ပဲခူးလူသတ်မှု စစ်တပ် သတင်းအမှောင်ချထားလား

E-mail Print
ပဲခူးမြို့မှ အရပ်သားလူငယ် ၂ ဦးကို ပစ်သတ်ခဲ့မှုနှင့် စပ်လျဉ်း၍ စစ်တပ်က သတင်းအမှောင်ချထားကြောင်း လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။

၎င်းက “အခုထက်ထိ ကန့်လန့်ကာချထားတယ်။ ဘာမှကို မသိရသေးဘူး။ ၁၉၈၈ ခုနှစ် မတိုင်မီကတော့ စစ်တပ်က အရပ်ဘက် အပေါ် ပြစ်မှုကျူးလွန်တာရှိရင် အရပ်ဘက်တရားရုံးကို လွှဲပေးတယ်။ အရပ်ဘက်ဆိုင်ရာ တရားရုံးက ပြစ်မှုစီရင်ရတယ်။ ၁၉၈၈ နောက်ပိုင်းမှာတော့ စစ်တပ်ပြဿနာတွေကို စစ်ခုံရုံးကပဲ တရားစီရင်တယ်။ အရပ်သားတွေ ဘာမှ မသိရဘူး” ဟု ပြောသည်။

စစ်တပ်က မြို့တွင်းဝင်၍ အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့သည့်အမှုအား မည်သို့စီရင်သည်ကို လူထုကို အသိမပေးပါက စစ်တပ်အပေါ် မကျေနပ်မှုများ တိုးပွားလာမည်ဟုလည်း ဦးအေးမြင့်က ဆက်လက်ပြောဆိုသည်။

“လက်နက်ကိုင်ထားတဲ့ သူတွေကို မလှန်နိုင်လို့သာ ငြိမ်နေရတာ။ လူထုစိတ်ထဲမှာ မခံမရပ်နိုင် ဖြစ်နေတာကတော့ ကြာပါပြီ။ နှစ်ပေါင်း ၂၀ တောင်ကျော်ခဲ့ပါပြီ။ အခုလို စစ်တပ်က အရပ်သားတွေကို ပစ်သတ်ပြီးတော့ ဘယ်လိုတရားစီရင်တယ်ဆိုတာ ကိုတောင် မသိရဘူးဆိုတဲ့ကိစ္စဟာ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်ခံရတာပဲပေါ့” ဟု ၎င်းက ပြောသည်။

ယခုလ ၄ ရက်နေ့ညက ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်အတွင်း စစ်တပ်အရာရှိ ၂ ဦးနှင့် အရပ်သားများ စကားများကြရာမှ စစ်တပ်အရာရှိတဦးက ဘူတာ လုံခြုံရေးယူထားသည့် တပ်သားများကို ပြန်ခေါ်ကာ အရပ်သားများအား ပစ်ခတ်စေခဲ့ခြင်း ဖြစ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် မောင်အောင်သူဟိန်းနှင့် မောင်စိုးပိုင်ဇော်တို့ သေဆုံးခဲ့ရသည်။

အဆိုပါစစ်တပ်က ကျူးလွန်ခဲ့သည့် လူသတ်မှုကို စစ်အစိုးရ ထိန်းချုပ်သော အသံလွှင့်ဌာနများက အရပ်သားများက သေနတ်ဝင်လုသဖြင့် ပစ်ခတ်ခဲ့ရကြောင်း ပြောဆိုခဲ့ပြီး မြန်မာ့အလင်းသတင်းစာတွင်လည်း “ပဲခူးမြို့၌ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုမှတဆင့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား” ဟူ၍ ခေါင်းစဉ်တပ်ကာ ဖော်ပြခဲ့သည်။

၎ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို စစ်အစိုးရပိုင် သတင်းစာက ၁၀ ရက်နေ့တွင် သတင်းဖော်ပြခဲ့ပြီး ပဲခူးဘူတာ လုံခြုံရေးတပ်ဖွဲ့မှ အရာရှိ ဟူ၍သာ ဖော်ပြခဲ့ကာ မည်သည့်တပ်မှ မည်သည့် တပ်သားများက လူသတ်မှုကျူးလွန်သည်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

လူသတ်မှုကျူးလွန်ခဲ့သူများအား မည်သို့ အရေးယူသည်ကို ယခုအချိန်အထိ မသိရသေးကြောင်း သေဆုံးသူ မောင်အောင်သူဟိန်း ၏ မိသားစုဝင်တဦးက ပြောသည်။

“ဈာပန မကျင်းပခင်ကတော့ စစ်တပ်က အရာရှိကြီးရောက်လာပြီး ကျပ် ဆယ်သိန်းပေးတယ်။ ကျမတို့ဘက်ကလည်း ငြင်းလိုက်တော့ နောက်ထပ်မလာပါဘူး။ နောက်ပြီး ပစ်သတ်သွားတဲ့ သူတွေကို ဘယ်လိုအရေးယူထားတယ် ဆိုတာလည်း ဘာမှ မသိရဘူး။ အခုအချိန်မှာ ဘယ်သူမှကို မလာကြတာ” ဟု မိသားစုဝင်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားစဉ်က သေဆုံးသူများနှင့် အတူရှိနေသော မျက်မြင်သက်သေ တဦးသည်လည်း ပျောက်ဆုံးနေကြောင်း သိရသည်။

“ဖြစ်တဲ့အချိန်မှာ အရပ်သား ၅ ဦးရှိနေကြတာ။ သေသူ ၂ ဦးနဲ့ အတူရှိနေတဲ့အထဲက ၂ ယောက်ကို ဖြစ်ပြီးပြီးခြင်းမှာပဲ အာဏာပိုင်တွေက ခဏ ဆွဲထိန်းထားတယ်။ နောက်တဦးကတော့ သေနတ်နဲ့ ပစ်ချိန်မှာ မြောင်းထဲဝပ်နေခဲ့ရတယ် ဆိုတဲ့ ကိုပိုက်တင်ရဲ့သား။ သူကတော့ အခင်းဖြစ်အပြီးမှာပဲ ပျောက်နေတယ်။ ဘယ်ကိုရောက်နေတယ် ဆိုတာတောင် မိသားစုက မသိရသေးဘူး” ဟု ပဲခူးမြို့ခံတဦးက ပြောသည်။

စစ်တပ်က ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုကို လာမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာ က ပြောဆိုထားသည်။

စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှု ကျူးလွန်လေ့ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပြလေ့ရှိကြပြီး မစ္စတာ ကင်တာနာကလည်း လွန်ခဲ့သည့် မတ်လအတွင်းက မြန်မာစစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ် မှုများကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးရန် အကြံပြု တောင်းဆိုထားသည်။

အဆိုပါအကြံပြုချက်ကို အမေရိကန်၊ ဗြိတိန်၊ ချက် ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျ၊ စလိုဗက်ကီးယားနှင့် ကနေဒါနိုင်ငံတို့က ထောက်ခံထားပြီးဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်