ဗိုင်းရပ်စ်နှင့် အာဏာပိုင်ကို တပြိုင်တည်း ရင်ဆိုင်နေရသည့် HIV ဝေဒနာရှင်များ

E-mail Print
ကမ္ဘာအရပ်ရပ်ရှိ HIV/ AIDS ဝေဒနာရှင်များသည် ၎င်းတို့ ခန္ဓာကိုယ်ထဲရှိ ရောဂါပိုးများ၏ တိုက်ခိုက်မှုကို ကာကွယ် နေကြရသည်။ မြန်မာပြည်မှ ဝေဒနာရှင်များမှာမူ ရောဂါပိုးများ၏ တိုက်ခိုက်မှုကို ခုခံနေရသည်နှင့် တပြိုင်တည်းတွင် အာဏာပိုင်များ၏ နှောင့်ယှက်မှုကိုပါ ရင်ဆိုင်နေကြရသည်။

hiv001“အာဏာပိုင်တွေက အမြဲလိုလို အကြောင်းမရှိ အကြောင်းရှာ ခြိမ်းခြောက်နေတာပါ။ ဆူရင် ဆူပြန်ပြီ၊ ခြံစည်းရိုးမှာ အဝတ်လှန်းရင် လှန်းပြန်ပြီနဲ့ အမျိုးမျိုးကြုံနေရတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှုအထောက်အကူပြုအဖွဲ့က အနယ်နယ် အရပ်ရပ်မှ HIV/ AIDS ဝေဒနာရှင်များအား စောင့်ရှောက်ထားသည့် တောင်ဒဂုံဂေဟာတွင် နေထိုင်နေသည့် ဝေဒနာရှင် ကိုစူပါက ဧရာဝတီသို့ ပြောသည်။

ထိုဂေဟာသို့ နိုဝင်ဘာလ ၁၇ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီး ဝေဒနာ ရှင်များအား ကြည့်ရှုအားပေးခဲ့ပြီး နောက်တနေ့တွင် စစ်အစိုးရ အာဏာပိုင်များက ဝေဒနာရှင် အများစုကို ဧည့်စာရင်း ဆက်မပေးတော့ဘဲ တချို့ကို ဆေးရုံသို့ ပြောင်းရွှေ့ခိုင်းခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ဂေဟာအတွင်းရှိ ဝေဒနာရှင် များမှာ စိတ်သောက ရောက်ခဲ့ရကြောင်း သိရသည်။

အကယ်၍သာ ဧည့်စာရင်းတိုင်ခွင့် မရခဲ့ပါက လမ်းဘေးတွင် သေရမည့် အနေအထား ရောက်တော့မည်ဟု တွေးရင်း စိတ်သောက ဖြစ်နေခဲ့ရကြောင်း အသက် ၂၇ နှစ်အရွယ် ဝေဒနာရှင် မသီတာအေး (အမည်ရင်း မဟုတ်) က ပြောပြသည်။ ၎င်းသည် NLD လူမှု အထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားသည့် တောင်ဒဂုံ ဂေဟာတွင် နေထိုင်လျက်ရှိသည်။

“ဒီမှာသာ မနေရတော့ဘူး ဆိုရင် ကျမမှာ သွားစရာနေရာ မရှိတော့ဘူး။ ဆွေမျိုး သားချင်းတွေနဲ့ မိသားစုဝင်တွေကလည်း ကျမမှာ ဒီရောဂါရှိတယ်ဆိုတာနဲ့ အလာမခံဘူး၊ မဆက်ဆံကြတော့ဘူး” ဟု မသီတာအေးက ဆိုသည်။

၎င်းသည် အိမ်ထောင်ပျက်၊ တခုလပ် တဦးဖြစ်ပြီး ထိုရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း သိသိချင်း မိသားစုအတွင်းနှင့် ဆွေမျိုးများ အကြားတွင်ပါ ဒုက္ခ ရောက်ခဲ့ရကြောင်း၊ မိခင်ဖြစ်သူက ကြိုးစား ရှာဖွေ ကုသပေးခဲ့သဖြင့် နောက်ဆုံး မြောက်ဥက္ကလာပ ဆေးရုံတွင် တက်ရောက် ကုသခံခဲ့ရကြောင်း၊ ဆေးရုံတွင် ၁ လခန့်အထိ ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းခဲ့ရကြောင်း ဆက်ပြော သည်။

