၇ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်သော မြန်မာအသင်းကို ပရိသတ်စိတ်ပျက်

E-mail Print
ဆူဇူကီးဖလား ပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် မြန်မာ့လက် ရွေးစင်အသင်းက အိမ်ရှင် ဗီယက်နမ် အသင်းအား ၇ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် မြန်မာပရိသတ်များ အလွန် စိတ်ပျက်ခဲ့ကြောင်း ကြားသိရသည်။

suzuki_cupလက်ရွေးစင် အသင်းမှာ အတွေ့အကြုံရင့် ကစားသမားများကိုသာ အဓိက ရွေးချယ်ခေါ်ယူသွားသည့်အတွက်  ဆူဇူကီး ဖလား ပြိုင်ပွဲတွင် အောင်မြင်မှုရနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယခုကဲ့သို့ မထင်မှတ်ဘဲ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့၍ စိတ်ပျက်နေကြခြင်း ဖြစ်သည်ဟု ပရိသတ်များက ဆိုသည်။

“တော်တော် ရင်နာဖို့ ကောင်းပါတယ်။ ဒီလို ဂိုးပြတ်ရှုံးသွားလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားဘူး။ ပြည်သူ တယောက်အနေနဲ့ အကြံပြုချင်တာကတော့ ဘောလုံးအဖွဲ့ချုပ်ကိုသာ မြေလှန်လိုက်ပါတော့။ နိုင်ငံရဲ့ ဂုဏ်သိက္ခာထိခိုက်ပါတယ်” ဟု ပရိသတ်တဦးက ပြောသည်။

ပြည်တွင်း ၀က်ဘ်ဆိုက်တခုတွင် စစ်တမ်းကောက်ထားရာ မြန်မာအသင်း အနိုင်ရမည် ဆိုသည့်ဘက်က ၈၄ ရာခိုင်နှုန်း အထိရှိခဲ့ပြီး ဗီယက်နမ်နိုင်မည် ဆိုသည့်ဘက်က ၉ ရာခိုင်နှုန်းသာ ရှိကာ၊ သရေကျမည် ဆိုသည့် ဘက်က ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည့်အတွက် မြန်မာအများစုမှာ အနိုင်ရလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော် အဆိုပါပွဲတွင် မြန်မာအသင်းမှာ ဗီယက်နမ်အသင်း၏ ထိုးဖောက်မှုများကို ကောင်းစွာ မခုခံနိုင်ခဲ့ပေ။

မြန်မာအသင်းမှာ ပွဲချိန် ၁၃ မိနစ်တွင် အဖွင့်ဂိုး ပေးလိုက်ရပြီး နောက်ထပ် ၂ မိနစ် အကြာတွင် ရန်ပိုင်၏ ပံ့ပိုးမှုမှတဆင့် အောင်ကျော်မိုးက အပြင်းကန်သွင်းကာ ချေပဂိုး သွင်းယူနိုင် လိုက်သည်။ သို့သော် ကျန်ရှိနေသည့် အချိန်များတွင် မြန်မာအသင်းမှာ အသင်းလိုက် ကစားပုံ ညံ့ဖျင်းသည့်အတွက် ဂိုးများ ဆက်တိုက် ပေးလိုက်ရကာ ယခုကဲ့သို့ ၇ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းမှာ အသင်းလိုက်စုစည်းမှု၊ တဦးခြင်းအရည်အသွေး၊ နည်းစနစ်ပိုင်း၊ နည်းပြ အရည်အသွေးပိုင်း၊ မည်သည့် နေရာတွင်မှ ဗီယက်နမ်အသင်းအား ယှဉ်နိုင်ခဲ့ခြင်းမရှိကြောင်း ပြည်တွင်း အားကစားဂျာနယ်တစောင်မှ အယ်ဒီတာ တဦးက သုံးသပ်သည်။

