မန်ယူကြောင့် မြန်မာ လောင်းကစားသမားများ အထိနာ

E-mail Print
ကားလင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက် အသင်း ရှုံးနိမ့်ခဲ့သည့်အတွက် မြန်မာ ဘောလုံး အလောင်း အစား ပြုလုပ်သူများလည်း အထိနာစွာရှုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မန်ချက်စတာယူနိုက်တက်အသင်းက ၀က်စ်ဟမ်းယူနိုက်တက်အသင်းအား မထင်မှတ်ဘဲ ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့်အတွက် ယခုကဲ့သို့ အထိနာကြခြင်းဖြစ်သည်။

ManU“မန်ယူပွဲရှိလို့ ချလိုက်တာ။ မန်ယူလည်းရှုံးရော၊ ထုတ်ထားတဲ့လစာ လည်းကုန်သွားတယ်” ဟု မန်ယူပရိသတ် သတင်း ဂျာနယ်တိုက် ၀န်ထမ်း တဦးက ပြောသည်။

အဆိုပါပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက်အသင်း၏ မြန်မာနိုင်ငံ ပေါက်ဈေးမှာ ၂ ဂိုးသွင်းလျှင် လောင်းကြေး၏ ၅၀ ရာခိုင်နှုန်း အနိုင်ရမည်ဖြစ်သော်လည်း ထိုးသားများမှာ မန်ယူအသင်းကိုသာ အထိုးများသည့်အတွက် ထိုးသားအများစု မန်ယူရှုံးနိမ့်ခြင်းနှင့် အတူ အကြီးအကျယ် ရှုံးနိမ့်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဘောလုံးလောင်းကစားပြုလုပ်သူများမှာ အင်္ဂလန်ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ၊ ဥရောပချန်ပီယံလိဂ်၊ ယူရိုပါလိဂ် နှင့် တခြားဖလားပြိုင်ပွဲများအား အများဆုံးလောင်းကစားမှု ပြုလုပ်ကြသည်။

တစ်ပွဲချင်းလောင်းကြေးများ (ဘော်ဒီကြေး) ၊ ဂိုးသွင်းယူ နိုင်မှုအနည်းအများ လောင်းကြေးများ (ဂိုးပေါင်းကြေး)၊ ပွဲများအားလုံးပေါင်း ကာခြုံ၍ လောင်းသောလောင်းကြေးများ (မောင်းကြေး) ကို ဒိုင်များမှ ကြေးဖွင့်ပြီး လောင်းကစားသမားများက စိတ်တိုင်းကျ ရွေးချယ်လောင်းကစားမှု ပြုလုပ်နိုင်သည်။

အဆိုပါလောင်းကစားမှု ပြုလုပ်နိုင်ရန်အတွက် လောင်းကြေးများကို အဓိက ချုပ်ကိုင်ထားသူများမှာ အွန်လိုင်းမှတဆင့်တိုက်ရိုက် လောင်းကစားမှု ပြုလုပ်နေသူများဖြစ်ကြောင်းလည်းသိရသည်။

ငွေကြေးအလုံးအရင်းဖြင့် လုပ်ကိုင်နေသော ဘောလုံးလောင်းကစားဒိုင်ကြီးများမှာ www.ibcbet.com စသည့် အွန်လိုင်း လောင်းကစား ပြုလုပ်၍ရသော ၀က်ဘ်ဆိုက်မျုားတွင် လောင်းကစားမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။

ထိုကဲ့သို့လောင်းနိုင်ရန်အတွက် မလေးရှားမှ အေးဂျင့်များနှင့်ချိတ်ဆက်ရပြီး ကြိုတင်ငွေသွင်းကာ လောင်းရခြင်းဖြစ်သည်။ ငွေ အပြောင်းအလွှဲအား အေးဂျင့်မှပင်လုပ်ပေးပြီး တစ်ပတ်လျှင် ၂ ကြိမ်ငွေလွှဲပြောင်းမှုများလုပ်ကြကြောင်း အွန်လိုင်းမှ ဘောလုံးပွဲ လောင်းနေသော ဒိုင်တစ်ဦးကပြောသည်။

အွန်လိုင်းပေါ်တွင် ဘော်ဒီကြေး၊ ဂိုးပေါင်းကြေးများအပြင် မိနစ်အလိုက် လောင်း၍ရအောင်လည်း စီစဉ်ပေးထား သောကြောင့် လောင်းကစားဒိုင်များအနေဖြင့် ပိုမိုအဆင်ပြေချောမွေ့သည်ဟုသိရသည်။

အဆိုပါဆိုက်အတွင်း ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါ စသည့်နာမည်ကြီးပြိုင်ပွဲများအပြင် တောင်အမေရိကမှ ပွဲစဉ်များ၊ အာရှမှ ပွဲစဉ်များသာမက တစ်ကမ္ဘလုံးရှိ လူသိနည်းသော လိဂ်များကိုပါ ကြေးဖွင့်ထားသည့်အတွက် အွန်လိုင်းတက်သည့် အချိန်တိုင်းပွဲရှိ နေပြီး လောင်းကစားပြုလုပ်နိုင်သည်ဟု အဆိုပါအွန်လိုင်း လောင်းကစား ဒိုင်က ရှင်းပြသည်။