မသီတာအေးကို ဆေးရုံမှ ဆင်းခိုင်းလိုက်သောအခါ နေစရာနေရာမရှိ၊ လက်ခံမည့် အိမ်မရှိသည့်အတွက် မိခင်ကြီးကပင် NLD နှင့် ဆက်သွယ်ကာ မဖြူဖြူသင်းတို့ထံသို့ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ အလုပ်မရှိ၊ ၀င်ငွေမရှိ၊ ထောက်ပံ့မည့်သူ မဲ့နေသော သူ့ကို မဖြူဖြူသင်းဦးဆောင်သည့် အဖွဲ့ကသာ တာဝန်ယူ ဆေးကုပေးသည့်အပြင် ကျွေးမွေးပြုစု ပေးထားကြောင်း သိရှိရသည်။

အဆိုပါဂေဟာတွင် နေထိုင်သည့် ဝေဒနာရှင်တဦးဖြစ်သူ ဒေးဒရဲ ဇာတိ မဝင်းဝင်းနိုင်က “ကျမတို့ ဘက်တွေမှာဆို ဒီရောဂါနဲ့ ပတ်သက်လို့ ပညာပေးတာတွေ မရှိသလောက်ဘဲ။ အဲဒီတော့ ခွဲခြားဆက်ဆံတာတွေ အရမ်းများတယ်။ ခွဲခြား ဆက်ဆံ ခံရပြီဆို စိတ်ဓာတ်ကျပြီး ရောဂါ ပိုဆိုးတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။hiv002

မဖြူဖြူသင်း ဦးဆောင်သည့် ဂေဟာတွင် ဝေဒနာရှင်များကို ကြင်နာစွာဖြင့် မခွဲခြားဘဲ ဆက်ဆံ ပြုစုသောကြောင့် စိတ်ချမ်းသာစွာ အသက် ဆက်လက် ရှင်သန်ခွင့်ရသည်ဟု HIV/ AIDS ဝေဒနာရှင်များက ဆိုသည်။

“ဒီမှာက ကျမတို့ကို ကြင်ကြင်နာနာနဲ့ ဆက်ဆံပြီး လက်ခံပေးတယ်။ ဒီမှာ မနေရရင် ဘယ်မှာ နေရမလဲ။ ဘယ်သူက လက်ခံထားမှာလဲ။ ဘယ်သူ ဆေးကုပေးမှာလဲ” ဟု အဆိုပါ ဂေဟာတွင် နေထိုင်သည့် ဝေဒနာရှင်တဦးက ပြောသည်။ သူက မောပန်းနေသောကြောင့် စကားကို တခွန်းချင်း အားယူပြောနေရသည်။

ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့သည် ကမ္ဘာ့ AIDS နေ့ဖြစ်ပြီး ဆောင်ပုဒ်မှာ “အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့၊ ခွဲခြားမှုကို ရှောင်ကြဉ်လို့၊ ကာကွယ်ကုသ စောင့်ရှောက်စို့” ဟူ၍ ဖြစ်သည်။ အဆိုပါဆောင်ပုဒ်ကို စစ်အစိုးရပိုင် သတင်းစာများထဲတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

သို့ရာတွင် မြန်မာပြည်မှ စစ်အာဏာပိုင်များ အနေနှင့် ဝေဒနာရှင်များကို ခွဲခြားဆက်ဆံရုံမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရရှိရန် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေသဖြင့် ကမ္ဘာ့ AIDS နေ့ ဆောင်ပုဒ်ကို အကောင်အထည်ဖော်ရန် အလှမ်းဝေးလွန်း နေသေးကြောင်း တွေ့ရသည်။

အရှေ့တောင်အာရှနှင့် တောင်အာရှတခွင်တွင် HIV/AIDS ဝေဒနာရှင်ပေါင်း ၃. ၅ သန်းရှိသည်ဟု ယခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဝေဒနာရှင်ပေါင်း ၂ သိန်း ၄ သောင်းကျော်ရှိသည့်အတွက် အဆိုပါ အရေအတွက်၏ ၇ ရာခိုင်နှုန်းခန့် ရှိကြောင်း တွေ့ရသည်။

