နိုင်ငံရေး အကျဉ်းသားများ လွတ်ရန် မျှော်လင့်ချက်နည်း

E-mail Print
အကြောင်း အမျိုးမျိုးဖြင့် ထောင်ဒဏ် ကျခံနေရသည့် အကျဉ်းသားများကို နိုင်ဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေ သော်လည်း နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကမူ မျှော်လင့်ချက် အပြည့်အ၀ မထားကြောင်း သိရသည်။

“လွှတ်ပေးရင်တောင် အစိုးရ အနေနဲ့ ၁ နှစ်၊ ၂ နှစ်ကျတဲ့ အကျဉ်းသားတွေကိုပဲ ပြန်လွှတ်ပေးနိုင်ပါတယ်။ နှစ်ကြီးသမားတွေကို တော့ လွှတ်ပေးဦးမယ် မထင်ပါဘူး”ဟု ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်းသည် ဘူးသီးတောင်ထာင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရ သည့် ယောက်ဖတော်စပ်သူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကို ယခုလဆန်းပိုင်းတွင် ထောင်ဝင်စာ သွားတွေ့ခဲ့ သည်။

ရွေးကောက်ပွဲတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါဝင်သင့်သူများ အားလုံးပါဝင်နိုင်ရေး၊  နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးတို့ကို ဥရောပနိုင်ငံများ၊ အမေရိကန်၊ အာဆီယံနှင့် ကုလသမဂ္ဂ တို့က စစ်အစိုးရကို တောင်းဆိုထားသည်။

စစ်အစိုးရသည် နိုင်ငံတကာဖိအားများ ပေါ်ပေါက်လာတိုင်း အကျဉ်းသားများ လွှတ်ပေးခြင်းကို ဟန်ပြအနေဖြင့် လုပ်ဆောင် တတ်ကြောင်း၊ လွှတ်ပေးသည့် အခါတိုင်းတွင်လည်း ရိုးရိုးအကျဉ်းသားများ၊ ရာဇ၀တ်အကျဉ်းသားများကိုသာ ဦးစားပေး လွှတ်ပေးလေ့ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

“ဖိအားတွေ များလာလို့ လွှတ်ပေးရင်တောင် သူတို့အတွက် အန္တရာယ်မရှိနိုင်ဘူးလို့ ယူဆရတဲ့ လူမျိုးတွေ၊ လွတ်ရက်စေ့ခါနီး
လူတွေကိုပဲ လွှတ်ပေးနိုင်ပါတယ်”ဟုလည်း ကိုတိတ်နိုင်က ဆိုသည်။

နှစ်ရှည်ထောင်ဒဏ် ကျခံနေကြရသည့် ၈၈ ကျောင်းသားခေါင်းဆောင်များ၊ စက်တင်ဘာ အရေးအခင်းတွင် အဖမ်းခံခဲ့ရသည့်
ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးနှင့် ဆက်စပ်၍ ထောင်ဒဏ်ကျခံနေကြရသည့် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ၀င်များကမူ အကျဉ်းသားများ လွှတ်ပေးမည်ဟု သတင်းထွက်ပေါ်သည့်တိုင် ယုံကြည်မှု အပြည့်မရှိသေးကြောင်း ပြောသည်။

ဘားအံထောင်တွင် ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံနေရသည့် ဘလော့ဂါ ကိုနေဘုန်းလတ်၏မိခင် ဒေါ်အေးအေးသန်းက “အန်တီတို့လည်း အကျဉ်းသားတွေ လွှတ်ပေးမယ်လို့ ကြားနေတယ်။ ဒါပေမယ့် မမျှော်လင့်ရဲသေးဘူး။ အိမ်ရောက်လာမှပဲ တကယ်လွတ်ပြီလို့ မှတ်ရတော့မယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကိုနေဘုန်းလတ်နှင့်အတူ ဘားအံထောင်တွင် နိုင်ငံရေးမှုဖြင့် ထောင်ကျနေသည့် လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား
၂ ဦးကို လွှတ်ပေးမည်ဟု အာဏာပိုင်များက ပြီးခဲ့သည့် ၂ လခန့်က အကြောင်းကြားသည်ဟု ကြားသိရကြောင်း ဒေါ်အေးအေးသန်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသည့် ကိုစည်သူမောင်၏ မိခင် ဒေါ်နုနုဆွေက
အကျဉ်းသားများ လွှတ်ပေးမည့်သတင်းများ ကြားရ၍ ၀မ်းသာသော်လည်း ၄င်း၏သားအတွက်မူ မျှော်လင့်မထားကြောင်း၊ ကိုစည်သူမောင်နှင့်အတူ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်မြောက်လာစေချင်ကြောင်း ပြောသည်။

ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနိုင်ရရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် စည်းရုံးနေရာတွင် ယခုအခါ အကျဉ်းထောင်တချို့တွင် ကြံ့ဖွံ့ပါတီကို မဲပေးမည်ဆိုပါက ပြန်လွှတ်ပေးမည်ဟု ဒေသအာဏာပိုင် များက အရပ်ဝတ်များဖြင့် လာရောက်၍ ထောင်တွင်းရှိ အကျဉ်းသားများကို စည်းရုံးနေကြောင်း သိရသည်။

“ကျိုင်းတုံထောင်မှာ စည်းရုံးနေတာ ၂ ပတ်ကျော်ပြီ။ လွှတ်ပေးမယ်ဆိုပြီး စည်းရုံးတဲ့လူတွေထဲမှာတော့ နိုင်ငံရေး အကျဉ်းသား တွေ မပါဘူး။ မူးယစ်ဆေးနဲ့ ပတ်သက်လို့ ဖမ်းထားတာတို့၊ တခြားပြစ်ဒဏ်တွေနဲ့ ထောင်ကျနေတဲ့ လူတွေကိုပဲ စည်းရုံးနေတာ ပါ”ဟု အကျဉ်းထောင် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။ စည်းရုံးပြောဆိုရာတွင်  ကြံ့ဖွံ့ပါတီအား မဲမပေးပါက သက်ဆိုင်ရာ နယ်ထိန်းရဲမှတဆင့် ဖမ်း၍ ထောင်ထဲ ပြန်သွင်းမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုကြောင်း ဆက်လက်ရှင်းပြ သည်။

ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကျန်းမာရေး အသင့်အတင့် ကောင်းမွန်နေပြီး မျက်စိနှင့် အစာအိမ် ရောဂါ အနည်းငယ် ခံစားနေရဆဲဖြစ်ကြောင်း သိရသည်။

စစ်အစိုးရသည် ၂၀၀၉ ခုနှစ်တွင် အကျဉ်းသား ၉ ထောင်ကျော် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား အနည်းသာ ပါဝင်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိကြောင်း AAPP က ထုတ်ပြန်ထား သော စာရင်းအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်