မြန်မာသူပုန် ၃၄ ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် UNHCR စစ်ဆေး

E-mail Print
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ပရက်စီဒန်စီ အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော မြန်မာ ၃၄ ဦးကို ဒုက္ခသည် အဖြစ် အသိအမှတ် ပြုပေးရေး အတွက် လူတွေ့ စစ်ဆေး မေးမြန်းမှုများအား ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးချုပ်မှ ဥပဒေပညာရှင်များက လာရောက်ဆောင်ရွက် နေသည်ဟု သတင်းရရှိသည်။

“UNHCR အနေနဲ့ ဒီလူတွေကို ဒုက္ခသည်အဖြစ် သတ်မှတ်ဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ကာလကတ္တားမှာ သွားလုပ်ခွင့် ရခဲ့ပါတယ်။ UNHCR ရဲ့ စည်းကမ်းတွေအရတော့ အသေးစိတ် ပြောပြလို့ မရပါဘူး” ဟု နယူးဒေလီရှိ UNHCR ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီသို့ ပြောသည်။

လူတွေ့စစ်ဆေးခြင်းကို ဇန်န၀ါရီလ ၅ ရက်နေ့က စတင်ပြုလုပ်နေရာ ယမန်နေ့က ၁၆ ဦးကို စစ်ဆေးပြီးဖြစ်သည်။

အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း အမှုကိစ္စအတွက် ကူညီပေးနေသူများက ထိုသူတို့ ကွင်းလုံးကျွတ် လွတ်မြောက်ရေး၊ မြန်မာပြည်သို့ ပြန်မပို့ရေးအတွက် UNHCR ၏ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် စဉ်းစားနေဆဲအဆင့် လက်မှတ်များကို တရားရုံးသို့ တင်ပြခဲ့သော်လည်း အဆိုပါ စာရွက်စာတမ်းများမှာ ဒုက္ခသည်အဖြစ် တရားဝင်အသိအမှတ်ပြုခြင်း မဟုတ်၍ တရားရုံးက လက်မခံခဲ့ပေ။

၂၀၁၀ ဇူလိုင် ၁၂ ရက်နေ့တွင် အိန္ဒိယ အစိုးရက အဆိုပါ ရခိုင်နှင့် ကရင်တိုင်းရင်းသား ၃၄ ဦးတို့ကို လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှု၊ ဖောက်ခွဲမှု အက်ဥပဒေ၊ တရားမ၀င် နိုင်ငံခြားသား အက်ဥပဒေတို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်နှင့် ၃ လ စီနှင့် ငွေဒဏ် ရူပီး ၆၀၀၀ စီ အသီးသီး ချမှတ်ခဲ့သည်။ သူတို့သည် အထိန်းသိမ်းခံဘ၀ဖြင့် ၁၁ နှစ်ကျော်ကြာ နေခဲ့ကြပြီးဖြစ်၍ ချုပ်ရက်များ ခံစားခွင့်ရရှိကာ လွတ်မြောက်ရမည်ဖြစ်သော်လည်း အိန္ဒိယ အာဏာပိုင်များက လွှတ်ပေးခြင်း မရှိသေးပေ။

နယူးဒေလီအခြေစိုက် UNHCR အနေဖြင့် ကာလကတ္တားသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ထိုသူတို့ကို စစ်ဆေးခွင့် ရရေးအတွက် ကြိုးစားခဲ့မှု ရလဒ်အဖြစ် အိန္ဒိယအစိုးရက သဘောတူခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယအစိုးရ၏ သဘောထား ပြောင်းလဲလာမှုကိုလည်း တွေ့မြင်ရသည်ဟု မြန်မာ ၃၄ ဦး၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီး ဒေါက်တာတင့်ဆွေကဆိုသည်။

“သူတို့ကို အကူအညီပေးဖို့ ကျနော်တို့ UNHCR နဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ချဉ်းကပ်ခဲ့ပါတယ်။ သူတို့က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားတယ်။ နောက်ဆုံးတော့ အိန္ဒိယ အစိုးရကနေ UNHCR ကို သွားရောက် လူတွေ့စစ်ဆေးခွင့် ပြုလိုက်ပါတယ်” ဟု သူကပြောသည်။

UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသည့်တိုင် ကွင်းလုံးကျွတ်လွတ်မြောက်ရေးအတွက် အိန္ဒိယ အစိုးရအပေါ်တွင် မူတည်နေကြောင်း ဒေါက်တာတင့်ဆွေက ဆိုသည်။

