ကြည့်မြင်တိုင် ကြံ့ဖွံ့ ပြည်သူပိုင် အဆောက်အအုံများ သုံး၍ မဲဆွယ်

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့)က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အများပြည်သူပိုင် အဆောက်အအုံ များကို အသုံးပြု၍ နေ့ရော ညပါ မဲဆွယ် စည်းရုံးရေး လုပ်ဆောင်နေကြောင်း သိရသည်။

usda-thein-seinစည်းရုံးရေး အတွက် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများအား အသုံးမပြုရဟု အာဏာပိုင်များက နိုင်ငံရေးပါတီ များအား တားမြစ်ထားသော်လည်း ကြံ့ဖွံ့ပါတီ အနေဖြင့် စာသင်ကျောင်းများကို အသုံးပြုနေကြောင်း နီးစပ်သူများက ပြော သည်။

“ကြည့်မြင်တိုင်မြို့နယ်က အမတ်အဖြစ်အရွေးခံဖို့ လုပ်နေတဲ့ ကျူရှင်ဆရာ သင်္ချာသန်းစိန်က  စာသင်ကျောင်းမှာ ညဘက် စည်းရုံးရေး လုပ်ပါတယ်၊ အဓိက ကြံ့ဖွံ့ပါတီဝင်တွေကို ခေါ်ယူပြီး လူက ကြံ့ ၊ မဲက တခြား မဖြစ်စေကြနဲ့ ဆိုပြီး သတိပေးတဲ့ သဘော ပြောသွားတာပါ” ဟု ကြံ့ဖွံ့ပါတီ နှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

သြဂုတ်လ ၃၁ ရက်နေ့ ည ၈ နာရီ ၀န်းကျင်က ကြည့်မြင်တိုင်မြို့နယ် ဦးကျော်ဟိုး လမ်းရှိ (အ.လ.က ၄) စာသင်ကျောင်းတွင် ဦးသန်းစိန်(သချာင်္ သန်းစိန်)က ကြံ့ဖွံ့ပါတီဝင်များကို ခေါ်ယူ၍ အထက်ပါ အတိုင်း စည်းရုံးပြောဆိုသွားကြောင်း ခြင်းဖြစ်သည်။

သင်္ချာသန်းစိန်သည် ၁၀ တန်းကျောင်းသားများအား ကျူရှင်သင်ကြားနေသည့် ကျောင်းဆရာတဦးဖြစ်ပြီး လာမည့်ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီ ကိုယ်စားပြု၍ ကြည့်မြင်တိုင်မြို့နယ်မှ ၀င်ပြိုင်ရန် ပြင်ဆင်နေသူ တဦးဖြစ်သည်။

အာဏာပိုင်များက ကြံ့ဖွံ့ပါတီမှ လွဲ၍ တခြား နိုင်ငံရေးပါတီများ၏ စည်းရုံးဟောပြောမှုများကို နည်းမျိုးစုံဖြင့် တားဆီး ပိတ်ပင် မှုများ ပြုလုပ်နေသော်လည်း ပါတီတချို့က အခြေအနေပေါ် မူတည်၍ လုပ်ဆောင်နေကြောင်း သိရသည်။

“အခက်အခဲတွေကတော့ အများကြီးပါ၊ ဒါပေမယ့် ရတဲ့အခြေအနေပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ဆိုသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၏ အတွင်းရေးမှုး ကိုနေမျိုးဝေကမူ ၎င်းတို့ပါတီအနေဖြင့် စည်းရုံးရေးလုပ်ဆောင်ရာတွင် ငွေကြေး အခက်အခဲမှ လွဲ၍ တခြားသောအခက်အခဲများ လုံးဝမရှိဟု ဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လည်း“ကျနော်တို့ ပါတီက ရွေးကောက်ပွဲ ဥပဒေ အတိုင်း စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ စည်းရုံးတာမျိုး မလုပ်ပါဘူး၊ လုပ်လို့လဲ မရဘူး၊ ပါတီဝင် တချို့တော့ ကျောက်ဖြူဘက်မှာ ဗီဒီယိုရုံမှာပဲ လုပ်ခွင့်ရတယ်လို့ သိရပါတယ်”ဟု ပြောသည်။

ကြံ့ဖွံ့ပါတီသည် ပြည်သူလူထုအား မက်လုံးအမျိုးမျိုးပေး၍ မဲဆွယ်စည်းရုံးနေသော်လည်း ရွေးကောက်ပွဲ၌ အနိုင်မရမည်ကို ပါတီ ခေါင်းဆောင် တချို့က စိုးရိမ်မှု ကြီးနေကြောင်း သိရသည်။

