ကြံ့ဖွံ့ပါတီ ငွေလှူသူများကို နာဂစ်အမည်ခံ ဂုဏ်ပြု

E-mail Print
နိုင်ငံပိုင်သတင်းစာတွင်  နာဂစ် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ တည်ဆောက်ခဲ့သူများအား ဂုဏ်ပြုသည့် အခမ်းအနားဟု ဖော်ပြ ထားသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)အား ရန်ပုံငွေလှူဒါန်းသည့် စီးပွားရေး လုပ်ငန်းရှင်များကို ဂုဏ်ပြုဆုချီးမြှင့်သည့် ပွဲတခုဖြစ်ကြောင်း သိရသည်။

u thain gain“သတင်းစာမှာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ တည်ဆောက်ခဲ့သူတွေကို  ဂုဏ်ပြု ဆုချီးမြှင့်တဲ့ အခမ်းအနားလို့ တင်ထား ပေမယ့် အမှန်က ကြံ့ဖွံ့ပါတီကို ငွေလှူတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပြန်ဂုဏ်ပြုတဲ့ ပွဲပဲ”ဟု နေပြည်တော် စစ်ဌာနချူပ် မှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။ 

ယင်းအခမ်းအနားကို သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေး ၀န်ကြီးဌာန၀န်ကြီးရုံး တွင် ပြုလုပ်ခဲ့ပြီး  ၀န်ကြီးချုပ် ဦးသိန်းစိန် တက်ရောက် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရန်ပုံငွေလှူဒါန်းသည့် စီးပွားရေး လုပ်ငန်းရှင်များသည် စစ်အာဏာပိုင်များနှင့် နီးစပ်သူများဖြစ်ပြီး မြန်မာပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းကြီးများအား လုပ်ပိုင်ခွင့် ရရှိထားသူများလည်းဖြစ်သည်။

ယုဇန ကုမ္ပဏီ ဦးဌေးမြင့် ၊ ထူးကုမ္ပဏီ ဦးတေဇ ၊ ဧဒင် ကုမ္ပဏီ ဦးချစ်ခိုင်၊  အေးဝမ်း ကုမ္ပဏီ ဦးရန်ဝင်း၊  မက်စ်မြန်မာ ကုမ္ပဏီ ဦးဇော်ဇော်၊  အေးရှားဝေါ ဦးမောင်ကျေး၊ ရွှေသံလွင် ဦးဇော်ဝင်းထွန်း ၊ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီ ဦးဝင်းအောင်၊ ဧရာ ရွှေမြေ ကုမ္ပဏီ ဦးအောင်သက်မန်း ၊ တက်လမ်း ကုမ္ပဏီ ဦးကျော်မင်းထွန်း ၊ မြတ်နိုးသူ ကုမ္ပဏီ ဦးကျော်စိုးလွင် ၊ FMI ကုမ္ပဏီ ဦးကျော်ပိုင်၊ ရွှေတောင် ကုမ္ပဏီ ဦးအောင်ဇော်နိုင်၊ မြနန္ဒာ ကုမ္ပဏီ ဦးဌေးလှိုင် ၊ ပြည့်ဖြိုးကျော် ကုမ္ပဏီ ဦးလှမောင်ရွှေ၊  ဒိုင်းမွန်းမာကျူရီ ကုမ္ပဏီ ဦးစိန်လွင်၊ မိုးကြယ်စင် ကုမ္ပဏီ ဦးပြည့်ဖြိုးအောင်၊ ၀ါဝါ၀င်းကုမ္ပဏီ ဦးအာကာကြိုင် ၊ T.Z.T.M ကုမ္ပဏီ ဦးသက်လင်း တို့အား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သတင်းစာတွင်ဖော်ပြထားသည်။

