လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးသည့်လုပ်ငန်းများ ရပ်ဆိုင်း

E-mail Print
လိုင်စင်မဲ့ကားများကို စိစစ်၍ တန်ဖိုးသတ်မှတ် အခွန်ဆောင်စေရာတွင် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်လာသည့်အတွက် မြို့နယ် ၅ မြို့နယ်တွင် လိုင်စင်မဲ့ကား တရားဝင်လိုင်စင်ထုတ်ပေးသည့် လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။

th-mm-carရှမ်းပြည်နယ်အတွင်းရှိ တာချီလိတ်၊ ကျိုင်းတုံနှင့် မူဆယ်မြို့နယ် များတွင်လည်းကောင်း၊ ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ်နှင့် ဘားအံမြို့နယ် အတွင်းတွင်လည်းကောင်း လိုင်စင်မဲ့ကားများ တန်ဖိုးသတ်မှတ် စိစစ် အခွန် ဆောင်စေသော လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

လိုင်စင်မဲ့ကားများကို တန်ဖိုးစိစစ်သတ်မှတ်ရာတွင် လာဘ်ပေးသူများကို တန်ဖိုးဖြတ်အဖွဲ့က ကားတန်ဖိုး လျှော့ချသတ်မှတ် ပေးပြီး အခွန်ဆောင်ငွေ လျော့နည်းအောင် လုပ်ဆောင်ပေးကြောင်း၊ လာဘ်မပေးသူများကိုမူ တန်ဖိုးဖြတ်အဖွဲ့က ကားတန်ဖိုးကို ဈေးကွက် ပေါက်ဈေးထက် နှစ်ဆမြင့်မားသော နှုန်းထားသတ်မှတ်ပြီး အခွန်ဆောင်ငွေ များပြားရန် ဆောင်ရွက်မှုကြောင့် ကားပိုင်ရှင်များက မကျေမနပ်ဖြစ်ကာ တိုင်ကြားမှုများ ပြုလုပ်လာသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ကားဈေးသတ်မှတ်တာက ဥပဒေနဲ့အညီ တသမတ်တည်းမဟုတ်ဘူး။ ငွေပေးတဲ့သူ အခွန်နည်းတယ်၊ ငွေမပေးတဲ့သူ အခွန်များတယ်။ အဲဒီလို ကိစ္စတွေအများကြီးဖြစ်တော့ တိုင်တာတွေ ဖြစ်ကုန်တယ်။ နောက်ဆုံး လုပ်ငန်းတွေ ရပ်သွားတယ်” ဟု မူဆယ်မြို့နယ် လိုင်စင်မဲ့ကား ရာဖြတ်အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

လိုင်စင်မဲ့ကား အခွန်ဆောင်သည့် လုပ်ငန်းများ မရပ်ဆိုင်းမီက တာချီလိတ်၊ ကျိုင်းတုံ၊ မူဆယ်၊ ကော့ကရိတ်နှင့် ဘားအံ မြို့နယ်များတွင် အခွန်လာဆောင်သူ လိုင်စင်မဲ့ကားပိုင်ရှင် ရာပေါင်း များစွာ ပြည့်နှက်နေခဲ့သော်လည်း ယခုအခါ လုပ်ငန်းများ ရပ်တန့် လိုက်ခြင်းကြောင့် လိုင်စင်မဲ့ ကားပိုင်ရှင်များ အခွန်ဆောင်ရန် အခက်အခဲဖြစ်နေကြကြောင်း သိရှိရသည်။

“စက်တင်ဘာ ၇ ရက်နေ့မှာ လိုင်စင်မဲ့ကား အခွန်ဆောင်တာတွေ ရပ်သွားတယ်။ အခွန်ဆောင်မယ့် လိုင်စင်မဲ့ကားပိုင်ရှင် ၃၀၀ လောက်က ဘယ်မှာ အခွန်ဆောင်ရမှန်းမသိ ဖြစ်နေကြတယ်” ဟု ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီမှ အရာရှိတဦးက ပြောသည်။

