နိုင်ငံတကာကို လှည့်စားရန် တိုင်းရင်းသားပါတီများကို ကြံ့ဖွံ့စည်းရုံးသည်ဟု ဆို

E-mail Print
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနေနှင့် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများကို ဆက်တိုက် လိုက်လံ စည်းရုံးနေခြင်းသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို လှည့်စားလိုသည့် သဘောသာ ဖြစ်ကြောင်း ရွေးကောက်ပွဲ မဝင်သည့် တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

“မြန်မာ့နိုင်ငံရေးမှာ တိုင်းရင်းသားတွေမပါဘဲ သွားလို့မရဘူးလေ။ ကြံ့ဖွံ့ပါတီက တပြည်လုံး အတိုင်းအတာနဲ့ နိုင်ထား တယ်ဆိုပေမယ့် ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာက အသိအမှတ်မပြုတော့ သူတို့ကို အသိအမှတ်ပြုလာအောင် စည်းရုံး ချဉ်းကပ်တဲ့ သဘောပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင် က ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ တာဝန်
ရှိသူများနှင့် ကြံ့ဖွံ့ပါတီမှအတွင်းရေးမှူးဦးဌေးဦး၊ ဦးအောင်သောင်းတို့ ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ကျနော်တို့က နိုင်ငံရေးဆွေးနွေးတာ မဟုတ်ဘူး၊ အလွတ်သဘော တွေ့ကြတဲ့သဘောပါ၊ သူတို့နဲ့ပေါင်းမယ်၊ မပေါင်းဘူး ဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေနဲ့ ပေါင်းပြီးတော့ လွှတ်တော်ထဲက ရပိုင်ခွင့်တွေ တောင်းဆို သွားပါမယ်” ဟု SNDP ပါတီ၏ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

ကြံ့ဖွံ့ပါတီ၏ တွေ့ဆုံမှုသည် တိုးတက်မှုတရပ်ဖြစ်သည် ဟုလည်း ၎င်းကပြောသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်ပေါင်းတွင် ရာခိုင်နှုန်း ၈၀ နီးပါး ရရှိထားပြီး စစ်တပ်ကိုယ်စားလှယ်များနှင့် ပေါင်းလိုက်ပါက ၈၂ ရာခိုင်နှုန်း ၀န်းကျင် ရှိကြောင်း သိရသည်။

ကိုယ်စားလှယ်နေရာ အများစုကို အနိုင်ရထားသော ကြံ့ဖွံ့ပါတီအနေဖြင့် တိုင်းရင်းသား ပါတီများကို စည်းရုံးမှု မပြုလျှင်လည်း အစိုးရတရပ် ဖွဲ့နိုင်ကြောင်း၊ သို့သော် ၎င်းတို့ပါတီအနေဖြင့် အားလုံးနှင့် ပူးပေါင်းနိုင်သည်ဟု နိုင်ငံတကာကို အပြကောင်းစေရန် တိုင်းရင်းသား ပါတီများကို လိုက်လံစည်းရုံးနေခြင်း ဖြစ်ကြောင်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

“SNDP က ရှမ်းတိုင်းရင်းသား အားလုံးကို ကိုယ်စားပြုထားတဲ့ ပါတီမဟုတ်ပါဘူး။ ဒါကြောင့် ဒီပါတီကို စည်းရုံးနိုင်ရုံနဲ့ ရှမ်းတိုင်းရင်းသား အားလုံးကို စည်းရုံးနိုင်ပြီလို့ ထင်ရင် မှားလိမ့်မယ်။ အလားတူပဲ တခြားအနိုင်ရ ပါတီတွေကို စည်းရုံးနိုင်ရုံ နဲ့လည်း နိုင်ငံတကာကရော ပြည်တွင်းက တိုင်းရင်းသားခေါင်းဆောင်တွေ ကပါ အသိအမှတ် မပြုပါဘူး” ဟု ဦးစိုင်းလိတ်က
ဆက်ပြောသည်။

ရှမ်းပြည်တွင် ရှမ်းခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင်းများ၊ လက်နက်ကိုင်နေသူများ အများအပြား ရှိသေးကြောင်း ထိုသူများ အားလုံး ပါဝင်နိုင်မှသာ ရှမ်းလူထု တရပ်လုံးပါဝင်ခြင်းဟု ဆိုနိုင်မည် ဖြစ်ကြောင်းလည်း သူက ဆိုသည်။

နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ အသိအမှတ်ပြုခံလိုပါက အားလုံးပါဝင်သော ဆွေးနွေးပွဲ ပေါ်ပေါက်လာမှသာ ရလိမ့်မည်ဟု ဦးစိုင်းလိတ်က ပြောသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ အများစု အနိုင်ရထားသော ဒေသခံ တိုင်းရင်းသားပါတီများအား ရွေးကောက်ပွဲ ပြီးချိန်မှ စ၍ လိုက်လံ စည်းရုံးလျက် ရှိသည်။

နိုဝင်ဘာဘာလဆန်းပိုင်းတွင် ကရင်တိုင်းရင်းသားပါတီ၊ ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်ကြံ့ဖွံ့ပါတီမှ တာဝန်ရှိသူများက တွေ့ဆုံ စည်းရုံးမှုများ လုပ်ဆောင်ခဲ့သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်၌ မဲဆန္ဒနယ်အများစုကို အနိုင်ရထားသော ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ (RNDP) မှ အနိုင်ရ ကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ပါတီမှ ဦးအောင်သောင်း၊ ဦးသိန်းဆွေတို့နှင့် စစ်တွေမြို့၌ တွေ့ဆုံ
ခဲ့ကြသည်။