မြန်မာအသင်းမှာ ဆူဇူကီးဖလားပြိုင်ပွဲများ၌ ဗီယက်နမ်အသင်းနှင့် တွေ့ဆုံသည့်အခါတိုင်း အနိုင်မကစားနိုင်ခဲ့ဘဲ ဂိုးပြတ် ရှုံးနိမ့်မှုများနှင့်သာ ကြုံတွေ့ခဲ့ကြောင်း လေ့လာ သိရှိရသည်။ ယခုဆူဇူကီးဖလားကို တိုက်ဂါးဖလားဟု ခေါ်တွင်စဉ် ၁၉၉၆ ခုနှစ်ကလည်း မြန်မာအသင်းက ဗီယက်နမ်အား ၄ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ပြီး ၂၀၀၂ ခုနှစ်က ၄ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းမှာ ယခုအဖွင့်ပွဲတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းကြောင့် ကျန်ရှိနေသည့် အုပ်စုပွဲစဉ် ၂ ပွဲဖြစ်သည့် စင်ကာပူနှင့် ဖိလစ်ပိုင် အသင်းတို့အား အနိုင်ကစားနိုင်ရန် မဖြစ်မနေ ရုန်းကန်ရတော့မည်ဖြစ်သည်။ မြန်မာအသင်းမှာ ဒီဇင်ဘာ ၅ ရက်နေ့တွင် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့မှာ အုပ်စုအဖွင့်ပွဲစဉ်တွင် တဘက် ၁ ဂိုးစီ သရေ ကျထားသည့်အတွက် မြန်မာ အသင်းအနေဖြင့် ၄ သင်းပါသည့် အုပ်စုတွင် ဇယား အောက်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း တွေ့ရသည်။

“တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ ရလဒ်ပါပဲ။ ကျနော့်ကစားသမားတချို့ အာရုံစူးစိုက်မှု နည်းခဲ့တဲ့အတွက် အခုလို ဂိုးပြတ် ရှုံးနိမ့် ခဲ့တာပါ” ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က ပြောသည်။

ဗီယက်နမ်အသင်းမှာ ယခုကဲ့သို့ မြန်မာအသင်းအား ဂိုးပြတ်အနိုင်ရလိမ့်မည်ဟု လုံးဝထင်မှတ် မထားကြောင်းနှင့် မြန်မာအသင်းအား လျှော့မတွက်ထားကြောင်း ဗီယက်နမ်နည်းပြချုပ် ကာလီစတိုက ဆိုသည်ဟု အားကစား ဝက်ဘ်ဆိုက် စာမျက်နှာများတွင် ဖော်ပြထားသည်။

ဆက်လက်၍ ၎င်းက ဗီယက်နမ်အသင်း ၄ ဂိုး ၁ ဂိုးနှင့် နိုင်နေသည့် အခြေအနေ၌ ဆက်မသွင်းလျှင်လည်း နိုင်ပွဲတပွဲအတွက် လုံလောက်သည့် ဂိုး ရလဒ် ဖြစ်နေပြီဖြစ်ကြောင်း သို့သော် သူ၏ ကစားသမားများကို ဂိုးဆက်သွင်းရန် ညွှန်ကြားခဲ့သဖြင့် ယခုကဲ့သို့ ၇ ဂိုး ၁ ဂိုး အထိ ရခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ယခု AFF ဆူဇူကီးဖလား ၂၀၁၀ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့က ပူးတွဲ တာဝန်ယူထားပြီး အုပ်စု နှစ်စု ခွဲကာ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ မြန်မာ အသင်းမှာ အုပ်စု (ခ) တွင်ပါဝင်ပြီး အိမ်ရှင် ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့နှင့် ယှဉ်ပြိုင်ကစားရန်ဖြစ်သည်။ အုပ်စု (က) တွင်မူ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားနှင့် လာအိုတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကစားသည့် အုပ်စု (က) အဖွင့်ပွဲစဉ်များတွင် အင်ဒိုနီးရှားအသင်းက မလေးရှားအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီး ထိုင်းနှင့် လာအိုတို့မှာ ၂ ဂိုး ၂ ဂိုးဖြင့် သရေကျခဲ့သည်။

ထို့ကြောင့် အုပ်စု (က) အား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အင်ဒိုနီးရှား အသင်းနှင့် အုပ်စု (ခ) အား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဗီယက်နမ်အသင်းတို့မှာ ဂိုးပြတ်အနိုင်ပွဲများ ရခဲ့ကြ၍ အဖွင့်ပွဲစဉ်များ၌ မျက်နှာပန်းလှခဲ့ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်