“အိမ်မှာ အင်တာနက်လိုင်းချိတ်ထားပြီး အွန်လိုင်းကနေတိုက်ရိုက်လောင်းတာပါ။ အွန်လိုင်းပေါ်ကနေ လောင်းတော့ အဖမ်းအဆီး အန္တရာယ်လည်းကင်းသလို စိတ်လည်းစိတ်ချရတယ်”ဟု ရန်ကုန်မြို့ရှိ အွန်လိုင်း လောင်းကစား ဒိုင်ချုပ်တဦးက ပြောသည်။

အဆိုပါလောင်းကစား ဒိုင်ချုပ်ကြီးများ၏ လက်အောက်တွင် လက်ခွဲဒိုင်များရှိပြီး ၎င်းတို့မှာ ဒိုင်ချုပ်ကြီးများမှ ချပေးသော အင်တာနက်ပေါက်ဈေးများကို မြန်မာဈေးကွက်နှင့် ညီအောင်ညှိပြီး ကော်မရှင်စားဒိုင်များသို့ ထပ်မံ အကြောင်းကြားကာ ပေါက်ဈေးချပေးခြင်းဖြစ်သည်။

“ကြေးကိုတော့ မြန်မာဈေးကွက်နဲ့ညီအောင် ညှိရတယ်။ ဘယ်လိုလဲဆိုတော့ မြန်မာတွေက မန်ယူဆိုအရူးအမူးပဲလေ။ မန်ယူလိုပွဲမျိုးဆိုရင် အင်တာနက်ပေါက်ဈေးထက် ပိုပြီး ဈေးနည်းနည်းတင်ရတယ်”ဟု လက်ခွဲဒိုင်တစ်ဦးက ပြောသည်။

ကော်မရှင်စားဒိုင်များမှာ ရပ်ကွက်အတွင်း လောင်းကစားပြုလုပ်လိုသော သူများနှင့် တိုက်ရိုက်ထိတွေ့ရပြီး အန္တရာယ်လည်း အများဆုံးဖြစ်သည်။ လက်ခွဲဒိုင်အများစုမှာ ကော်မရှင်စားဒိုင်များအား တစ်ရာလျှင် ငါးကျပ်နှုန်းဖြင့် ချပေးပြီး လောင်းကြေး များများရမှသာလျှင် ၎င်းတို့အတွက် တွက်ခြေကိုက်သော ၀င်ငွေရရှိသည်ဟုသိရသည်။

ကော်မရှင်ဒိုင်များမှာ လောင်းကြေးများများရရှိရန်အတွက် ရပ်ကွက်အတွင်း လောင်းကစားပြုလုပ်လိုသော လူထုဆီသို့ လောင်း ကြေးစာရွက်များ ဝေငှကာ တက်လာသော ထိုးကြေးများကို ပွဲစရန် နာရီဝက်ခန့်အလိုတွင် ဒိုင်များထံသို့ ငွေကြေးပမာဏကို ပြန်လည် သတင်းပို့ကြရသည်။

မြန်မာဘောလုံးလောင်းကစားလောကတွင် အထက်မှ ဒိုင်ချုပ်ကြီးများမှာ အခန်းထဲမှနေ၍ အွန်လိုင်းများမှတစ်ဆင့်၊ ဖုန်းလိုင်းများမှ တစ်ဆင့် ပြုလုပ်၍ရသောကြောင့် ဖမ်းဆီးခံရရန် အခြေအနေအလွန်နည်းနေသော်လည်း လောင်းကြေးငွေ၏ ကော်မရှင်သာ စားရ သည့် ဒိုင်များမှာ အန္တရာယ်အလွန်များကာ ဖမ်းဆီးခံရမှုများလည်းကြုံရကြောင်း သိရသည်။

“ကျနော်တို့အတွက်က ထိုးကြေးများများရမှ တွက်ခြေကိုက်တယ်။ လုပ်တာနည်းနည်းကြာလို့ နာမည်ထွက်လာတာနဲ့ ရဲကလိုက် တော့တာပဲ။ လိုင်းကြေးပေးရတာပေါ့။ လိုင်းကြေးပေးတော့ ကျနော်တို့အတွက် သိပ်မကျန်ဘူးပေါ့။ ဒီကြားထဲ သူတို့က မထင်ရင်၊ မထင်သလို ဖမ်းသေးတယ်” ဟု သာကေတမြို့နယ်တွင် ရပ်ကွက်အတွင်း ကော်မရှင်ဒိုင်အဖြစ် လုပ်ကိုင်နေသူတစ်ဦးက ရှင်းပြ သည်။

ယခုနောက်ပိုင်းတွင် ဘောလုံးလောင်းကစားပြုလုပ်သူများမှာ အင်တာနက်ကိုအားကိုးလာကြပြီး http://www.asianbookie.com/ နှင့် http://www.williamhill.com/ စသော အွန်လိုင်းလောင်းကစားဆိုက်များမှ လောင်းကြေးများကို လေ့လာကြကြောင်း၊ ထို့အတူ ဘောလုံးပွဲရလဒ်များ အချိန်နှင့် တပြေးညီသိရှိစေရန်အတွက် http://www.livescore.com/ နှင့် http://www.futbol24.com/ တို့ကို အသုံးများကြောင်းလည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်