဗိုလ်ချုပ်တွေက ယုံကြည်နေကြပါပြီ” ဟု ပြောကြားသည်။

“ဒါကြောင့် သူတို့ စီစဉ်တဲ့ အတိုင်း ရွေးကောက်ပွဲကို ဆက်လုပ်နေကြတာ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ ညစ်ပတ်တဲ့ အစီအမံတွေကို မတားဆီးနိုင်ဘူး ဆိုရင်တောင်မှ အမေရိကန်နဲ့ ကုလသမဂ္ဂဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာသင့်ပါတယ်” ဟု ဦးအောင်ဒင်က ဆက်လက်ပြောကြားသည်။

စစ်အစိုးရသည် လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းကြရန် သြဂုတ် ၁၃ ရက်နေ့က ကြေညာခဲ့သည်။

တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၄၇ ပါတီရှိပြီး မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၄၁ ပါတီအနက် ပါတီ ၄၀ ကို ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ခွင့်ပြုပြီးသည့် ပါတီ ၄၀ အနက် ပါတီဝင်အင်အား စာရင်းတင်ပြသော ပါတီ ၁၅ ပါတီ ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်