“အရင်ကတည်းက ကြံ့ဖွံ့ပါတီ ရန်ပုံငွေ အတွက် စီးပွားရေးလုပ်ငန်းရှင်  ၂၀က  ငွေလှူမယ်ဆိုပြီး ကြားတာ။  ခု ဘယ်သူတွေ လှူတယ်ဆိုတာ တိတိကျကျထွက်လာတာပေါ့။ အာဏာပိုင်တွေအနေနဲ့က ကြံ့ဖွံ့ကို ငွေလှူလို့ ဂုဏ်ပြုတဲ့ အခမ်း အနားလုပ်ပေးတယ်ဆို သူများတွေ ပြောစရာ ဖြစ်လာမှာဆိုးလို့ နာဂစ်တုန်းက အဆောက်အအုံတွေဆောက်ပြီး ကူညီပေးခဲ့တဲ့  သူတွေကို ဂုဏ်ပြုတဲ့အခမ်းအနားဆိုပြီး ခေါင်းစဉ်တပ်လိုက်တဲ့ သဘောမျိုးပါပဲ ” ဟုအစည်းအဝေးတက်ရောက်ခဲ့သည် ဌာနဆိုင်ရာအရာရှိတဦးကပြောသည်။ 

အဆိုပါ စီးပွားရေး လုပ်ငန်းရှင်များသည် ကြံ့ဖွံ့ပါတီ ငွေကြေးအင်အားတောင့်တင်းစေရန် လှူဒါန်းမှုများ ပြုလုပ်သကဲ့သို့ တချို့ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့်  ကြံ့ဖွံ့ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် သက်ဆိုင်ရာ ဒေသများမှဝင်ရောက် ယှဉ်ပြိုင်သွားမည် ဟု သူက ဧရာဝတီကိုပြောသည်။

စစ်အစိုးရ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီသည် ငွေအင်အား လူအင်အား အပြည့်ဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ရန် အသင့်ဖြစ်နေသော်လည်း ရွေးကောက်ပွဲဝင်ရောက်မည့် အခြားပါတီများမှာမူ ရန်ပုံငွေ မလုံလောက်ခြင်း၊ ကိုယ်စားလှယ် လောင်း တဦးလျှင် ကျပ်ငွေ ၅ သိန်း ပေးသွင်းရန်အခက်အခဲရှိခြင်းတို့ ကြုံတွေ့ခဲ့ရသည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ ရှိသကဲ့သို့ ရွေးကောက်ပွဲမ၀င်ရောက်ဘဲ ပါတီ ရန်ပုံငွေ သာ လှူဒါန်းလိုသူများရှိကြောင်း သိရသည်။

“နှစ်ဆန်းပိုင်းတုန်းက အာဏာပိုင်တွေကနေ  စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး မ၀င်မနေရဆိုပြီးပြောခဲ့ဖူးတယ်။ အဲဒီတုန်း ကတည်းက  ဦးတေဇ က  ရွေးကောက်ပွဲ မ၀င်ချင်ဘူး။  ဦးဇော်ဇော်ကတော့ ၀င်ပါ့မယ်ဆိုပြီး ပြောခဲ့တယ်။ အခု နောက်ဆုံး အာဏာပိုင်တွေက သူတို့ ကြံ့ဖွံ့ပါတီက ဘယ်လိုပြိုင်ပြိုင်နိုင်နေတဲ့ အနေအထားမှာ ရှိနေပြီဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ကို မ၀င်ချင်လည်းနေလို့ရတယ်လို့ ပြန်ပြောလိုက် တယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ယုဇန ကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့်သည်  ကြံ့ဖွံ့ပါတီကိုယ်စားပြု  ကိုယ်စားလှယ်လောင်းအနေနှင့် တနသာင်္ရီတိုင်း မြိတ်မြို့မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ယင်းနှင့်နီးစပ်သူများထံမှ သိရသည်။

အခမ်းအနားတွင် ၀န်ကြီးချုပ် ဦးသိန်းစိန်သည် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး ကောက် ပွဲကြီး အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူတရပ်လုံး ၀ိုင်းဝန်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်း ပြော ကြားခဲ့သည်။

စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ၊ တစည ပါတီက နိုင်ငံ တ၀န်း ကိုယ်စားလှယ်ပေါင်း ၉၇၅၊ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၆၀ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီ(SNDP)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၅၇ ဦး ဖြင့် ပါဝင် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း People's Daily online တရုတ် သတင်းတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်