သူက “UNHCR က မူနဲ့ သူတို့အခြေအနေတွေ ကိုက်ညီတယ်ဆိုရင်တော့ သူတို့ ဒုက္ခသည်အဖြစ် ရပါမယ်။ လွတ်ဖို့ကတော့ ဒါက အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံရေး စဉ်းစားချက်တွေကလည်း ရှိနေသေးတော့ အိန္ဒိယ အစိုးရအပေါ်မှာလည်း အများကြီး မူတည်နေပါသေးတယ်” ဟုပြောသည်။

ထိန်းသိမ်း ခံနေရသူများအနေဖြင့်မူ ယခုကဲ့သို့သော ဆောင်ရွက်မှုများကြောင့် လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်များဖြင့် အားတက်နေကြသည်ဟု ၎င်းကဆိုသည်။

အိန္ဒိယရေပိုင်နက်အတွင်းရှိ လန်းဖောလ်ကျွန်းသို့ ရောက်လာသော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့မှ ရခိုင်နှင့် ကရင်တိုင်းရင်းသားများ ပါဝင်သည့် အဆိုပါ ၃၄ ဦးကို ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယရေတပ်က ဖမ်းဆီးခဲ့သည်။

ထို့နောက် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် အက်ဒမန်ကျွန်းစု ပေါ့ပ်ဘလဲမြို့တွင် ၈ နှစ်ကျော်ကြာ အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ထိုအတောအတွင်း ၎င်းအဖွဲ့မှ ခေါင်းဆောင် ၆ ဦးတို့မှာ သေဒဏ်ပေး ခံခဲ့ရပြီး ကျန်သူများကိုမူ ကာလကတ္တား အကျဉ်းထောင်သို့ ပို့ဆောင်၍ လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်မှု၊ နိုင်ငံပိုင်နက်အတွင်း တရားမ၀င် ခိုးဝင်မှုတို့ဖြင့် အိန္ဒိယဗဟို ထောက်လှမ်းရေးအဖွဲ့ (CBI) က ၂၀၀၆ အောက်တိုဘာလတွင် တရားလိုပြု တရားစွဲဆိုခဲ့သည်။

မြန်မာ သူပုန်များဟု အစွပ်စွဲ ခံခဲ့ရသူများသည် အိန္ဒိယထောက်လှမ်းရေးအဖွဲ့မှ ဒုဗိုလ်မှူးကြီး V.S. Grewal နှင့် လျှို့ဝှက် သဘောတူညီ ထားချက်အရ လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း လက်တွေ့တွင်မူ အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့နှင့် မြန်မာစစ်အစိုးရတို့ ပူးပေါင်းအကွက်ချ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း၊ အိန္ဒိယ အစိုးရမှ စွပ်စွဲသည့် အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို လက်နက်များ ထောက်ပံ့မည့် လက်နက်ကိုင် သူပုန်များ မဟုတ်ကြောင်း တို့ကို အစဉ်တစိုက် ထွက်ဆိုခဲ့ကြသည်။

ထိုသူတို့ လွတ်မြောက်ရေးအတွက် အိန္ဒိယ လူ့အခွင့်အရေး လှုပ်ရှားသူများက ကြိုးပမ်းခဲ့ကြပြီး NCGUB ၏ ၀န်ကြီး ဒေါက်တာတင့်ဆွေ၊ Euro Burma ရုံးမှ ဒါရိုက်တာ ဦးဟန်ယောင်ရွှေနှင့် အိန္ဒိယနိုင်ငံ West Bangal ပြည်နယ်ရှိ အားကစားရေးရာဝန်ကြီးဌာနမှ အရာရှိတဦးတို့ကလည်း တရားရုံးတွင် အဆိုပါ ၃၄ ဦးသည် မြန်မာပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် တော်လှန်ရေး သမားများသာ ဖြစ်သည်ဆိုသည့် အထောက်အထားများကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းက တင်ပြ ထွက်ဆိုခဲ့ကြသေးသည်။

အမှု စစ်ဆေးစဉ် ကာလတလျှောက်လုံး တရားလိုဘက်မှ အထောက်အထားများ၊ သက်သေများ တင်ပြရန် ပျက်ကွက်မှု များစွာရှိခဲ့ပြီး တင်ပြခဲ့သည့် အထောက်အထား များမှာလည်း ခိုင်လုံမှု တစုံတရာမရှိကြောင်း မြန်မာသူပုန်များဟု စွပ်စွဲခံရ သူများ၏ ရှေ့နေများက ဝေဖန်ပြစ်တင်မှုများ ရှိခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးခဲ့သော်လည်း အရှေ့မျှော် မူဝါဒကို စတင်ကျင့်သုံးခဲ့သည့် ၁၉၉၀ နောက်ပိုင်းတွင် မြန်မာ စစ်အစိုးရနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့ပြီး စစ်အစိုးရကို စစ်သုံးပစ္စည်းများ၊ နည်းပညာ အကူအညီများပေးခြင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့ ပြုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်