“ကြံ့ဖွံ့ပါတီဟာ အနိုင်ရထားတဲ့ ပါတီအနေနဲ့ အပြောင်းအလဲကြီး တခုလုပ်ချင်တဲ့ ဆန္ဒရှိနေပုံရတယ်။ တပါတီတည်း လုပ်နိုင်ပေမယ့် အင်အားနဲ့ လုပ်ချင်တာလားပေါ့။ သေချာတော့ ပြောလို့မရသေးပါဘူး။ ကြံ့ဖွံ့ပါတီမှာလည်းပဲ ဒီမိုကရေစီ လိုလားတဲ့သူ ပါကောင်း ပါနိုင်ပါတယ်” ဟု RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ကပြောသည်။

အတိုက်အခံ ခေါင်းဆောင်များကမူ ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်သည် တရားမ၀င်အစိုးရအား တရားဝင် ဖြစ်စေရေးနှင့် တိုင်းရင်းသားများကို နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချရေးတို့အတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ပြောဆို ကြသည်။

“ကျနော်တို့က အသုံးချနေတာလို့တော့ မမြင်ပါဘူး။ အသုံးချ ခံတယ်ဆိုတာက လူပုဂ္ဂိုလ်တွေ တဦးချင်းစီအပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့က ကိုယ့်ရပိုင်ခွင့် ရှိတာတွေ၊ ပြောစရာတွေကို ပြောသွားမှာပါ။ ကိုယ့်လူမျိုး ကိုယ့်အမျိုးသား အတွက် အကျိုးမရှိဘူးဆိုရင် ကန့်ကွက်သွားမှာပါ” ဟုလည်း ဒေါက်တာ အေးမောင်က ဆိုသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်ပိုင်းတွင် တိုင်းရင်းသားအရေးကို ဦးစားပေး ပြောဆိုနေသောကြောင့် တိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းသွားမည်ကို စစ်အစိုးရ အနေဖြင့် စိုးရိမ်နေပုံရကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ ဥက္ကဋ္ဌ ဦးသာဘန်းက ပြောသည်။

“အတိုက်အခံတွေကိုလည်း အသိအမှတ်ပြုတယ်၊ ဦးစားပေးတယ်၊ တရားမျှတတယ် ဆိုတာကို ကမ္ဘာကို ပြချင်တာ၊ မျက်လှည့်ပြချင်တာပေါ့။ တိုင်းရင်းသားတွေကို နည်းမျိုးစုံနဲ့ စည်းရုံးတဲ့အပြင် မက်လုံးတွေ ပေးပါလိမ့်မယ်” ဟု ဦးသာဘန်း က ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ခေါင်းဆောင်များကမူ လွှတ်တော်ထဲ၌ တိုင်းရင်းသား ပါတီကိုယ်စားလှယ် များအပြင် ဒီမိုကရက်တစ်အင်အားစုထဲမှ အနိုင်ရ ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေး ကို ပြောဆိုသွားမည်ဟု ဆိုကြသည်။

“၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်ရင်းသားတွေရဲ့ မူလရပိုင်ခွင့်တွေဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာတွေက ဘာမှ ရေးထားတာ မရှိဘူး။ ဒါကြောင့် ပြောဆိုခွင့် နည်းပါးမယ်။ ဒါပေမယ့် ပြည်သူတွေက တင်မြှောက် ထားသူတွေ ဖြစ်လို့ ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ တောင်းဆိုကြလိမ့်မယ် လို့ထင်တယ်” ဟု ဦးအေးသာအောင် က ပြောသည်။

“တောင်းဆိုတယ်ဆိုတာ သူများပိုင်တာကို ပေးပါလို့ အတင်းတောင်းနေကြတာ မဟုတ်ဘူး။ ကိုယ့်ရပိုင်ခွင့် ကိုယ်တောင်းနေ ကြတာ ဖြစ်လို့ အားလုံးက စည်းလုံးညီညွတ်မှု အပြည့်နဲ့ တောင်းရင် ရကိုရမယ်။ ဒါကြောင့် အားလုံးက စည်းလုံးကြဖို့ အဓိက
ပါ” ဟု ရှမ်းခေါင်းဆောင် ဦးစိုင်းလိတ်က ဆိုသည်။

မွန်ခေါင်းဆောင်များကိုလည်း ကြံ့ဖွံ့ပါတီက မကြာမီလာရောက် ဆွေးနွေးမည်ဟု သိရကြောင်း၊ ကြံ့ဖွံ့ပါတီသည် တိုင်းရင်းသား ပါတီများက စစ်တမ်းကောက်ထားသည့် ရွေးကောက်ပွဲ မသမာမှုများ စုပေါင်းဖြေရှင်းရမည်ကို စိုးရိမ်နေပုံ ရကြောင်း၊ ထို့အပြင်
နယ်စပ်ဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့်လည်း ဆက်စပ်မှု ရှိနိုင်ကြောင်း၊ ထို့ကြောင့် ကြံ့ဖွံ့ လုပ်ရပ်ကို စောင့်ကြည့်၍ တိုင်းရင်းသား အားလုံးက သတိဖြင့် ရှေ့ဆက် ဆောင်ရွက်ရန် အရေးကြီးကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏
ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်