လေးနှစ်ခန့် ပိတ်ထားသည့် ဘုရားသုံးဆူဂိတ် ပြန်ဖွင့်တော့မည်လား

E-mail Print
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူဂိတ်အား မြန်မာဘက်က လေးနှစ်ခန့် ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့် စနေနေ့မှ စတင်၍  လူချည်း သက်သက် ဖြတ်သန်း သွားလာမှုကို ပြန်လည် ခွင့်ပြုနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

pagoda-burma-4ယခုဖွင့်လှစ်ခြင်းမှာ အစမ်းသဘော ဖွင့်ခြင်းသာ ဖြစ်နိုင်ကြောင်း ထိုင်း နယ်ခြားစောင့်တပ်မှ စူရာချိုင်က ဧရာဝတီ သို့ ပြောသည်။

“ပြီးခဲ့တဲ့ စနေနေ့က စဖွင့်ပေးတာ။ လောလောဆယ်တော့ အစမ်းသဘော ဖွင့်တဲ့ပုံစံလို့ ထင်ရတာပဲ။ လူကိုပဲ သွားခွင့် ပြုသေးတယ်။ ယဉ်တွေ ဘာတွေကိုတော့ ဖြတ်ခွင့် မပြုသေးဘူး။ ကြားတာတော့ အေးအေးဆေးဆေး ဖြစ်သွားရင် ဖွင့်ပေးမယ် ကြားတယ်။ ကျနော်ထင်တာတော့ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှ ကားတွေ ဘာတွေကို သွားခွင့်ပြုမယ် ထင်တယ်”ဟု ၎င်းက ဆိုသည်။

ဘုရား သုံးဆူဂိတ်ကို ၂၀၀၆ ခုနှစ် ကုန်ပိုင်းအချိန်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်တော်(DKBA) ဗိုလ်နှုတ်ခမ်းမွှေးတပ်မှ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ ဝင် နှစ်ဦးကို ဖမ်းဆီးမှုကြောင့် ထိုင်းဘက်မှ ပိတ်ထားခဲ့ခြင်းဖြစ် သည်။

ထို့နောက် ဖမ်းဆီးထားသည့် ထိုင်းတပ်ဖွဲ့ ဝင်၂ ဦးကို DKBA မှ ပြန်လည်ပေးအပ်ခဲ့သဖြင့် ထိုင်းဘက်မှလည်း ဂိတ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

ယင်းသို့ ပြန်ဖွင့်ပြီး ၂ ရက်ခန့် အကြာတွင် မည်သည့် အကြောင်းပြချက်ကြောင့်ဟု မသိရဘဲ မြန်မာဘက်မှ ပိတ်ထားခဲ့ ခြင်းဖြစ်သည်။

ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့သော်လည်း အခြားလမ်းများမှ နယ်စပ် ဖြတ်ကျော်၍ ကုန်စည်များ စီးဆင်း မြဲ စီးဆင်းခဲ့ကြောင်း၊ ယင်း ကုန်စည် စီးဆင်းသော လမ်းကို ကျောင်းလမ်းဟု ခေါ်ကြောင်း၊ မြန်မာဘက်မှ ပရိဘောဂ ပစ္စည်း များကို ထိုင်းဘက်သို့အဓိက တင်ပို့ပြီး တခြားသော စားသောက်ကုန်များလည်း ပို့ကြောင်း ကုန်သည်များက ပြော သည်။

ဘုရားသုံးဆူ ဂိတ်ကို ပိတ်ထားသဖြင့် တရားမ၀င်လမ်းများမှ ညအချိန်တွင် ပစ္စည်း သယ်ယူရသောကြောင့် ကုန်ကျ စရိတ် ပိုများကြောင်း မွန်ကုန်သည် ဦးနိုင်စိုးအောင် က ပြောသည်။

