ရန်ကုန် အိမ်ခြံမြေ ဈေးနှုန်းများ ထိုးတက်

E-mail Print
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် ဒေသများနှင့် မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပ မြို့နယ်များကို ဖြတ်သွားသည့် အမှတ် (၃) လမ်းမကြီးဘေးရှိ အိမ်ခြံမြေများကို စီးပွားရေး လုပ်ငန်းရှင်များက လိုက်လံ ၀ယ်ယူနေသောကြောင့် ဈေးနှုန်းများစွာ မြင့်တက်လျက် ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် တောင်းပိုင်း ၊ မြောက်ပိုင်း နှင့် အရှေ့ပိုင်းရှိ စက်မှုဇုန်ဒေသများနှင့် အမှတ်(၃) လမ်းမကြီးဘေးရှိ အိမ်ခြံမြေများ၏ ဈေး နှုန်းများမှာ ၃ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းများ ဖြစ်နေသည်ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများက ပြောသည်။

“အခုဆို မြေက သိပ်မကျန်တော့ဘူး၊ ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက တက်သွားလိုက်တာ၊ တခါမှမဖြစ်ဘူးတဲ့ ဈေးတွေဖြစ် ကုန်တယ်၊ အတက်ကလည်း ကြမ်းတယ်၊ အခု ရောင်းစရာမရှိ လောက်အောင် ၀ယ်တဲ့သူတွေနဲ့ ပြည့်ကုန်တယ်”ဟု ဒဂုံမြို့သစ် တောင်ပိုင်းရှိ ပိတောက်မြေ အိမ်ခြံမြေ လုပ်ငန်းက ပြောသည်။

စက်မှုဇုန်မြေနေရာများတွင် ၂၀၁၀ နှောင်းပိုင်းကာလများကတည်းကပင် မြေ ဧကလိုက် ၀ယ်ယူနေကြခြင်းများ ရှိလာပြီး လှိုင် သာ ယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့်မြောက်ပိုင်းစသည့် ဇုန်များတွင်မူ ဧကလိုက်မြေရောင်းရန် မကျန်တော့ကြောင်း လက် ရှိ ဈေးနှုန်းများမှာလည်း တပေ ကျပ် ၁ သိန်းမှ ၃ သိန်းဝန်းကျင်အထိ ပေါက်လျက်ရှိကြောင်း၊ ယခင်၂၀၀၈-၂၀၀၉ ခုနှစ် က တပေ လျှင် ကျပ် သောင်းဂဏန်း သာရှိသောမြေကွက်များမှာ ယခု အနိမ့်ဆုံး ၁ သိန်းမှ ၃ သိန်းအထိ ဖြစ်နေသောသောကြောင့် ဈေးနှုန်း အမြင့်ဆုံး အနေအထား ဖြစ်နေကြောင်း သိရှိရသည်။

ထို့အပြင် အမှတ်(၃)လမ်းမကြီးဘေးနှင့် မင်္ဂလာဒုံ ဥယျာဉ်မြို့တော် အနီးရှိ အိမ်ရာမြေများတွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ကတည်း ကစပြီး အ၀ယ်လိုက်လျက် ရှိကြောင်း၊ အမှတ်၃ လမ်းမကြီးပေါ်ရှိ နွယ်ခွေနှင့်အမှတ်(၃) လမ်းဆုံတွင် အောင်မင်္ဂလာ အဝေးပြေး ယာဉ် ရပ်နားစခန်းရွှေ့ပြောင်းမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး ထိုနေရာအနီးတ၀ိုက်ရှိ မြေကွက်များမှာလည်း အရောင်း အ၀ယ်လိုက်ကာ တပေလျှင် ကျပ် ၁ သိန်းနှုန်းဖြင့် ဈေးပေါက်လျက် ရှိကြောင်း သိရှိရသည်။

“အမှတ်၃ လမ်းဆုံနေရာမှာ အဝေးပြေး ယာဉ်ရပ်နား စခန်းဆောက်မယ်ဆိုတဲ့ သတင်းထွက်လာကတည်းက စီးပွားရေး လုပ်ငန်း ရှင် တွေက အပြေးအလွှား ၀ယ်ကြတယ်၊ ၀ယ်တဲ့သူတွေ ကလည်း ကုမ္ပဏီကြီးတွေပဲ”ဟု အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြော သည်။

အဆိုပါ အမှတ် ၃ လမ်းမကြီးမှာ အဝေးပြေးကားလမ်းမကြီးဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်များနှင့် လှည်းကူးမြို့နယ်ကို ဖြတ်သန်းသွားသော လမ်းမကြီးဖြစ်ကြောင်း၊ ယခု မြေ၀ယ်ယူပြီးသူများက စက်သုံးဆီ အရောင်းဆိုင်နှင့် အခြား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ၀ယ်ယူနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ နိုင်ငံရေးတွင် အရပ်သားအစိုးရ အပြောင်းအလဲ ရှိလာလိမ့်မည်ဟု ခန့်မှန်းကြသောကြောင့် နိုင်ငံခြားလုပ်ငန်းရှင်များအနေဖြင့် အိမ်ခြံမြေလောကတွင်း သို့ စုံစမ်းမေးမြန်းခြင်းများလည်း ရှိလာခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများက ဆိုသည်။

