အမျိုးသားရေး အောင်ပွဲ ပေါ်ထွန်းရန် ဒေါ်အောင်ဆန်းစုကြည် ပြော

E-mail Print
စစ်မှန်သော အမျိုးသားရေး အောင်ပွဲတခု ဖြစ်ပေါ်လာရေးအတွက် တပ်မတော်သားများ အပါအ၀င် တိုင်းရင်းသားပြည်သူ တရပ် လုံးက ညီညီညွတ်ညွတ်၊ သတ္တိရှိရှိဖြင့် နိုင်ငံရေးလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျရောက်သော နှစ် ၉၀ ပြည့် အမျိုးသားနေ့ အခမ်းအနားတွင် ပြောဆိုလိုက်သည်။

IMG_0067ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်၌ ကျင်းပသော အမျိုးသားနေ့ အခမ်းအနားတွင် ယင်းသို့ ပြောဆို ခြင်း ဖြစ်ကြောင်း အခမ်းအနား တက်ရောက်သူများက ပြောပြသည်။

အမျိုးသားရေးသည် တဦးတယောက်တည်း လုပ်ဆောင်၍မရဘဲ တနိုင်ငံလုံးရှိ ပြည်သူအားလုံးနှင့်သက်ဆိုင်ကြောင်း၊ တမျိုး သားလုံး လုံခြုံရေး၊ လွတ်လပ်ရေး၊ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာနေထိုင်နိုင်ရေး တို့အတွက် စည်းလုံးညီညွတ်မှု အရေးကြီး သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားနေ့နှင့်ပတ်သက်၍ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးကလည်း အုပ်ချုပ်သူများအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဆန့်ကျင်၍ မရကြောင်း၊ ဖိနှိပ်မှုဖြင့် စနစ်တရပ်ကို ကန့်သတ်မရကြောင်းကို ပြသလိုက်သည့် အနေဖြင့် အမျိုးသားနေ့ ပေါ် ပေါက် လာကြောင်း အခမ်းအနား၌ ပြောသည်။

ထိုအရာများကို နမူနာယူ၍ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ရရှိရေးကို နိုင်ငံသားအားလုံးက စွမ်းစွမ်းတမံကြိုးပမ်းကြရန် လိုကြောင်းလည်း ဦးတင်ဦးက ဆိုသည်။

NLDပါတီ က ထုတ်ပြန်သော ကြေညာချက်၌လည်း ဒီမိုကရေစီလှုပ်ရှားမှုဖြင့် ဖမ်းဆီးထားသည့် ဆရာတော်၊ သံဃာတော်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အထွေထွေအကျပ်အတည်း အခက်အခဲများ ဖြေရှင်းနိုင်ရန် အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ
ပါဝင် ဆွေးနွေးရေးတို့ ပါဝင်သည်။

ထိုသို့ ဆွေးနွေး ရာ၌ တိုင်းရင်းသား လူမျိုးများအားလုံးမပါဝင်ဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော် တည် ဆောက် နိုင်မည် မဟုတ်၍ အမျိုးသားရင်ကြားစေ့ရေး အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ရေးသားထား သည်။

အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီများသာမက နယ်မြို့များမှ NLD အဖွဲ့ဝင်များကလည်း ကျင်းပကြ ကြောင်း သိရသည်။

“အမျိုးသားနေ့ဆိုတာ အမျိုးသားရင်ကြားစေ့ရေး အတွက်လဲ အရေးပါတဲ့အတွက်ရယ်၊ အမျိုးသားခေါင်းဆောင် ပြန်လွတ်လာ တာရယ်ကြောင့် ကျင်းပ တာပါ၊ လွတ်လပ်ရေးနေ့ကိုတော့ မလွတ်လပ်သေးဘူးလို့ ခံစားနေရလို့ ဘယ်တုန်းကမှ မကျင်းပ ခဲ့ သေးဘူး”ဟု မိတ္ထီလာ NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး က ပြောသည်။

သခင်ဟောင်းကြီး များကလည်း အမျိုးသားနေ့ အခမ်းအနားကျင်းပ၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေးအတွက် စည်းလုံးကြရန် ပြည်သူ တရပ်လုံးကို တိုက်တွန်းကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကပြောသည်။

“အမျိုးသား သင့်မြတ်ရေးအတွက် စစ်တပ်ခေါင်းဆောင်တွေက အတတ်နိုင်ဆုံး လုပ်ပေးဖို့လိုတယ်၊ ပြီးရင် ပြည်သူတွေက ရွေးချယ်ထားတဲ့ အရပ်သားတွေကို အာဏာလွှဲပေးပြီးတော့ စစ်တပ်က ကိုယ့်နေရာကိုယ် ပြန်သွားဖို့ လိုမယ်”ဟု သခင်ချန်ထွန်းက ဆက်ပြောသည်။

နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေး ပါတီများက အခမ်းအနားများ ကျင်းပခဲ့ကြသော်လည်း စစ်အစိုးရကမူ လုပ်ဆောင်ပေးခြင်းမရှိကြောင်း တွေ့ရသည်။

သခင်ချန်ထွန်းက“ဒီလို နေ့ထူးတွေကလည်း လူတွေကို စိတ်ဓာတ်တက်ကြွစေတယ်၊ အမျိုးသားရေး စိတ်ဓာတ်ပေါ် လာစေ တယ်၊ ဒါကြောင့်လည်းပဲ လွတ်လပ်ရေးဆိုတာ ရခဲ့ကြတာပဲ”ဟု ဆိုသည်။

“ဟိုတုန်းကဆိုရင် ဆရာတော် ဦးဥတ္တမကို ဖမ်းသွားတဲ့နေ့ကို ဦးဥတ္တမနေ့ ဆိုပြီး ပြုလုပ်ခဲ့ကြတယ်၊ ဒါပေမယ့် အခုအချိန်မှာ ဒါတွေကို ဖျောက်လိုက်ပြီ”ဟုလည်း ၎င်းက ဆက်ပြောသည်။

၁၉၈၈ ခုနှစ်က အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်လုံးကျွတ် တော်လှန်ရေးကြီးမတိုင်မီ အစောပိုင်း ကာလများက မြန်မာနိုင်ငံ၏ အရေးကြီးသော အထိမ်းအမှတ်နေ့များကို အတန်အသင့် ကြီးကျယ်စွာ ကျင်းပ ပေးခဲ့သေးသည်။ ယင်းနောက် ပိုင်းတွင်တော့ လက်ရှိစစ်အစိုးရက မြန်မာ့သမိုင်းကို တဖြည်းဖြည်း မှေးမှိန်စေရန် ပြုလုပ်လာရာ လူငယ်များအနေနှင့် ထိုနေ့ ရက်များကို တန်ဖိုးထားရကောင်းမှန်း မသိအောင်ပင် ဖြစ်ခဲ့ရသည်ဟုလည်း ဆိုသည်။

ထို့အပြင် အမျိုးသားနေ့နှင့် ပတ်သက်၍ ယနေ့ခေတ်အခြေအနေနှင့် ဆက်စပ်ရေးသားသည့် စာမူများကို စာပေ စိစစ်ရေးက ဖြတ်တောက်လေ့ ရှိကြောင်း သိရသည်။

စစ်အစိုးရ လက်ထက်၌ နေ့ထူးနေ့မြတ်ကို အရေးတယူ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်းမပြုဘဲ မျက်ကွယ်ပြုနေခြင်းမှာ အမျိုးသားနေ့ စိတ်ဓာတ်များ ယနေ့ခေတ် ကျောင်းသား လူငယ်များထံ စီးဝင်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့် စိတ် ဓာတ် များ အရှိန်မြင့်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း  နိုင်ငံရေး လေ့လာသူတချို့က ပြောဆိုသည်။

၁၉၈၈ ခုနှစ် မတိုင်မီက ကျောင်းသင်္ခန်းစာများတွင် အမျိုးသားအောင်ပွဲနေ့အကြောင်း အသေးစိတ် ထည့်သွင်း သင်ကြားခဲ့ သည့် အပြင် အထိမ်းအမှတ် စာပေ၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကျောင်းတွင်း ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်း၊ သမိုင်း ဆရာ ဆရာမများက အားတက် သရော သင်ကြားပေးခြင်းများ ပြုလုပ်ပေးခဲ့သောကြောင့် ထိုခေတ် ကျောင်းသားလူငယ်များ၏ စိတ်တွင်း၌ အမျိုးသား အောင်ပွဲနေ့နှင့် ပတ်သက်၍ ခိုင်ခိုင် မာမာ စွဲထင်နေခဲ့ကြရကြောင်း သိရသည်။

ယနေ့ခေတ်တွင် စားဝတ်နေရေးအတွက် ဦးစားပေး ရုန်းကန်နေရသော မိဘ၊ ဆရာတို့မှာ မိမိတို့၏ သားသမီးများ၊ တပည့်များ ကို မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း အချိန်ပေးပြောဆိုရန် အလွန် အားနည်းလာသည်ကိုလည်း တွေ့ရသည်။

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယနေ့ကျရောက်သော နှစ် ၉၀ ပြည့် အမျိုးသားနေ့ အတွက် ပြည်သူများသို့ ပေးပို့သော သ၀ဏ်လွှာ၌ လက်ရှိအစိုးရသည် လမ်းပြမြေပုံ ၇ ချက်တွင် ၅ ချက်အား အောင်မြင်စွာလုပ်ဆောင် ပြီးစီးနေပြီ ဖြစ် ကြောင်း၊ ကျန်ရှိနေသည့် အချက်နှစ်ချက်အား အကောင်အထည် ဖေါ်ပေးပြီးပါက နိုင်ငံတော် အာဏာကို ပြည်သူလူထုထံ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်