“နယ်စပ်ဂိတ်ကို ပိတ်ထားပေမယ့်လည်း ညဆို ကားတွေနဲ့ ကုန်တွေကို တင်ကြတာပဲ။ နားလည်မှုပေါ့။ ထိုင်းဘက်က အစားအသောက် ကုန်ခြောက်တွေကို အဓိက သွင်းတယ်လေ။ နယ်စပ်တ၀ိုက်လောက်ပဲ ရောင်းရတာဆိုတော့ သိပ် ထိခိုက်လှတယ်တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် တရားမ၀င် မှောင်ခိုလမ်းက အလုပ်လုပ်ရတာထက် တရားဝင်လမ်းက သယ်ရ ပြုရမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ကျောင်းလမ်းကို အသုံးပြုကာ မြန်မာဘက်မှ အလုပ်သမား ထောင်ဂဏန်းခန့်သည် နေ့စဉ် ထိုင်း နိုင်ငံဘက်သို့ လာရောက် အလုပ်လုပ်ကြကြောင်း သိရသည်။ 

နယ်ခြားဂိတ် ကို ထိုင်းအာဏာပိုင် များက ပိုမိုဖွင့်လှစ်လိုကြောင်း မွန်သမိုင်း သုတေသီ မင်းစိုင်းနွမ်ဒေါက ထောက်ပြ သည်။

“ဒီဂိတ်ကို ပိတ်ထားတော့ ထိုင်းဘက်က အကောက်ခွန်မရဘူး။ ဒါကြောင့် ထိုင်းတွေက ပိတ်ထားတာကို မကြိုက်ဘူး။ မြန်မာဘက်ကတော့ အစိုးရက မရပေမယ့် ဒေသခံ အာဏာပိုင်တွေကတော့ ရတာပဲ။ သူတို့ကို မပေးဘဲ ဘာမှလုပ်လို့ မရဘူးလေ”ဟု ၎င်းက ဆိုသည်။

ဘုရားသုံးဆူ အမည်သည် ထိုင်းဘက်ခြမ်းတွင်လည်းရှိပြီး မြန်မာဘက်ခြမ်းတွင်လည်း ရှိသည်ဟု သိရသည်။ မြန်မာ ဘက်ခြမ်းမှ ဘုရားသုံးဆူမှာ မြို့ဖြစ်ပြီး ထိုင်းဘက်ခြမ်းမှ ဘုရားသုံးဆူမှာ ရွာဖြစ်သည်။ ထိုင်းဘက်ခြမ်းမှ ဘုရားသုံးဆူ ရွာတွင် အထည်ချုပ်စက်ရုံများ။ ဖိနပ်စက်ရုံများ ရှိသည်။ ဘုရားသုံးဆူဂိတ် ၏ တဘက်တချက်တွင် သက်ဆိုင်ရာ နိုင်ငံများမှ လူဝင်မှု ကြီးကြပ်ရေးရုံးများလည်း ရှိသည်။

မြန်မာဘက်ခြမ်းမှ ဘုရားသုံးဆူသည် ၁၉၈၉ ခုနှစ်အထိ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့ ထိန်းချုပ်ရာ နယ်မြေ ဖြစ်ခဲ့သည်။ ၁၉၉၀ နှစ်ဆန်းပိုင်းမှစ၍ မြန်မာစစ်အစိုးရ ထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားပြီး နောက် မြို့အဖြစ် သတ်မှတ်ပေးခဲ့သည်ဟု သိရသည်။

ထိုင်းဘက်မှ မြန်မာနိုင်ငံတွင်းသို့ အဓိက ကုန်စည် စီးဆင်းရာမြို့များမှာ ကော့သောင်း၊ မြ၀တီနှင့် တာချီလိတ်မြို့များ ဖြစ်ကြသည်။

ယခုနှစ် ဇူလိုင်လမှ စတင်ကာ မဲဆောက်-မြ၀တီကို ဖောက်လုပ်ထားသော ချစ်ကြည်ရေးတံတားကို မြန်မာဘက်မှ ပိတ် ထားလိုက်သဖြင့် ထိုင်းဘက်မှ တနေ့လျှင် ထိုင်းဘတ် သန်းရာချီ နစ်နာလျက် ရှိသည်။

ယမန်နေ့က ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ မြန်မာနိုင်ငံသို့ တရက်တာသွားရောက်၍ စစ်အစိုးရခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ် နိုင်မည် မဟုတ်သေးကြောင်း သတင်းများအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်