နယ်စပ်ကုန်သွယ်ရေး ဖွင့်ထားပေးဟု ဆို

E-mail Print
ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ပုံမှန် တင်သွင်းနိုင်ရေးအတွက် ကော့သောင်း နယ်စပ်နှင့် တာချီလိတ် နယ်စပ် တို့မှ ပို့ကုန် သွင်းကုန် လိုင်စင်များကို သက်ဆိုင်ရာ အာဏာပိုင်များက အမြန်ဆုံး လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတားကို ယနေ့အထိ ပိတ်ထားသော်လည်း ထိုင်းကုန်ပစ္စည်းများ တင်သွင်းခွင့်အား ကော့သောင်း၊ တာချီလိတ်တို့ဘက်မှ ပုံမှန်တင်သွင်းခွင့်ကို ဥပဒေနှင့်အညီ လုပ် ဆောင်ပေးနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိ တဦးက ဧရာဝတီ သို့ ပြောသည်။

ကော့သောင်းနှင့် တာချီလိတ်တို့တွင် ရုံးခွဲများထား၍ လိုင်စင်အမြန် ထုတ်ပေးနေသည်မှာ တလခန့်ရှိနေပြီ ဖြစ်ကြောင်း၊ အသေးစိတ် ဆောင်ရွက်ခြင်းကို နေပြည်တော်က တိုက်ရိုက် ကိုင်တွယ်ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောသည်။

အာဏာပိုင်များက လိုင်စင်များ အလွယ်တကူ လုပ်ပေးနေသည်ဟု ဆိုသော်လည်း လိုင်စင်အမှန်တကယ် ရရှိသူများမှာ စစ်အစိုးရ၀န်ကြီးများနှင့် လုပ်ငန်းစပ်တူ လုပ်နေသူများ၊ အာဏာပိုင်များနှင့် နီးစပ်သူများသာဖြစ်ကြောင်း၊ လိုင်စင် ထုတ်ပေး နေခြင်းမှာလည်း ဟန်ပြသာဖြစ်ကြောင်း တာချီလိတ် ဒေသခံ ကုန်သည်တဦးက ဆိုသည်။

“လိုင်စင်တွေ လုပ်ပေးနေတယ် ဆိုပေမယ့် ကုန် အ၀င်အထွက်က ပုံမှန်ပါပဲ။ သိသိသာသာ ပြောင်းလဲသွားတာ မရှိသေးဘူး။ ကုန်သည်တွေက မြ၀တီဘက်ကပဲ နည်းလမ်းမျိုးစုံနဲ့ သွင်းနေကြတယ်”ဟု အဆိုပါ ကုန်သည်က ပြောသည်။

ပို့ကုန် သွင်းကုန်များ တရားဝင် ထုတ်ပေးနေချိန်`y တာချီလိတ်နယ်စပ်တွင် တရားမ၀င် လိုင်စင်မဲ့ကား တင်သွင်းခြင်းကို နယ်စပ် လူဝင်မှုကြီးကြပ်ရေး အရာရှိ ကိုယ်တိုင် လုပ်ဆောင်နေကြောင်း၊ တနေ့လျှင် လိုင်စင်မဲ့ကားစီးရေ ၂၀ ၀န်းကျင် တင်သွင်းနေကြောင်းလည်း တာချီလိတ် ဒေသခံများထံမှ သိရသည်။

မြ၀တီဘက်တွင်လည်း နယ်စပ်တံတားနှင့် ဂိတ်များကို ဆက်တိုက် ပိတ်ထားသည့်တိုင် ထိုင်းနိုင်ငံမှ ကားစီးရေ ၁၀ စီး၊ ၁၅ စီး ခန့် ရန်ကုန်မြို့သို့ နေ့စဉ် ဝင်နေကြောင်း မြ၀တီမြို့ခံ ကုန်သည်တဦးက ပြောသည်။

“ရန်ကုန်ကလာတဲ့ပစ္စည်းဆိုရင် ဘာပစ္စည်းမှ မြ၀တီကို လာလို့မရဘူး။ သထုံကနေ ဆီးဖမ်းတယ်။ ပစ္စည်းသိမ်းတယ်။ မြ၀တီကနေ ရန်ကုန်ကို သွားမယ်ဆိုရင် ပိုက်ဆံပေးလိုက်ရင်၊ သက်ဆိုင်ရာ လူကြီးဆီကို ဖုန်းလှမ်းဆက်လိုက်ရင် သွားလို့ရ တယ်။ အဓိကသွားနေတာက ၀န်ကြီးတွေ ရှယ်ယာပါထားတဲ့ ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေပါ”ဟု အဆိုပါ ကုန်သည်က ရှင်းပြ သည်။

