ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ် နေပြည်တော်မှာ ရွေးကောက်ပွဲ ဝင်မည်

E-mail Print
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အပါအ၀င် မကြာသေးမီက စစ်ဘက်ရာထူးများမှ အနားယူခဲ့သည့် ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်းနှင့် ဗိုလ်ချုပ်ကြီး သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို နေပြည်တော် မဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံရန် ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် အတည်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။

Thura_Shwe_Mann400မကြာသေးမီက စစ်ဘက် ရာထူးများမှ အနားပေးခံရသည့် သူရ ဦးရွှေမန်းက ဇေယျာသီရိမြို့နယ်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပုဗ္ဗသီရိမြို့နယ်၊ ၀န်ကြီးချုပ် ဦးသိန်းစိန်က ဇမ္ဗူသီရိမြို့နယ်များမှနေ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

သူရ ဦးရွှေမန်းနှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်ဘက်ရာထူးများမှ အနားယူပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် မည်သည့် မြို့နယ်ကိုယ်စားပြု ၀င်ရောက်အရွေးခံမည်ကို စစ်အစိုးရပိုင် မီဒီယာများက တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။

ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့က ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် စစ်ထောက်ချုပ် ရာထူး တို့မှ အသီးသီး အနားယူခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် စစ်ဘက်ဆိုင်ရာ ရာထူးတာဝန်များမှ အနားယူခဲ့သော်လည်း  နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေး ကောင်စီဝင်များ အဖြစ်ဆက်လက်တည်ရှိနေသေးကြောင်း စစ်အစိုးရ သတင်းစာတွင် ဖော်ပြသည့် သတင်းများအရ သိရသည်။

ကြံ့ဖွံ့ပါတီတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကာကွယ်ရေးဝန်ကြီး ဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) များမှ ဒု ဗိုလ်ချုပ်ကြီးများနှင့် အခြားသော ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးများကိုလည်း ရာထူးမှ အနား ပေးခဲ့သည်။

ယခင် လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ် အဖြစ်တာဝန်ယူခဲ့သည့် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်သည် နေပြည်တော်ခရိုင်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်နှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးက တပ်ကုန်းမြို့နယ်တို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် အသီးသီး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

နေပြည်တော်ခရိုင်တွင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ ဟူ၍ မြို့နယ်ပေါင်း ၈ မြို့နယ်ပါဝင်သည်။

ယင်းဗိုလ်ချုပ်ကြီးများ ၀င်ရောက်ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်သို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စနှင့် ပတ်သက်၍  မပြောကြားလိုကြောင်း တာဝန်ရှိသူ တဦးက ဖြေကြားသည်။

ရွေးကောက်ဝင်မည့် နိုင်ငံရေးပါတီ အသီသီးမှ ကိုယ်စားလှယ်လောင်း စာရင်းကို ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးများတွင် ထုတ်ပြန်ကြေညာကြောင်း စုံစမ်းသိရှိရသည်။

မကြာသေးမီက ရာထူးမှ အနားပေးခံရသည့် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေသည် ရန်ကုန်တိုင်းအတွင်းရှိ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

တခြား စစ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်သည့် အလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်သည် မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်၊ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးလွန်းသီသည် ကွမ်းခြံကုန်းမဲဆန္ဒနယ်၊ ကျန်းမာရေး  ဒုဝန်ကြီး  ဒေါက်တာ ပိုင်စိုးသည် စမ်းချောင်းမဲဆန္ဒနယ်၊ သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း သူရ ဦးမြင့်မောင်သည် သုံးခွမဲဆန္ဒနယ်၊ အမျိုးသားစီမံကိန်းဝန်ကြီး ဦးစိုးသာသည် တွံတေးမဲဆန္ဒနယ် အသီသီးတို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ၀င်ရောက် အရွေးခံမည်ဟု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြထားကြောင်း သိရသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၃၂ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ တင်သွင်းမှုအပေါ် မူတည်၍ ဧရာဝတီ၏ တွက်ချက်မှုအရ ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှစ်ပါတီသာလျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် နိုင်ငံတ၀န်းလုံး၌ ယှဉ်ပြိုင်နိုင်မည်ကို တွေ့ရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်