နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် သုံးဦး ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲဝင်မည်

E-mail Print
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်သော ဇေကမ္ဘာ ဦးခင်ရွှေ၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ယုဇန ဦးဌေးမြင့်တို့သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြသည်။

ရွေးကောက်ပွဲ၌ ဇေကမ္ဘာ ဦးခင်ရွှေသည် ရန်ကုန်တိုင်း တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး ဒေသများကို ကိုယ်စားပြု၍ အမျိုးသား လွှတ်တော်မှ လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စစ်ကိုင်းတိုင်း ရွေဘိုခရိုင် (တန့်ဆည်၊ ကန့်ဘလူ၊ ရေဦး၊ ကျွန်းလှ) ဒေသ ကိုယ်စားပြု၍
အမျိုးသားလွှတ်တော်မှ လည်းကောင်း၊ ယုဇန ဦးဌေးမြင့်သည် တနင်္သာရီတိုင်း မြိတ်ဒေသ ကိုယ်စားပြု၍ အမျိုးသား လွှတ်တော်မှ လည်းကောင်း ၀င်ပြိုင်ကြမည်ဟု သိရသည်။

“ကျနော်က နိုင်ငံရေးသမား မဟုတ်ပါဘူး။ နိုင်ငံတော်က ဒီနေရာက ၀င်ပြိုင်ပါဆိုလို့ ၀င်ပြိုင်ရတာပါ။ ကြံ့ခိုင်ရေးပါတီက ၀င်မှာပါ” ဟု ဇေကမ္ဘာ ဦးခင်ရွှေက ဧရာဝတီသို့ ပြောသည်။

ဦးခင်ရွှေသည် မော်လမြိုင်ဇာတိဖြစ်သော်လည်း နအဖ အစိုးရ၏ တိုက်တွန်းချက်အရ တွံတေးဒေသမှ ၀င်ပြိုင်ရခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ဆိုသည်။

ထို့အပြင် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာသည် တွံတေးဒေသ ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်၊ စွမ်းအင် ၀န်ကြီးဌာန ၀န်ကြီး ဦးလွန်းသီသည် ကော့မှုးဒေသ ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်အတွက် ကြံ့ဖွံ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

နိုင်ငံရေးပါတီများမှ အမည်စာရင်းတင်သွင်းသော ကိုယ်စားလှယ်များသည် လွှတ်တော်သုံးရပ်မှ နေရာ ၁၁၈၇ နေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် ၃၃၀ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၆၈ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၆၈၉ နေရာတို့ ဖြစ်ကြသည်။   

ကြံ့ဖွံ့ပါတီ ကိုယ်စားပြုပြီး  ရွေးကောက်ပွဲဝင်မည့် ၀န်ကြီးများနှင့် စီးပွာရေးလုပ်ငန်းရှင်များသည် မိမိတို့သက်ဆိုင်ရာ ဒေသများသို့ မကြာခဏ သွားရောက်၍ စည်းရုံးရေးကိစ္စများ လုပ်ဆောင်လျက်ရှိသည်။

“ကျနော်က စည်းရုံးစရာ မလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာဂစ်ပြီးကတည်းက ဒီဒေသတွေမှာ သိန်းပေါင်း၂ သောင်းခွဲကျော် လှုထားပြီးပြီ။ ဒီဒေသက လူတွေကလည်း ကျနော့်ကို လက်ခံကြမှာပါ။ တကယ်လို့ သူတို့လက်ခံရင် ကျနော် လုပ်ပေးနေရဦးမယ်။ လက်မခံရင်လည်း ကိုယ့်နေရာကိုယ် ပြန်ရောက်သွားတာပေါ့” ဟု ဦးခင်ရွှေက ဆိုသည်။

ဦးခင်ရွှေ သည် ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း စသည့်စီးပွားရေး လုပ်ငန်းအများအပြား ပိုင်ဆိုင်ထားပြီး မကြာသေးမီက စစ်တပ်မှ အနားပေးခြင်း ခံလိုက်ရသည်ဟု သတင်းများထွက်နေသော စစ်တပ်၏ နံပတ် ၃ ခေါင်းဆောင်
ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူလည်း ဖြစ်သည်။ ဦးခင်ရွှေ၏ သမီးနှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏ သားတို့မှာ လက်ထပ်ထားခြင်းဖြစ်သည်။