ဝေဒနာခံစားနေရသည့် ကလေးငယ်များမှာ မြန်မာပြည်တွင် ၁ သောင်းဝန်းကျင်ခန့် ရှိနေသည်။ မြန်မာပြည်ရှိ လူနာ ၅ ဦးလျှင် ၁ ဦးသာ ဆေးကုသမှု ခံယူနေရပြီး ထို ၁ ဦးမှာလည်း အပြည့်အဝ ဆေးကုသမှု ခံယူရခြင်း မရှိဟု ကမ္ဘာ့ AIDS နေ့အတွက် ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီအရင် ခံစာ၌ ပါရှိသည်။

မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ ဝေဒနာရှင်များမှာ နေရပ် ဒေသများတွင် ဆေးဝါးကုသမှု မခံကြရ သောကြောင့် ရန်ကုန်မြို့အထိ တက်လာပြီး ကုသမှု ခံယူရကြောင်း သိရှိရသည်။

ထိုသို့ ဆေးကုသရန် လာသည့်အခါ တည်းခို နေထိုင်ရန်၊ အခြေအနေဆိုးပါက ရက်ရှည် ဆေးဝါးကုသမှုခံယူရင်း နေထိုင်ရန် နေရာ အထူးလိုအပ်ကြောင်း၊ အများစုမှာ ဆင်းရဲနွမ်းပါးသည့်အပြင် ရန်ကုန်တွင် ဆွေမျိုးသားချင်း မရှိခြင်း၊ တချို့မှာ ဆွေမျိုးများ ရှိသော်လည်း ဝေဒနာရှင်များကို ခွဲခြားဆက်ဆံခြင်းတို့ကြောင့် အခက်အခဲဖြစ်ကြရကြောင်း၊ ထိုသို့သော ဝေဒနာရှင်များအတွက် မဖြူဖြူသင်း ဦးဆောင်သည့် NLD လူမှု အထောက်အကူပြု အဖွဲ့က ကူညီဖြေရှင်းပေးနေခြင်း ဖြစ်သည်ဟု ဝေဒနာရှင်များက ပြောပြသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး ဝေဒနာရှင်များကို လာရောက်ကြည့်ရှု အားပေးသည့် အတွက် ဝေဒနာရှင်များ ပိုမို အားတက်ခဲ့ရကြောင်း ဘိုကလေးမြို့မှ ဆေးခန်းလာပြသူ အသက် ၄၀ ၀န်းကျင်အရွယ်
ကိုမောင်ဦး (အမည်ရင်းမဟုတ်) က ဆိုသည်။

“ကျနော်တို့ကို အန်တီလာကြည့်တော့ ပထမ အရမ်း ပျော်သွားတယ်။ အားရှိတာပေါ့။ ဒီလုပ်ငန်းပေါ်မှာ ပိုပြီးပြည့်စုံတော့မယ်လို့ ခံစားမိတယ်။ အန်တီက လိုအပ်တဲ့ အကူအညီတွေကို ၀ိုင်းဝန်း ကူညီသွားမယ်လို့ ပြောလိုက်တဲ့အချိန်မှာ ကျနော်တောင် ယောက်ျား တန်မဲ့ မျက်ရည် ကျမိတယ်။ ၀မ်းသာလို့ပါဗျာ။ မဟုတ်ရင် ကျနော်တို့ နယ်ကလူတွေ တော်တော် ဒုက္ခရောက် ကြတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

