ပါတီများ မဲဆွယ် ဟောပြောရမည့်နေရာ ကန့်သတ်

E-mail Print
မှတ်ပုံတင်ခွင့် ရရှိထားပြီးသော နိုင်ငံရေး ပါတီများသည် စုဝေးခြင်းနှင့် မဲဆွယ် ဟောပြောခြင်းများ ပြုလုပ်ရန် လျှောက်ထား ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုသော နေရာများတွင်သာ ပြုလုပ်ရမည်ဟု နိုင်ငံရေးပါတီများကို ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

ယင်း အကြောင်းကြားစာကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးက နိုင်ငံရေး ပါတီများသို့ ယနေ့ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ အနေဖြင့် စည်းရုံးဟောပြောပွဲများ ပြုလုပ်ရန် ခွင့်ပြုသောနေရာများမှာ အခကြေးငွေဖြင့် ငှားရမ်းနိုင်သည့် ခန်းမဆောင်၊ အားကစားကွင်း၊ ဈေးကွက်လပ်တို့ဖြစ်ပြီး နေရာအခက်အခဲရှိသည့် ကျေးလက်ဒေသများတွင်မူ ရပ်ကွက် ဗီဒီယိုရုံနှင့် ဆွမ်းချက်ရုံများ၌ ခြွင်းချက်အဖြစ် သတ်မှတ်ပေးထားကြောင်း အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်မှ အတွင်းရေးမှူး (၂) ဦးလှအောင်က ဧရာဝတီသို့ ပြောသည်။ 

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဓမ္မာရုံကဲ့သို့ ဘာသာရေး အဆောက်အအုံများကို စုဝေးဟောပြောခြင်းအတွက် ထည့်သွင်း လျှောက်ထားခြင်း မပြုလုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ထားကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၂၃ ရက်နေ့တွင် စစ်အစိုးရပိုင် သတင်းစာများမှတဆင့် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် “နိုင်ငံရေး ပါတီများ ပါတီဝင် အင်အား စုဆောင်းခြင်းနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်” တွင် နိုင်ငံရေးပါတီများ စုဝေးခြင်းနှင့် ဟောပြောခြင်းများ ပြုလုပ်လိုပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲသို့ အနည်းဆုံး ၇ ရက်ခန့် ကြိုတင်၍ ခွင့်ပြုမိန့်ကို လျှောက်ထားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ဦးလှအောင်က “ကျနော်တို့က ၇ ရက် ကြိုတင်ပြီးတော့ စည်းရုံရေး လုပ်ရမယ့် ပုံစံရှိပေမယ့် စည်းရုံးရေးကို လိမ်မာပါးနပ်စွာ တည်ဆောက်ဖို့ပဲ လိုအပ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

ပါတီများ စုဝေး ဟောပြောမည့် နေရာ၊ နေ့ရက်၊ စတင်မည့် အချိန်နှင့် ခန့်မှန်းခြေ ပြီးဆုံးမည့် အချိန်၊ တက်ရောက်မည့် လူအင်အား၊ ဟောပြောမည့်သူ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့ကိုလည်း တင်ပြရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်တွင် ပါရှိသည်။

သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲက လျှောက်ထားချက်ကို စိစစ်ပြီး ခွင့်ပြုမိန့်ကို စုဝေးဟောပြောခြင်း မစတင်မီ ၄၈ နာရီ ထက်မနည်း ကြိုတင် ထုတ်ပေးမည်ဖြစ်သကဲ့သို့ ပါတီများက လျှောက်ထားချက်ကို ပြန်လည် ဖျက်သိမ်းလိုပါက ၄၈ နာရီ ထက်မနည်း ကြိုတင် အကြောင်းကြားရမည်ဟုလည်း ဖော်ပြထားသည်။ 

၄၈ နာရီထက် မနည်း ကြိုတင် အကြောင်းကြားရန် အမိန့်ထုတ်ခြင်းမှာ ဟောပြောသည့်နေရာတွင် လုံခြုံရေးများ ချထားရေး ပြင်ဆင်ရန် ဖြစ်ကြောင်း သိရသည်။

လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီဆက်လက် တည်ထောင်ခွင့်နှင့် တည်ထောင်ခွင့်လျှောက်ထားသည့် နိုင်ငံရေး ပါတီ ၄၇ ပါတီ ရှိသည်။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီမှာ ၄၂ ပါတီရှိပြီး ပါတီ ၄၀ ကို မှတ်ပုံတင် ချပေးပြီး ဖြစ်သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်