ဦးဝင်းမြင့်သည် UMFCCI ၏ ဥက္ကဋ္ဌ သက်တမ်းအား ၅ ကြိမ်ဝန်းကျင် တာဝန်ယူထားသူဖြစ်သည့်အပြင် စီးပွားရေး လုပ်ငန်း အများအပြား လုပ်ကိုင်နေသူ တဦးလည်းဖြစ်သည်။  ဦးဝင်းမြင့်သည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တန့်ဆည်ဇာတိ ဖြစ်ကြောင်း သိရသည်။

UMFCCI သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း တခုဖြစ်ပြီး အသင်းဝင်များသည် မည်သည့်
နိုင်ငံရေးပါတီဝင်မျှ မဖြစ်ရဟု အသင်း၏ ဖွဲ့စည်းပုံ ဥပဒေပါ စာပိုဒ်အား ၂၀၀၉ ခုနှစ်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် အစည်းအဝေးတွင် တရားဝင် ပယ်ဖျက်ထားပြီးဖြစ်၍ မည်သည့် အသင်းဝင်မဆို လွှတ်လပ်စွာ နိုင်ငံရေးလုပ်နိုင်ကြောင်း အသင်း၏ ဗဟို အလုပ်မှုဆောင် တဦးက ဧရာဝတီသို့ ရှင်းပြသည်။

UMFCCI ၏ အထွေထွေအတွင်းရေးမှုး ဒေါက်တာ မောင်မောင်လေးက “အသင်းက ပုဂ္ဂိုလ်တချို့ ရွေးကောက်ပွဲ ၀င်ကြမယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်ကတော့ မ၀င်ပါဘူး။ လက်ရှိတာဝန်ကိုပဲ ဆက်လက် ထမ်းဆောင်သွားမှာပါ” ဟု ဧရာဝတီသို့ ဖြေကြားသည်။

အသင်း၏ ဥက္ကဋ္ဌ ရွေးကောက်ပွဲ ၀င်မည်ဖြစ်သော်လည်း ဥက္ကဋ္ဌနေရာ အပြောင်းအလဲအတွက်မူ ကြိုတင် မပြောနိုင်သေးကြောင်းလည်း ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ယုဇန ဦးဌေးမြင့်သည် ဆီအုန်းလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စသည့် စီးပွားရေးလုပ်များ လုပ်ကိုင်နေသူတဦး ဖြစ်သည်။

ဦးခင်ရွှေ၊ ဦးဝင်းမြင့်၊ ဦးဌေးမြင့် တို့ကဲ့သို့ ရွေးကောက်ပွဲ ၀င်မည်ဟု နာမည်ကြီးနေသော ဦးတေဇ (ထူးကုမ္ပဏီ)၊ ဦးဇော်ဇော် (မက်စ်မြန်မာ) တို့ကမူ ရွေးကောက် ၀င်ပြိုင်ရန် အစီအစဉ် မရှိဟု ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦးက ဆိုသည်။ ထို့အတူ ဧဒင်စီးပွားရေး လုပ်ငန်းစုများပိုင်ရှင် ဦးချစ်ခိုင်သည်လည်း ရွေးကောက်ပွဲ၌ ၀င်ပြိုင်ရန် အစီအစဉ် မရှိဟု သိရသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားပြု၍ ရွေးကောက်ပွဲ ၀င်ရန်ပြင်ဆင်နေကြသည့် ၀န်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ကျပ်ငွေ သိန်းပေါင်းများစွာ အကုန်အကျခံ လုပ်ဆောင်နိုင်သော်လည်း ရွေးကော်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင် ရန်ပြင်ဆင်နေကြသည့် တခြားသော နိုင်ငံရေးပါတီ အများစုမှာမူ ငွေကြေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ပါတီခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။

“နိုင်ငံသားတိုင်းက ရွေးကောက်ပွဲကို ၀င်ပြိုင်နိုင်ပါတယ်။ စီးပွားရေးသမားဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် နိုင်ငံတကာမှာတော့ စီးပွားရေးသမားက ရွေးကောက်ပွဲကို ၀င်မပြိုင်ဘဲ နောက်ကွယ်ကပဲ ထောက်ပံ့တာတွေ့ရတယ်။ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ပြည်သူတွေအတွက် လုပ်မယ်ဆိုရင်တော့ စီးပွားရေးသမားလည်း ကြိုဆိုရမှာပါ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)
ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

စစ်အစိုးရက နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် ကြေညာထားပြီး ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ၄၂ ပါတီ မှတ်ပုံတင်ခွင့် ရရှိထားသည်။

ပါတီ ၄၂ ပါတီ အနက် ၃၃ ပါတီမှာ ပါတီဝင်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်