အနှောင့်အယှက် မရှိဟု တစည ငြင်းဆို

E-mail Print
ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးမှု လုပ်ဆောင်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက နှောင့်ယှက်နေသည် ဟူသော သတင်းများမှာ မဟုတ်မှန်ကြောင်း ပါတီ၏ ပြောရေး ဆို ခွင့်ရှိသူ ဦးဟန်ရွှေ က ငြင်းဆို လိုက်သည်။

“ကန့်သန့်ချုပ်ချယ်မှုတွေ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပါတီက ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်းပဲ စည်းရုံးနေတာပါ၊ နောက်တခုက ကျနော်တို့ပါတီက အခွင့်ထူးခံ ပါတီလည်း မဟုတ်ပါဘူး”ဟု ဦးဟန်ရွှေက ဧရာဝတီ သို့ ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ၄၂ ပါတီ မှတ်ပုံတင်ခွင့် ရရှိထားသော်လည်း ပါတီအများစုမှာ စည်းရုံးရေး ကိစ္စများကို လွတ်လပ်စွာလုပ်ဆောင်ခွင့် မရကြသေးကြောင်း ပါတီ ခေါင်းဆောင်များ က ပြောသည်။

လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)နှင့် တစည ပါတီ ၂ ပါတီ ကမူ  နိုင်ငံတ၀န်း၌ နည်းလမ်းပေါင်းစုံသုံး၍ စည်းရုံးရေး လုပ်ဆောင်လျက်ရှိသည်။

ကြံ့ဖွံ့ပါတီနှင့် တစည ပါတီတို့သည် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးမှုတွင် အပြန်အလှန် ပုတ်ခတ် ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

ထိုသို့ ပြောဆို စည်းရုံးမှုများကြောင့် သြဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၌ တစည ပါတီ၏ စည်းရုံးရေးမှူး တချို့အဖမ်းခံ ရကြောင်း ပြည်ပ အခြေစိုက် မီဒီယာ တခုတွင် ရေးသားထားခြင်းနှင့်ပတ်သက်၍ တစည ပါတီ၏ တာဝန်ရှိသူ တဦးထံ ဧရာဝတီ က ဆက်သွယ် မေးမြန်းခဲ့သော်လည်း“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ မရှိဘူး” ဟု ဖြေကြားခဲ့သည်။

ကြံ့ဖွံ့ပါတီဝင်များသည် ရန်ကုန်တိုင်း၏ နေရာအများစုတွင် စည်းရုံးရေးကိစ္စများ လုပ်ဆောင်လျက်ရှိပြီး ရွေးကောက်ပွဲ၌ တစည ပါတီအား မဲ မပေးရန်နှင့် တစည ပါတီ၏ အားနည်းချက်များကို ကြံ့ဖွံ့ပါတီ၏ အမတ်လောင်းတဦးဖြစ်သူ ဦးဝင်း
နောင်က ပြောဆိုသွားကြောင်း သိရသည်။

“ဘယ်သူတွေကပဲ ပုတ်ခတ်ပြောဆိုဆို ကျနော်တို့ကတော့ မပုတ်ခတ်ပါဘူး၊ ပုတ်ခတ်ပြောဆိုနေပေမယ့် ပြည်သူတွေအပေါ် မှာ မူတည်ပါတယ်၊ ပြည်သူတွေက အတွေ့အကြုံ ရှိပြီးသားပါ၊ ပြည်သူတွေကို ဆရာ သွားလုပ်လို့ မရပါဘူး၊ ပြည်သူတွေ က လည်း ၉၀ တုန်းက ပြည်သူတွေ မဟုတ်တော့ပါဘူး၊ ကျနော်တို့ ပါတီ အပေါ်မှာ နားလည်လာကြပါပြီ”ဟု ဦးဟန်ရွှေ က ဆို သည်။

၎င်းတို့ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် နေရာအများအပြား ၀င်ပြိုင်ခဲ့သော်လည်း မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကယား ပြည်နယ်၊ ချင်း ပြည်နယ် စသည့် ဒေသများ၌ ၁၂ နေရာ အနိုင်ရခဲ့ကြောင်း၊ တစည ပါတီသည် ထိုအချိန်က အဆိုးဆုံး အခြေ အနေ ရှိခဲ့သော်လည်း ယခုအခါ အခြေအနေ ကောင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ဦးဟန်ရွှေ က ဆက်ရှင်းပြသည်။

ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး တဦးက ပြောဆိုရာတွင် ကြံ့ခိုင်ရေးပါတီသည် စည်းရုံးရေးကိစ္စများကို မလုပ်ဆောင် သေးကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီ၏ အမတ်ဦးရေ စာရင်း တင်ထားဆဲ ဖြစ်၍ အမတ်ဦးရေ အတိအကျအား ကော်မရှင်က ထုတ်ပြန်ပေးမည့် စက်တင်ဘာ ၁၀ ရက်နေ့ နောက်ပိုင်းမှသာ စည်းရုံးရေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။

တစည ပါတီ၏ စည်းရုံးရေးမှူး တချို့သည် မိမိတို့နှင့်သက်ဆိုင်သည့် ပြည်နယ်နှင့်တိုင်းများသို့သွားရောက်ကာ စည်းရုံးရေး၊ ပါတီဝင်များနှင့်တွေ့ဆုံရေး တို့အတွက် လုပ်ဆောင်နေကြောင်း၊ ပြည်နယ်နှင့်တိုင်းအားလုံးတွင် လွှတ်တော် သုံးရပ်စလုံး၌ ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၈၀ ကျော်အား ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ထားကြောင်း၊ ရှမ်းပြည်နယ်တွင် မြို့နယ် ၅၀ ၀န်းကျင်ရှိသော်လည်း မြို့နယ် ၃၀ တွင် ၀င်ပြိုင်နိုင်င်မည် ဖြစ်ကြောင်းလည်း ဦးဟန်ရွှေ က ပြောသည်။

ပြည်သူ့လွှတ်တော် အတွက်  ကိုယ်စားလှယ်လောင်း ၂၉၄ ဦး၊ အမျိုးသားလွှတ်တော် အတွက် ၁၄၉ ဦးနဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၃၇ ဦး ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားပြီး စုစုပေါင်း ၉၈၀ ဖြစ်ကြောင်းလည်း တစည ပါတီ၏ နိုင်ငံရေးဌာနကြီးမှူး ဦးအောင်ငွေ က ဧရာဝတီသို့ ပြောသည်။ ကိုယ်စားလှယ်လောင်း အပြောင်းအလဲ တချို့ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။

တစည ပါတီတွင် ပါတီမူဝါဒ ပေါင်း ၂၁ ချက်ပါရှိသည့် အနက် အဓိက သုံးချက်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရေးတို့ဖြစ်သည်ဟု သိရသည်။

တစည ပါတီ သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမွေခံထားသော၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သော ပါတီ ဖြစ်သည်။

မြန်မာ စစ်အစိုးရသည် အထွေထွေရွေးကောက်ပွဲအား ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် ကြေညာထားသည်။ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၂ ပါတီ မှတ်ပုံတင်ခွင့်ရရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အားစာရင်း တင်ပြသောပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်