လိုင်စင်မဲ့ကားကို ရာဖြတ်အဖွဲ့က တန်ဖိုးသတ်မှတ်ပြီး ၈၅ ရာခိုင်နှုန်းကို အခွန်ဆောင်စေ၍ လိုင်စင် ထုတ်ပေးခဲ့ရာ
ယင်းသို့ လိုင်စင်ထုတ်ပေးခြင်းကို ဇူလိုင်လမှ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကရင်ပြည်နယ် မြ၀တီမြို့တွင်မူ လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည့်အတွက် သြဂုတ်လ အတွင်းကပင် လိုင်စင်မဲ့ကားများ အခွန်ဆောင် လိုင်စင်ထုတ်ပေးခြင်း ရပ်ဆိုင်းသွားခဲ့ပြီးဖြစ်သည်။

လိုင်စင်မဲ့ကားများ တန်ဖိုးသတ်မှတ်သည့် ရာဖြတ်အဖွဲ့တွင် ပြည်တွင်းအခွန် ဦးစီးဌာနမှ ၀န်ထမ်းများက ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ကားတန်ဖိုး သတ်မှတ်လျက်ရှိရာ လာဘ်ပေးလာဘ် ယူမှုများကြောင့် ပြည်တွင်းအခွန်ဝန်ထမ်းများ နေ့ချင်းညချင်း ကြီးပွားချမ်းသာလာပြီး အဆိုပါ ဌာနအတွင်းရှိ ၀န်ထမ်းအချင်းချင်း အဝေမတည့်မှုများ ဖြစ်ပေါ်လာသည်ဟု သိရသည်။

“ရာဖြတ်အဖွဲ့မှာ ပြည်တွင်းအခွန်ဝန်ထမ်းက ခေါင်းဆောင်၊ တခြားဝန်ကြီးဌာနတွေ ပါပေမယ့် ခေါင်းဆောင်ဖြစ်တဲ့ ပြည်တွင်းအခွန် ၀န်ထမ်းရဲ့ ဆုံးဖြတ်ချက်က အတည်ပဲ။ အခွန်ဆောင် နည်းချင်တဲ့သူက မြို့နယ်ပြည်တွင်းအခွန်မှူးကို ကပ်ပြီး လာဘ်ပေးတော့ အခွန်မှူးတွေ သိန်း ရာချီရတယ်။ နေပြည်တော်မှာရှိတဲ့ ပြည်တွင်းအခွန်ဦးစီးဌာန အရာရှိတွေကလည်း သူတို့မရတော့ ပြဿနာရှာတယ်။ ပြည်တွင်းအခွန် ၀န်ထမ်းအချင်းချင်းကို ပြဿနာတက်နေတာ” ဟု ပြည်တွင်းအခွန် ဦးစီးဌာနနှင့် နီးစပ်သူ စီးပွားရေးသမားတဦးက ဆိုသည်။

လိုင်စင်မဲ့ကားများ တန်ဖိုးသတ်မှတ်ခြင်းကို နေပြည်တော် ပြည်တွင်းအခွန်ဦးစီးဌာနက တိုက်ရိုက်ကိုင်တွယ်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအချိန်အထိ လုပ်ငန်း စတင်ခြင်းမရှိသေးကြောင်း နေပြည်တော် ပြည်တွင်းအခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး တဦးက ပြောသည်။

လိုင်စင်မဲ့ကားများ တန်ဖိုးသတ်မှတ်ရာတွင် အနည်းဆုံး သိန်း ၁၅၀ မှ အများဆုံး သိန်း ၃၀၀၀ ကျော်ထိ ရှိသည်ဟု သိရှိရသည်။

ယခုအချိန်အထိ တနိုင်ငံလုံး အတိုင်းအတာနှင့် တန်ဖိုးသတ်မှတ် အခွန်ဆောင်စေပြီး တရားဝင်လိုင်စင်ထုတ်ပေးခဲ့သည့် ကားအရေအတွက် ၁၀၀၀ ခန့်ရှိနိုင်ကြောင်း ပြည်တွင်း အခွန်ဦးစီးဌာနမှ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်