ကြံ့ဖွံ့ပါတီ မဲဝယ်နေပြီ

E-mail Print

ရန်ကုန်တိုင်း နှင့် ဧရာဝတီ တိုင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် တချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ ပူးပေါင်းကာ ငွေကြေး ထောက်ပံ့၍ မဲဆွယ်စည်းရုံးခြင်းများ၊ မဲဝယ်ခြင်း များ ပြုလုပ်နေကြောင်း သိရှိရသည်။

Members-of-the-Union-Solidarity-and-Development-Party-USDP-waveယင်းကဲ့သို့ မဲဆွယ်စည်းရုံးခြင်းနှင့် မဲ လိုက်လံ ၀ယ်နေခြင်းကို ရန်ကုန်တိုင်း ဒဂုံမြို့သစ်(မြောက်)၊ ဒဂုံမြို့သစ်(တောင်) နှင့် ဒေါပုံ မြို့နယ်များတွင် ယခုပတ်အတွင်း ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီ(ရယက) များနှင့် ကြံ့ဖွံ့ပါတီဝင်များ ပူးပေါင်းကာ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“အိမ်ကိုလည်း လာသွားပြီးပြီ၊ အိမ်မှာ မဲထည့်ရမယ့်သူက မိသားစု ၂ စုဆိုတော့ ၉ ယောက်တောင်ရှိတော့၊ ဦးစားပေး စာရင်းထဲမှာ ပါတယ်လို့လည်း ပြောသွားတယ်”ဟု ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

မဲတပြားလျှင် ငွေ တသောင်း ကျပ် ပေးမည်ဟု ပြောသွားကြောင်းလည်း ၎င်းက ဆိုသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်)မြို့နယ်၊ ၄၉ ရပ်ကွက်တွင် နေထိုင်သူ တဦးကလည်း“ကျနော်တို့ အိမ်ကို မနေ့ကပဲ ရယက ဦးစိန်အောင်မင်း လာသွားတယ်။ ဒီအိမ်မှာ မဲသွားပေးရမယ့်လူ ရှိတယ်မဟုတ်လား။ အဲဒီ မဲကို ကျနော်တို့ကို ပေးပါလို့ ပြောတယ်၊ အဲဒီအတွက်လည်း ပံ့ပိုးကူညီပေးပါမယ်လို့ ပြောသွားတယ်၊ ဘယ်လောက်ပေးမယ် ဆိုတာတော့ အတိအကျ မပြော သေးဘူး၊ နာမည်တွေ မှတ်ယူသွားတယ်”ဟု ပြောပြသည်။

အဆိုပါ ၄၉ ရပ်ကွက်အတွင်းကို အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းက ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ဥက္ကဌ၊ ဒုတိယ ဥက္ကဌ တို့နှင့်အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)အဖွဲ့ဝင် တချို့က တအိမ် တက်ဆင်း လိုက်လံပြီး“ပြည်ခိုင်ဖြိုး ပါတီကို မဲပေးပါ” ဟု ပြောဆိုကြောင်း၊ မဲပေးပါက ငွေကြေးကူညီ ထောက်ပံ့ ပေးမည်ဟု ပြောဆို သွားခဲ့ကြောင်း၊ မည်သို့ဆောင်ရွက်ရမည်ဆိုသည်ကိုမူ မပြောဘဲ ရယကမှ လူစာရင်း မှတ်ယူသွားခဲ့ကြောင်း ရပ်ကွက်တွင်း နေထိုင်သူများက ပြောသည်။