ပြည်သူလူထုကို စည်းရုံးသည့်အနေနှင့် ကြံ့ဖွံ့ပါတီက အတိုးနှုန်း အနည်းငယ်ဖြင့် ငွေချေးခြင်း၊ သက်ကြီး ရွယ်အိုများ အား ထောက်ပံ့ငွေ တထောင်ကျပ်စီ လှူဒါန်းခြင်း၊ အ၀တ်အစားများ ပေးကမ်းခြင်း၊ မျက်မှန် အခမဲ့ တပ်ဆင်ပေးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် စည်းရုံးရေးလုပ်နေသည်။

“ငွေပေးပြီးစည်းရုံးတာက ဥပဒေ ကိုချိုးဖောက်တာပါ၊ အဲဒီလို လုပ်တဲ့ပါတီကို ပါတီအဖြစ်ကနေ ဖျက်သိမ်းလို့ရတယ်၊ ပြည်သူတွေကလည်း ပိုက်ဆံယူပြီး မဲပေးတယ်ဆိုတာ နိုင်ငံရေးအနာဂတ်ကို ဖျက်ဆီးရာကျတယ်၊ ပိုက်ဆံယူပြီး ကိုယ်ကြိုက်တဲ့ပါတီ ကိုပဲ မဲပေးမယ် ဆိုရင်တော့ နိုင်ငံရေး တတ်ကျွမ်းတဲ့ ပြည်သူတွေဖြစ်မယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ
ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

၁၉၆၀ တွင် ကျင်းပခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲ၌ မဲပေးခဲ့ကြသည့် ပြည်သူများသည် စစ်တပ်က ထောက်ခံသည့် ဖဆပလ(တည်မြဲ) အလံကို ကိုင်ဆောင်သွားပြီး အာဏာရှင် စနစ်ကို ဆန့်ကျင်သော(သန့်ရှင်း-ဖဆပလ) အား မဲပေး ခဲ့ကြသည့် အဖြစ်မျိုးရှိခဲ့၍ အလားတူ ဖြစ်လာမည်ကို ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များက စိုးရိမ်နေကြောင်း နိုင်ငံရေး လေ့လာ သူများက ဆိုသည်။

“လူက တည်မြဲ၊ မဲက သန့်ရှင်း ဖြစ်သွားတော့ တည်မြဲက အရှုံးကြီး ရှုံးခဲ့ရတယ်လေ၊ ကြံ့ဖွံ့ပါတီကလည်း အလားတူ အဖြစ်မျိုးနဲ့ မကြုံနိုင်ဘူးလို့ ပြောလို့ မရသေးဘူး”ဟု နိုင်ငံရေး လေ့လာသူ တဦးက ပြောသည်။

ရန်ကုန်မြို့မှ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး တဦးက ပြောဆိုရာတွင် ၎င်းတို့ပါတီ အနေဖြင့် စည်းရုံးရေး မလုပ်ဆောင်သေးကြောင်း၊ ပါတီ၏ အမတ် စာရင်းဦးရေကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ထားဆဲဖြစ်၍ စက်တင်ဘာလ ၆ ရက်နေ့ နောက်ပိုင်းမှသာ စည်းရုံးရေး ကိစ္စများကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပါတီသည် အသင်းမှ အသွင်ပြောင်းထားခြင်းဖြစ်၍ အသင်း၏ မူဝါဒ အပေါ် အခြေခံပြီး ပါတီ၏ လုပ်ဆောင်ချက်များကို ဆောင်ရွက်သွားမည်ဟု ဧရာဝတီကို ရှင်းပြသည်။

လာမည့်ရွေးကော်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ တနိုင်ငံလုံး၌ ၂၇ သန်းကျော် ရှိသည်ဟု ခန့်မှန်းထားပြီး ကြံ့ဖွံ့ ပါတီဝင် ဦးရေမှာ ၁၆ သန်းကျော် ရှိကြောင်း သတင်း မီဒီယာများတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှ စတင်၍ သြဂုတ်လ ၃၀ ရက်နေ့ တွင် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာခဲ့ သည်။

မှတ်ပုံတင်ခွင့်ရပြီးသော နိုင်ငံရေးပါတီ ၄၂ ပါတီရှိရာ ယနေ့အထိ ပါတီဝင် အင်အား စာရင်း တင်ပြ သည့် ပါတီစုစုပေါင်း ၃၃ ပါတီ ရှိပြီဖြစ်သည်။

စစ်အစိုးရက လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်