သူ့အနေဖြင့် ဘိုကလေးမြို့မှနေ၍ ၃ လ တခါ ဆေးလာယူရကြောင်း၊ ထိုဂေဟာသို့ ဆေးယူမည့်ရက် မတိုင်မီ ၁ ရက်၊ ၂ ရက်ခန့် ကြိုလာပြီး ဆေးခန်းလာ ပြကြောင်း၊ ဆေးခန်းလာပြပါက တခါတရံ ၃ ရက်ခန့်ဖြင့် ပြီးသော်လည်း တခါတရံတွင်မူ ၁၀ ရက် အထိပင် ကြာတတ်ကြောင်း၊ တည်းခိုနိုင်ရန် အတွက်လည်း မပြည့်စုံ ကြသည့်အတွက် နယ်မှ ဆေးခန်း လာပြသူများမှာ နေထိုင်စရာနှင့် စောင့်ရှောက်မှု ပိုမို လိုအပ်ကြောင်း၊ ထိုဂေဟာတွင် ရေ၊ မီး အပြည့်အစုံနှင့် အစားအသောက် ပေးသကဲ့သို့၊ လမ်းစရိတ် မရှိလျှင်လည်း အဖွဲ့က ထုတ်ပေးသေးကြောင်း၊ ထို့အပြင် လူနာစိတ်ဓာတ် မကျစေရန်လည်း အားပေး ဆက်ဆံသည့် အတွက် လူနာများ တနေ့တခြား တိုးလာကြောင်း သူက ရှင်းပြသည်။

“အခု အဆင်ပြေသွားလို့ တော်သေးတယ်။ ဧည့်စာရင်း မပေးဘူး ဆိုတုန်းကတော့ ကျနော် တော်တော်လေး စိုးရိမ်သွားတယ်။ ဒီလူနာတွေ ပြန်သွားရင် တော်တော် များများက ဒုက္ခရောက်မှာလေ။ ဒီမှာ လောလောဆယ် ဆေးကုနေတဲ့ အသည်းအသန် လူနာတွေလည်း ရှိတယ်။ ဆေးစမ်းနေတဲ့ လူနာတွေလည်းရှိတယ်။ အားလုံးပဲ ဒုက္ခရောက်ကုန်မှာ” ဟု ကိုမောင်ဦးက
ပြောသည်။

လက်ရှိ အခြေအနေအရ အဆိုပါ ဂေဟာတွင် နေထိုင်သူ ကလေးငယ် ၄ ဦး အပါအ၀င် စုစုပေါင်း အမျိုးသား၊ အမျိုးသမီး ၈၀ ခန့်ရှိပြီး ထိုအထဲတွင် ရန်ကုန်မြို့ပေါ်မှ ဝေဒနာရှင်များလည်း ပါဝင်သကဲ့သို့၊ နယ်မှ ဝေဒနာရှင်များလည်း ရှိနေကြောင်း သိရသည်။

ထို့အပြင် NLD အဖွဲ့ချုပ် ဗဟိုမှ ဝေဒနာရှင်များ နေထိုင် ဆေးကုရန်အတွက် တာဝန်ယူ စောင့်ရှောက်မှု ပေးထားသော နေရာ ၃ ခုရှိနေပြီး ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နေရာ ၂ ခုတို့တွင်လည်း စုစုပေါင်း ဝေဒနာရှင် ၂၀ ခန့်အထိ ရှိနေကြောင်း၊ လက်ရှိ ဂေဟာများ၏ အနေအထားမှာ အာဏာပိုင်တို့က ဧည့်စာရင်း ဆက်လက် ပေးလိမ့်မည်ဟု ထင်မှတ်ကြောင်း မဖြူဖြူသင်းက ပြောပြသည်။

မဖြူဖြူသင်း ဦးဆောင် စောင့်ရှောက်နေသော အဆိုပါ ဂေဟာတွင် နေထိုင်သည့် ဝေဒနာရှင်များကို တပတ်တခါ ဧည့်စာရင်း တိုင်၍ နေထိုင်ခွင့်ကို အာဏာပိုင်များက ပြန်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

“သူတို့ စပြောကတည်းက ဧည့်စာရင်းကို လုံးဝ မပေးဘူးလို့ပြောတယ်။ အခုတော့ ပေးလိုက်ပြီ ဆိုကတည်းက ဆက်ပေး သွားလိမ့်မယ်လို့ ကျမ ထင်တယ်။ အရင်ကတည်းကလည်း တပတ်တခါ ပေးနေကြ ဆိုတော့ အခုလိုပဲ ဆက်ပေးသွားလိမ့်မယ်၊ အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု မဖြူဖြူသင်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်