ဝန်ကြီးများ တရားဝင် မဲဆွယ် စည်းရုံးရေးလုပ်မည်

E-mail Print
ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် ၀န်ကြီးများ ရာထူးမှ နုတ်ထွက်ပြီး လာမည့် စက်တင်ဘာလ အတွင်း တရားဝင် မဲဆွယ် စည်းရုံးရေးများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ ကျောထောက် နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)အနေနှင့် တရားဝင်မဲဆွယ် စည်းရုံး ရေးပြုလုပ်သွားမည်ဖြစ်သောကြောင့် ယခုလကုန်မှ စတင်၍ USDP ပါတီရုံးများ ဖွင့်လှစ်သွားဖွယ်ရှိကြောင်း USDP အသိုင်း အ၀န်းမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မဲဆန္ဒနယ်အသီးသီးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်းရန် ကြေညာပြီးနောက် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်သတ်မှတ် ကာလကိုလည်း ယခုလ အတွင်း ကြေညာသွားဖွယ်ရှိကြောင်း ရွေးကောက်ပွဲ လေ့လာသူများက ခန့်မှန်းကြသည်။ 

“USDP ပါတီရုံးဖွင့်ဖို့ အဆောက်အအုံတွေ အကုန်အဆင်သင့်ပြင်ထားပြီးပြီ။ ဒီလကုန်လောက် ဖွင့်မယ် ထင်တယ်၊ အခုချိန် အထိတော့ အထက်က ဘာခွင့်ပြုချက်မှ မရသေးလို့ စောင့်နေတုန်းပဲ”ဟု USDP ပါတီ ရန်ကုန်တိုင်း တာမွေမြို့နယ်မှ စည်းရုံး ရေးမှူး တဦးက ဆိုသည်။

ပါတီရုံးများ ဖွင့်လှစ်ရာတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရုံးခန်းများ အားလုံးကို တပြိုင်တည်းဖွင့်သွားဖွယ်ရှိကြောင်း ၎င်းက ဧရာဝတီကိုပြောသည်။

အတည်မပြုနိုင်သော သတင်းများအရ USDP ပါတီဝင်များသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်နေသည့်အတွက် ရွေးကောက် ပွဲ သည် တရားမျှတမှု မရှိနိုင်ဟု ပြည်တွင်းပြည်ပ ဝေဖန်မှုများကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးဆောင်သည့် ကြားဖြတ် အစိုးရ တရပ်ဖွဲ့စည်းကာ အုပ်ချုပ်သွားမည်ဟု  ကောလာဟလ သတင်းများလည်း ထွက်ပေါ်နေသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာအရ လွှတ်တော် ၃ ရပ်ပေါင်း ပြည်သူက ရွေးချယ်တင်မြှောက်မည့် ကိုယ်စားလှယ် နေရာ ၁၁၈၇ နေရာရှိပြီး ယင်းနေရာများတွင် USDP ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်အားလုံး ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် နေပြည်တော် အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲအား ၀န်ကြီး ရာထူးများမှ နုတ်ထွက်ဝင်ရောက်ပါက  နုတ်ထွက်မည့်ဝန်ကြီးနေရာများတွင် ဆက်လက်တာဝန်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် ၀န်ကြီးများ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းက ပြောသည်။

နိုင်ငံရေးပါတီများ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်မှ  သြဂုတ်လ ၃၀ ရက် နေ့အထိ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်သတ်မှတ်ပေးထားသည်။

မဲဆန္ဒနယ် အသီးသီးတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရက်အား သတ်မှတ်ပေးချိန် နည်းပါးခြင်းကြောင့် USDP ပါတီမှအပ ရွေးကောက်ပွဲဝင်ရောက်မည့် ကျန်ပါတီများ အနေနှင့် အခက်အခဲများကြုံတွေ့နေကြ ကြောင်း သိရသည်။

၁၅ ရက်အတွင်း လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအားလုံးအတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အမည် စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ လုံလောက်သောအချိန် စက်တင်ဘာလသို့ ပြင်ဆင်သတ်မှတ် ပေးရန်၊ ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး များပြားလွန်းသဖြင့် ကျပ် တသိန်းသို့ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပေးရန် စသည့် အချက်များ ပါဝင်သော ကြေညာချက် တစောင်ကို ပြည်ထောင်စု ဒီမိုကရေစီ ပါတီက ထုတ်ပြန်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာမတည်မီ လွှတ်တော် ခေါ်ယူပေးရေးနှင့်ပတ်သက်၍ ရှင်းလင်းပေးရန် ဇူလိုင်လ ၅ ရက်နေ့တွင် ပြည်ထောင်စု ဒီမိုကရေစီ ပါတီက အိတ်ဖွင့်ပေးစာဖြင့် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီး အထက်ပါ တောင်းဆိုချက်များ မလိုက်လျောပါက မဲဆန္ဒနယ် (၃) နယ်တွင်သာ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ပါရှိခဲ့သည်။

နေပြည်တော် စစ်အသိုင်းအ၀န်းမှ ထွက်ပေါ်နေသည့် သတင်းများအရ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ လက်ရှိ ရာထူးများမှ နုတ်ထွက်မည်ဟု သတင်းများ ပျံ့နှံ့နေခဲ့သည်။

ရန်ကုန်တိုင်းအတွင်း USDP ပါတီကိုယ်စားပြု ၀င်ရောက်အရွေးချယ်ခံမည့် ၀န်ကြီးများမှာ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် ဟောင်း ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပ၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် က မင်္ဂလာတောင်ညွန့်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဦးစိုးသာ က တွံတေး၊ စွမ်းအင် ၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီ က ကွမ်းခြံကုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မောင်သိမ်း က ကော့မှူး စသည့် မြို့နယ်များတွင် ၀င်ရောက် အရွေးခံမည်ဖြစ်ကြောင်း  ဧရာဝတီမှ စုံစမ်း သိရှိရသည်။

ထို့အပြင် စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း က မကွေးတိုင်း တောင်သာမြို့နယ်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း က ပဲခူး တိုင်း ဇီးကုန်းမြို့နယ်၊ သစ်တောရေးရာ ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းအောင် က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင် က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ဟောင်း ဦးဘုန်းဆွေ က ရခိုင်ပြည်နယ် မောင်းတောမြို့နယ်၊ ကျန်းမာရေး ဒု ၀န်ကြီး ဒေါက်တာမြဦး က ပဲခူးတိုင်း ပေါင်းတည် မြို့နယ် စသည့် ဒေသများတွင် လည်းကောင်း ၀င်ရောက် အရွေးခံကြမည်ဟု သိရသည်။

စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်