မြ၀တီ နယ်စပ်တံတားနှင့် ဂိတ်များ ပိတ်ထားသော်လည်း နယ်စပ်ဂိတ်ပေါက် တချို့သည် ယခုရက်ပိုင်းအတွင်း ညဘက်သာ မက နေ့ခင်းဘက်တွင်ပါ ကုန်ပစ္စည်းများ တင်သွင်းနေကြောင်း၊ တင်သွင်းလာသည့် ပစ္စည်းများအား မြ၀တီကုန်စည်ဒိုင်သို့ အ၀င်ပြကာ ယင်းမှတဆင့် ရန်ကုန်ကို တင်ပို့ကြောင်း သိရသည်။

မြ၀တီ ကုန်စည်ဒိုင်မှ တဆင့် ၁၂ ဘီး ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်ကာ စစ်ဆေးရေးဂိတ်၌ ကုန်စည်ဒိုင်တွင် သိုလှောင် ထားရာမှ ယူဆောင်လာသည်ဟုဆိုကာ ငွေပေး၍ ရန်ကုန်ကို ပို့ဆောင်နေကြကြောင်း ကုန်သည်များက ဆိုသည်။

“မြ၀တီဘက်က ငွေပေးရပေမယ့် ကုန်ပစ္စည်းသယ်ရတာ လွယ်တယ်၊ မြန်တယ်လေ။ တာချီလိတ်တို့၊ ကော့သောင်းတို့ ဘက် က တခေါက်ဆိုရင် မြ၀တီဘက်က ၂ ခေါက်လောက် ကုန်ပစ္စည်း သွင်းနိုင်တယ်။ ကုန်ကျစရိတ်လည်း သက်သာတယ်။ ဒီတော့ ကုန်သည်တွေက မြ၀တီဘက် လမ်းကြောင်းကိုပဲ ရွေးကြတယ်”ဟု မြ၀တီမြို့မှ ကုန်သည် တဦးက ပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ လက်ရှိတင်သွင်းနေသော ပစ္စည်းများမှာ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စားသောက်ကုန် ပစ္စည်းများအပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများပါ တင်သွင်းနေကြောင်း သိရသည်။

အဓိက ပစ္စည်းများမှာ အချိုရည် မျိုးစုံ၊ မုန့်၊ အချိုမှုန့်၊ အထည်စ၊ အ၀တ်အထည်များ၊ ဖိနပ်၊ ဓာတ်မြေသြဇာ စသည့် ကုန်ပစ္စည်းများ တင်သွင်းကြောင်း ကုန်သည်များက ပြောသည်။

စစ်အစိုးရသည် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားအား ဇူလိုင်လ ၁၇ ရက်နေ့မှ စ၍ ပိတ်ထားသည့်အပြင် မြ၀တီမြို့ရှိ ကုန်သွယ်ရေးဇုန်ကိုလည်း ဇူလိုင်၂၈ ရက်တွင် ပိတ်ထားသည်။

နယ်စပ် ပိတ်ထားခြင်းနှင့်စပ်လျဉ်း၍ စစ်အစိုးရ အာဏာပိုင်များက အကြောင်းပြချက် တစုံတရာ မပေးသော်လည်း စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ယူထားသည့် တပ်ဖွဲ့များကို ထိန်းချုပ်လိုသည့် ရည်ရွယ်ချက်လည်း ရှိပုံရကြောင်း မဲဆောက်မှ နိုင်ငံရေး အကဲခတ်တဦးက ပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ် သန်းတစ်ထောင် (ကျပ် သန်း ၃၀၀၀ ) ၀န်းကျင် ရှိပြီး မြန်မာနိုင်ငံမှ ထိုင်းသို့ပို့ကုန်တန်ဖိုးမှာ ဘတ် သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀ ) ၀န်းကျင်ရှိကြောင်း သိရသည်။

အာဏာပိုင်များသည် ကော့သောင်းနှင့် တာချီလိတ်နယ်စပ်များမှ ပို့ကုန် သွင်းကုန် လိုင်စင်များ ထုတ်ပေးရာတွင် သြဂုတ်လအတွင်း ကော့သောင်းနယ်စပ်၌ လိုင်စင်အရေအတွက်ပေါင်း ၂၀ ၀န်းကျင် (အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး) ဖိုးနှင့် တာချီလိတ် နယ်စပ်မှ (အမေရိကန်ဒေါ်လာ ၂ သိန်းနီးပါး) ဖိုး ခွင့်ပြုပေးခဲ့ကြောင်း ပြည်တွင်းထုတ် 7 Day ဂျာနယ်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်