“လွှတ်တော်ပြီးရင် အရပ်သား အစိုးရတရပ်ပေါ်လာမယ်ဆိုတဲ့အတွက် နိုင်ငံခြားလုပ်ငန်းရှင်တွေလည်း ၀င်လာလိမ့်မယ်ဆိုတဲ့ အမြင်နဲ့ စက်မှုဇုန်မြေတွေက လူနေရပ်ကွက်တွေထက် ပိုပြီး အရောင်းအ၀ယ်ဖြစ်လာတယ်၊ ဈေးတွေကလည်း တော်ရုံလူ လိုက်မမီအောင် ဖြစ်သွားတယ်”ဟု တောင်ဒဂုံ စက်မှုဇုန်ရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း တခုက ပြောသည်။

၂၀၁၁ ခုနှစ်အတွင်း နိုင်ငံရေး ပြောင်းလဲမှုများ၊ ဥပဒေ အပြောင်းအလဲများပေါ်တွင် မူတည်ပြီး နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမည်ဟု မြန်မာနိုင်ငံ ထိပ်သီးစီးပွားရေး ငန်းရှင်များက ခန့်မှန်းနေကြသည်ဟုလည်း ဆိုသည်။

ထိုမြေနေရာများတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ဂိုထောင်များဆောက်လုပ်ခြင်း၊ စက်ရုံများဆောက်လုပ်ထားခြင်းတို့ဖြင့် စတင် နေပြီ ဖြစ်ကြောင်း သိရှိရသည်။

“ဂိုထောင် ဆောက်တဲ့ အပိုင်းမှာလည်း၂ ပိုင်းရှိတယ်၊ တချို့ကတော့ လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်ကိုးပြီး ဆောက်ကြတယ်၊ အဲဒီ နောက်တချို့က မင်္ဂလာဈေးက ကုန်သည်တွေကတော့ မင်္ဂလာဈေးမီးလောင်ပြီးကတည်းက ပစ္စည်းတွေသိမ်းဖို့အတွက် မြေတွေ ၀ယ်၊ ဂိုထောင်ဆောက်ပြီး သိမ်းတဲ့စနစ်ဖြစ်လာတယ်”ဟု အိမ်ခြံမြေ အကျိုးဆောင်တဦး က ပြောသည်။

ရန်ကုန်တိုင်း အတွင်းရှိ မြေဈေးကွက်များ အရောင်းအ၀ယ်ဖြစ်နေပြီး ဈေးနှုန်းမြင့်တက်နေခြင်းမှာ နိုင်ငံရေးကြောင့် သာမက မြန်မာ ကျပ်ငွေနှင့် ဒေါ်လာ လဲလှယ်နှုန်းကြောင့်လည်း ဖြစ်ကြောင်း စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ တဦးကလည်း ပြောသည်။

“အခုအချိန်မှာ ဒေါ်လာဈေးကလည်း ကျနေတယ်၊ ရွှေဈေးကလည်း ခိုင်မာမှုနည်းတော့ ပိုက်ဆံရှိတဲ့သူတွေက အိမ်ခြံမြေ၀ယ်ထား တာက ကာလတခုအတွင်းမှာ ပိုစိတ်ချရနိုင်တယ်၊ ဘဏ် တိုးနှုန်းထက်လည်း ပိုတွက်ချေကိုက်နိုင်တယ်လေ”ဟု ၎င်းက ဆိုသည်။

လူနေရပ်ကွက်များ တွင်လည်း မြေကွက်များမှာ  ကျပ် သိန်း ရာဂဏန်းနှင့် အရောင်းအ၀ယ် ဖြစ်နေပြီး သိန်း ၁၀၀ အောက် တိုက် ခန်း များတွင်လည်း အရောင်းလိုက်လျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း အတွင်းရှိ စမ်းချောင်း၊ ကမာရွတ်၊ လှိုင် ၊ အင်းစိန် မြို့နယ်များရှိ ကျပ် သိန်း ၁၀၀ ၀န်းကျင် တန်ဖိုးရှိ တိုက်ခန်းများမှာ ယခင်နှစ်ကထက် ပိုပြီး အရောင်းသွက်လျက်ရှိကြောင်း လှိုင်မြို့နယ်တွင်းရှိ အိမ်ခြံမြေ အကျိုးဆောင် တဦးက ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းအတွင်းရှိ အိမ်ခြံမြေများအပြင်နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေး-လားရှိုး လမ်းမကြီးဘေး တလျှောက်၊ စစ်ကိုင်း၊ မုံရွာ၊ မြစ်ကြီးနား စသည့်ဒေသများတွင်ပါ အရောင်းအ၀ယ်ဖြစ်နေပြီး ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာမူ အရောင်းအ၀ယ် အကောင်းဆုံးနှင့် ဈေးအမြင့်ဆုံးဖြစ်လျက်ရှိကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်