တပ်ပြေး ကလေးစစ်သားကို ဖမ်းဆီးထား

E-mail Print
ဧရာဝတီတိုင်း အိမ်မဲမြို့မှ ကလေးစစ်သား မောင်အောင်ဇော်မိုးကို တပ်မှ ထွက်ပြေးလာ သောကြောင့် ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင် ထားကြောင်း မိဘများက ပြောသည်။

၂၀၀၉ ခုနှစ်တွင် အသက် ၁၂ နှစ်အရွယ် မောင်အောင်ဇော်မိုးအား  တပ်ကြပ်ကြီးတဦးက မိဘများမသိဘဲ စည်းရုံးခေါ်ဆောင် သွားပြီး လေ့ကျင့်ရေး အမှတ် ၆ (၀ါးရာချောင်း) ပုသိမ်မြို့သို့ ပို့ပြီး သင်တန်းတက်စေခဲ့ကြောင်း၊ ထို့နောက်  ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ခြေမြန်တပ်ရင်း (ခ.မ.ရ) ၅၃၈ တွင် ကိုယ်ပိုင်အမှတ် တ/၃၈၉၃၀၂ ဖြင့် တာဝန်ထမ်းဆောင်နေရာမှ အိမ်သို့ ထွက်ပြေးလာခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က အိမ်သို့လာရောက်ဖမ်းဆီးပြီး ယခုအချိန်အထိ ချုပ်နှောင်ထားကြောင်း မိဘများ ဖြစ်သည့် ဦးသန်းမြင့်နှင့် ဒေါ်ထွန်းမေက ပြောသည်။

“မင်းမိဘတွေကို ငွေကျပ် ၇သောင်းနဲ့ ဆန်တအိတ် ပို့ပေးမယ်၊ မင်းကိုလည်း တပ်ထဲမှာ ကောင်းကောင်းကျွေးထားမယ်၊ လစာ ကောင်းကောင်းပေးမယ်လို့ပြောပြီး ခေါ်သွားတယ်လို့ သားက စစ်ဆင်ရေးက ပြန်လာတော့ အကြောင်းစုံ ပြောပြတယ်”ဟု ဒေါ်ထွန်းမေက ဆိုသည်။

မောင်အောင်ဇော်မိုးသည် ရသေ့တောင်တွင် တာဝန်ထမ်းဆောင်နေရင်း ကရင်ပြည်နယ်သို့ စစ်ဆင်ရေးထွက်ရာမှ အပြန် ၂၀၀၉ ဒီဇင်ဘာတွင် အိမ်မဲမြို့ မိဘများရှိရာသို့ ပြန်လာခဲ့ပြီး လယ်ယာလုပ်ငန်းကို ကူလုပ်ပေးနေခဲ့ကြောင်း၊ ၂၀၁၀ ဇူလိုင်လ ဆန်း ပိုင်းတွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ဇူလိုင်လ ၁၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က လာပြီး ဖမ်းခေါ်သွားတယ်။ ပြီးတော့ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၆၃ စစ်ခုံရုံးမှာ ခြေထောက်ကို သံခြေကျင်း ခတ်ထားပြီး စစ်ဆေးတယ်။ မြောင်းမြထောင်ကို ပို့မယ်လို့လည်း ကြားတယ်” ဟု ဒေါ်ထွန်းမေက ပြောသည်။

မောင်အောင်ဇော်မိုးသည် အသည်းရောင် အသားဝါရောဂါလည်း ခံစားနေရသဖြင့် ကုသခွင့်ရရန်၊ ဖမ်းဆီးချုပ်နှောင်ထားရာမှ ပြန်လွှတ်ပေးရန်နှင့် စစ်သားအဖြစ်မှ နုတ်ထွက်ခွင့်ရရန် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) သို့ တိုင်တန်းထားကြောင်း သိရ သည်။

၂၀၀၉ ခုနှစ် အတွင်းက ကလေးစစ်သား စုဆောင်းခံရမှု ၁၀၀ ကျော်ကို ကူညီဖြေရှင်းပေးခဲ့ရပြီး ယခုနှစ်အတွင်း တိုင်ကြားမှု ၂၅ ခုခန့် ရှိကြောင်း ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ်အဖွဲ့ထံမှ သိရသည်။

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ကော်မတီ၏ ၁၀ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြီး ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး သူရ မြင့်အောင် တက်ရောက်ကြောင်း၊ ကလေးစစ်သား ကာကွယ်တားဆီးရေးအတွက် Plan of Action (မူကြမ်း) ကို သုံးသပ်ခြင်းနှင့် ကော်မတီ၏ လုပ်ဆောင်ချက်များကို ဆွေးနွေး ကြောင်း သြဂုတ်လ ၂၆ ရက်နေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်