အလားတူ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ၄၆ ၊ ၄၇ ရပ်ကွက်နှင့် ၅၀ ရပ်ကွက် တို့တွင်လည်း ရယကများနှင့် ကြံ့ဖွံ့ပါတီဝင်များက မဲဆွယ် စည်းရုံးမှုများ ပြုလုပ်သွားကြောင်း သိရှိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီများမှာ ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်လွင်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ(တစည)မှ ကိုယ်စားလှယ်လောင်း ဦးမြဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF)မှ ကိုယ်စားလှယ်လောင်း ဒေါ်တင်နွယ်ဦးနှင့် ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ဦးသန်းဇော်အောင်တို့ ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ် တောင်ပိုင်း ငမိုးရိတ် တံတား အနီးတွင် နေထိုင်သူ တဦးကမူ“ကျနော်တို့ အိမ်ထောင်စု စာရင်းမှာ မိသားစု ၃ စုဆိုတော့ လူဦးရေကလည်း များတယ်၊ အဲဒါ မဲသွားထည့်မှာလား မထည့်နိုင်ရင် အဲဒီမဲတွေ သူ့ကို ပေးပါဆိုပြီး ရယက က လာတောင်းတယ်၊ ကိုယ်တိုင် မဲရုံသွားပြီး ထည့်ပါမယ် ဆိုတော့လည်း ပြည်ခိုင်ဖြိုးကိုပဲ ထည့်ပါလို့ လာပြောတော့ ကျနော်လည်း စိတ်တိုပြီး ဘယ်သူ့ ကို မှ မထည့်ဘူးဗျာလို့ ပြောလိုက်တယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်း ရယက များ အနေဖြင့် မဲပေးမည့်သူစာရင်း၊ မဲမပေးနိုင်သူများစာရင်းနှင့် မဲမပေးဟု ဆုံးဖြတ်ထားသူများ စာရင်းများကို ပြုလုပ်နေရပြီး ယခုလကုန်တွင် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးချုပ်သို့အပြီးသတ်ပို့ပေးရမည် ဖြစ်ကြောင်း ရန်ကုန်ရှိ ရယက အဖွဲ့ဝင် တဦးက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ် ဂွမြို့နယ် တွင်လည်း အောက်တိုဘာလ ၁၁ ရက်နေ့က ကြံ့ဖွံ့ပါတီနှင့် သက်ဆိုင်ရာ မယက၊ ရယက များ က ဒေသခံများအား ရုံးသို့ ခေါ်ယူကာ ကြံ့ဖွံ့ပါတီ ကိုသာ မဲထည့်ရမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“ဂွမှာ ပြည်ခိုင်ဖြိုးက မှတ်ပုံတင်မရှိတဲ့သူတိုင်းကို မှတ်ပုံတင် အခမဲ့ လုပ်ပေးမယ်။ အိမ်ထောင်စု ဇယားအခမဲ့ ထုတ်ပေးမယ်၊ ပြီး တော့ ပိုက်ဆံလိုတဲ့သူကိုလည်း ချေးပေးမယ်၊ ဒါပေမယ့် မဲကိုတော့ ပြည်ခိုင်ဖြိုးကိုပဲ ပေးရမယ်လို့ ပြောင် ခေါ်ပြောပြီးသွားပြီ”ဟု
ဂွမြို့ဒေသခံ တဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယနေ့အထိ မှတ်ပုံတင်မရှိသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အများအပြားရှိနေကြောင်း၊ ၄င်းတို့မှာ သွားရေး လာရေး အခက်အခဲရှိကြောင်းလည်း ဂွမြို့ ဒေသခံက ဆိုသည်။

ဧရာဝတီ တိုင်းတွင်လည်း လပွတ္တာမြို့နယ် ချောင်းကြီးကျေးရွာ၊ သပြေချိုင် စသည့် ကျေးရွာများတွင် ရယက ရုံးများတွင် ရွာသား များကို စုရုံးခိုင်းပြီး ကြံ့ဖွံ့ပါတီ မှ မဲပေးရမည့်သူ၏ အမည်နှင့် ဓာတ်ပုံကို ပြကာ ထိုသူကိုသာ ပေးရမည်ဟု ပြောဆိုထားကြောင်း ချောင်းကြီး ရွာသားများက ပြောသည်။

“ဘယ်သူမှ အုတ်နံရံကို ခေါင်းနဲ့ တိုက်လို့မရဘူး၊ ကျုပ်တို့ ထည့်ခိုင်းတဲ့သူကိုပဲ မဲပေးရမယ်၊ ခင်ဗျားတို့ ဘယ်သူ့ကို ပေးတယ် ဆိုတာ ကျုပ်တို့သိရမှာပဲ။ ပြောတဲ့အတိုင်း မလုပ်တဲ့သူကို ပြန်သိရမှာပဲ”ဟု ချောင်းကြီး ကျေးရွာ အုပ်စုမှ ရယက အဖွဲ့ဝင်
ဦးအောင်မြင့် က ကျေးရွာသားများကို ခြိမ်းခြောက် ပြောဆိုသွားကြောင်း ချောင်းကြီး ရွာသား တဦးက ဆိုသည်။

ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်လောင်းများမှာ တခြားပါတီ ကိုယ်စားလှယ်လောင်းများကဲ့သို့ စည်းရုံးရေး ဆင်းစရာမလိုဘဲ ရယက များက အာဏာသုံးကာ စည်းရုံးပေးနေကြသည်ကို တွေ့မြင်နေရကြောင်း ပြည်တွင်း သတင်းဂျာနယ် သတင်းထောက် များက ပြောဆိုကြသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများကို မည်သည့် မီဒီယာနှင့်မျှ အင်တာဗျူး မပေးရဟု ညွှန်ကြားထားကြောင်းလည်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ ကြံ့ဖွံ့ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ကြ မည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံ ဗီနိုင်းများကို နေရာအနှံ့ ကပ်ထားပြီး ကြော်ငြာ သကဲ့သို့ ပြည်တွင်း သတင်း ဂျာနယ် တချို့တွင်လည်း အခပေးကာ ကြေငြာနေကြောင်း တွေ့ရသည်။

ထိုကဲ့သို့ ကြံ့ဖွံ့ပါတီအနေနှင့် ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်ပြီး မဲဆွယ်စည်းရုံးခြင်း၊ မဲဝယ်ခြင်းများ ပြုလုပ်နေသည့်အတွက်
ဒီမိုကရက်တစ် ပါတီ(မြန်မာ) က ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားသည်။

“တိုင်တာပဲ ရှိပါတယ်၊ ရွေးကောက်ပွဲ ကော်မရှင်ရယ်၊ ရယက ရယ်၊ ကြံ့ဖွံ့ရယ်က အတူတူပဲ ဆိုတော့ အရေးယူမယ်လို့ မထင်ဘူး၊ ကျနော်တို့မှာ ပြည်သူလူထုပဲ အားကိုးစရာရှိပါတယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဇော်အောင် က ပြောသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်