ဘာသာရေး ဖိနှိပ်မှု ချင်း ခရစ်ယာန်များ ဆန္ဒပြ

E-mail Print
ဘာသာရေး လွတ်လပ်ခွင့် ထိပါး နှောင့်ယှက်မှုများ ပြုလုပ်နေသည့် စစ်အစိုးရကို တားမြစ် အရေးယူပေးရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ အိန္ဒိယရောက် မြန်မာနိုင်ငံသား ခရစ်ယာန် ဘာသာဝင် ဒုက္ခသည်များက ယနေ့ တောင်းဆိုလိုက်သည်။

ခရစ်ယာန် ဘာသာဝင် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ဒေသများရှိ အထိမ်းအမှတ် လက်ဝါးကားတိုင်များကို ဒေသခံ အာဏာပိုင်များက ဖိအားပေးဖြိုလှဲဖျက်ဆီးမှုများ ပြုနေသည့်အပြင် ဘာသာဝင်များကိုလည်း ဖိနှိပ်မှုများပြုနေသောကြောင့် အရေးယူမှုများ ပြုလုပ်ပေးရန် အိန္ဒိယ အစိုးရ အပါအ၀င် နိုင်ငံတကာရှိ အစိုးရနှင့် အဖွဲ့အစည်းများသို့ စာများပေးပို့ပြီး နယူးဒေလီမြို့ ဂျန်တား မန်တား ပန်းခြံတွင် မြန်မာဒုက္ခသည် ၁၀၀ ကျော်တို့က ဆန္ဒပြ တောင်းဆိုကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ် ချောင်းရိုးကျေးရွာ၏ ဆုတောင်း ဥယျာဉ် တောင်ကုန်းပေါ်၌ စိုက်ထူထားသော အမြင့် ၂၃ ပေ၊ အနံ ၃ ပေ၊ ထု ၁ ပေ ခန့်ရှိ အင်္ဂတေ လက်ဝါးကပ်တိုင်ကို သာသနာ ရေး ၀န်ကြီးဌာန၏ အမိန့်အရဆိုကာ ဒေသခံ အာဏာပိုင်များက ဖိအားပေး ဖြိုလှဲစေခဲ့ကြောင်း၊ အလားတူ အဖြစ်မျိုး ဟားခါး၊ တီးတိန်၊ ဖလမ်း၊ ထမ်တလန် စသည့် ဒေသများတွင်လည်း ဖြစ်ခဲ့ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သည့် ကိုစလုံ က ပြောသည်။

၂၀၀၂ ခုနှစ် မတ်လ အတွင်းကလည်း မတူပီမြို့နယ်ရှိ လက်ဝါးကပ်တိုင်ကို ဒေသခံ အာဏာပိုင်များက ဖြိုလှဲပစ်ခဲ့သည်ဟု  ၎င်းက ဆိုသည်။

“စစ်အစိုးရဟာ သူကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုလည်း မထီမဲ့မြင်ပြုတယ်၊ စက်တင်ဘာ တော်လှန်ရေးဟာ အထင်အရှားပဲ။ ဒီတော့ လူနည်းစု ခရစ်ယာန် ဘာသာဝင်တွေ၊ အစ္စလမ် ဘာသာဝင်တွေ၊ တခြားဘာသာဝင်တွေကို ဖိနှိပ်တာကတော့ ပြောဖို့ မလိုတော့ဘူး။ ဘာသာရေး လွတ်လပ်ခွင့်ရှိတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာ လုံးဝ မဟုတ်ဘူး”ဟု ကိုစလုံ က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရကို အရေးယူပေးရန် တောင်းဆိုစာများကို အိန္ဒိယ သမ္မတ၊ ၀န်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး စသည့် အစိုးရ အဖွဲ့ အစည်းများနှင့် အိန္ဒိယရှိ နိုင်ငံတကာ သံရုံးများသို့ ပေးပို့ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ကျနော်တို့ ချင်း၊ ကချင်၊ ကယား၊ ကရင် တိုင်းရင်းသားတွေ အများစုက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြတယ်၊ လူနည်းစု ကလည်းဖြစ်နေတော့ ကျနော်တို့ တိုင်းရင်းသားတွေကို လူမျိုးပျောက်အောင်၊ ဘာသာပျောက်အောင် စစ်အစိုးရရဲ့ ဖိနှိပ်မှု တွေ၊ ဘာသာ မတူသူချင်း ပြဿနာတက်အောင် လုပ်တာတွေလည်း အများကြီးကြုံနေကြရတယ်”ဟုလည်း ကိုစလုံ က ဆို သည်။

ဆန္ဒပြပွဲတွင် ပါဝင်သူများက မြန်မာနိုင်ငံတွင်း ဘာသာရေးလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် စုပေါင်း ၀တ်ပြု ဆုတောင်းမှုများလည်း ပြုလုပ်ခဲ့သည်။

ဝတ်ပြုဆုတောင်းရာတွင် ပါဝင်သည့် ချင်းအမျိုးသား ခရစ်ယာန် သင်းအုပ်ဆရာ တဦးက“အားလုံး ကူညီလုပ်ဆောင်ဖို့ မေတ္တာရပ်ခံပါတယ်။ အတူတကွ စုပေါင်းလုပ်ကြရင် ကျနော်တို့မျှော်လင့်တဲ့ အခွင့်အရေး ရမယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ပြောဆိုသည်။

ခရစ်ယာန် ဘာသာဝင် အများစုနေထိုင်သည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ခရစ်ယာန် ဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် လက်ဝါးကပ်တိုင်များကို မီးရှို့ဖျက်ဆီးမှုများလည်း ရှိခဲ့ဖူးကြောင်း သိရသည်။

“စစ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ လုပ်နေတဲ့ ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုတွေ၊ ဘာသာရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်ပါ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း စစ်အစိုးရကို အရေးယူဆောင်ရွက်ပေးဖို့ ကျနော်တို့ တောင်းဆိုပါ တယ်”ဟု ကိုစလုံက ဆိုသည်။

လက်ဝါးကပ်တိုင် သင်္ကေတသည် ခရစ်ယာန်ဘာသာဝင်များ သက်ဝင်ယုံကြည်ကိုးကွယ်သည့် ယေရှုခရစ်တော် အသေခံ ရာ အပြစ်ဖြေလွှတ်ခြင်း၏ အထိမ်းအမှတ်ဖြစ်ပြီး အဆိုပါ အမှတ်အသားကို တွေ့မြင်နေရခြင်း၊ ဆောင်ထားခြင်းဖြင့် စိတ်ငြိမ်းအေးခြင်းဖြစ်စေသည်ဟု ယုံကြည်မှုများလည်း ရှိသည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး ခရစ်ယာန် ဘာသာမှာ ၄ ရာခိုင်နှုန်း၊ အစ္စလမ် ဘာသာမှာ ၄ ရာခိုင်နှုန်းနှင့် တခြားဘာသာမှာ ၃ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်