ဧရာဝတီ အယ်ဒီတာ နိုင်ငံတကာ စာနယ်ဇင်းဆု ချီးမြှင့်ခံရ

E-mail Print
ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနမှ အယ်ဒီတာ ကိုအောင်ဇော် ကို သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်မှုကြောင့် Prince Claus Award ဆု ချီးမြှင့်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

Aung Zaw_metal“သတင်းလွတ်လပ်ခွင့် အပေါ် အခိုင်အမာရပ်တည်ပြီး မြန်မာပြည် ဒီမိုကရေစီ အစိုးရ ပေါ်ထွန်းရေးအတွက် မဆုတ်မနစ် အားထုတ်ကြိုးပမ်းနေတဲ့ သူ့ရဲ့ စံနမူနာယူစရာ ဆောင်ရွက်ချက်တွေအတွက် ကိုအောင်ဇော်ကို ဂုဏ်ပြုတာပါ” ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤဆုကို နယ်သာလန်အခြေစိုက် Prince Claus Fund က ၁၉၉၇ ခုနှစ်မှ စတင်၍ အာဖရိက၊ လက်တင်အမေရိက၊ အာရှနှင့် ကာရစ်ဘီယံ ဒေသရှိ အနုပညာရှင်များ၊ အသိပညာရှင်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများကို နှစ်စဉ်ချီးမြှင့်သည်။

ကိုအောင်ဇော်က “ဒီဆုကို လက်ခံရရှိတဲ့အတွက် အထူးပဲ ၀မ်းမြောက် ဂုဏ်ယူပါတယ်။ ဒီဆုကို ကျနော် တယောက်တည်း ရတယ်လို့ မခံယူပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံရင်း အမှန်တရားအတွက် တင်ပြနေတဲ့ ပြည်တွင်းက သတင်းသမားတွေ၊ အယ်ဒီတာတွေ၊ ဘလော့ဂါတွေနဲ့ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ သတင်းသမားတွေကိုယ်စား ကျနော် လက်ခံရယူမှာပါ” ဟု ပြောသည်။

“ဒါ့အပြင် ကျနော်ရဲ့ ဧရာဝတီ ၀ိုင်းတော်သားတွေ၊ ပြည်တွင်းက ဧရာဝတီ သတင်းထောက်တွေ၊ ပြီးတော့ မြန်မာ့ ဒီမိုကရေစီရေး အတွက်အမှန်တကယ် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကွယ်လွန်သွားခဲ့တဲ့ 'ဆမ် ကလျာဏီ' နဲ့ ဆက်လက် ဆောင်ရွက်ဆဲ နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက်တွေ အတွက် ဒီဆုကို ကျနော် ရခဲ့တာလို့လည်း ခံယူပါတယ်” ဟု ကိုအောင်ဇော်က ဆက်လက် ပြောဆိုသည်။

ယင်းဆုကို ကိုအောင်ဇော်က စာနယ်ဇင်းသမားတဦး အနေဖြင့် လက်ခံရရှိခြင်း ဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ကဗျာဆရာကြီး ဦးတင်မိုးက စာပေ အနုပညာဖန်တီးမှု အတွက် လက်ခံရရှိခဲ့ဖူးသည်။ ယခုနှစ်တွင် ကိုအောင်ဇော်နှင့်အတူ စာနယ်ဇင်းသမားများဖြစ်သည့်  ကျူးဘား နိုင်ငံသား Yoani Sánchez နှင့် အီရန်နိုင်ငံမှ Mehrdad Oskouei တို့ကလည်း ရရှိသည်။

ကိုအောင်ဇော်သည် ၁၉၈၇ ခုနှစ်တွင် စစ်အာဏာပိုင်များကို ဆန့်ကျင်ရန် ရည်ရွယ်သော မြေအောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။

၁၉၈၈ လူထု အုံကြွမှုတွင် အကြိမ်ကြိမ် အဖမ်းခံခဲ့ရကာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာခဲ့သည်။

ကိုအောင်ဇော်သည် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို နိုင်ငံတကာသို့ တင်ပြနိုင်ရန် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် လွတ်လပ်သော ဧရာဝတီ သတင်းဌာနကို ၁၉၉၃ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဧရာဝတီ အင်တာနက် သတင်းစာမျက်နှာကို တိုးချဲ့နိုင်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်