အဆင့်မြင့် ဟိုတယ်ကြီး ၃ ခု IGE ကုမ္ပဏီသို့ လွှဲပြောင်း

E-mail Print
ရန်ကုန်မြို့ရှိ သမ္မတ၊ အင်းလျားလိပ်၊ စထရင်း ဟိုတယ်ကြီး ၃ ခုအား အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင် IGE ကုမ္ပဏီ လီမိတက်သို့ စစ်အစိုးရက လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးလိုက်ကြောင်း သိရသည်။

The-Strandအဆိုပါ နိုင်ငံပိုင်ဟိုတယ်ကြီးများကို IGE ကုမ္ပဏီအား လွန်ခဲ့သည့် ၃ လခန့်မှ စတင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန က အငှားစနစ်ဖြင့် လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

“၀န်ကြီး ဗိုလ်ချုပ်စိုးနိုင်နဲ့ တွင်း(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး ဆီက တောင်းယူတာ၊ လုပ်ခွင့်ရတာ ၃လ ကျော်နေပြီ ဘာမှ မလုပ်လို့ မယူဖြစ်ဘူးတောင် ထင်နေတာ၊ ဘယ်နာမည်နဲ့ လုပ်မယ်တော့မသိဘူး”ဟု ၎င်းက ဆိုသည်။

ယခုအခါ ယင်းဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် အဖွဲ့အစည်းနှင့် ကုမ္ပဏီ ရုံးခန်းများကို ဖယ်ရှားပေးရန် သတိပေးအကြောင်းကြားစာ ပို့ထားကြောင်း အဆိုပါ နီးစပ်သူက ဆက်လက်ပြောပြသည်။

ဦးနေအောင်၏ ဖခင် ၀န်ကြီး ဦးအောင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူရင်းတဦးဖြစ်သည်ဟု လူအများပြောဆိုနေပြီး အစ်ကိုဖြစ်သူ ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး ဒေါ်နန္ဒာအေး၏ ခင်ပွန်းဖြစ်သည်။

ဦးနေအောင်သည် အောင်ရည်ဖြိုး၊ IGE ၊ MRT ၊ ယူနိုက်တက် အမရ စသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ် ငန်း များ၊ သစ်ထုတ်လုပ်ခြင်း၊ ဘဏ်လုပ်ငန်းများ လုပ်ကိုင်သည့်အပြင် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနသို့ မဟာဓာတ်အားလိုင်းများ တွင် အသုံး ပြုသည့် အကြီးစားလျှပ်စစ် ကြိုးခွေများ တင်သွင်းရေး လုပ်ငန်းများလည်း လုပ်ကိုင်သည်။

မကြာသေးမီကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်းများကို စီမံကိန်းဧရိယာသို့ အရောက်  သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ရရှိခဲ့သည်။

ရန်ကုန်မြို့ခံ စီးပွားရေး သမားတဦးက ဦးနေအောင်နှင့် ၎င်း၏ အစ်ကို ဗိုလ်မှူးပြည်အောင်တို့သည် စီးပွားရေးလောကသို့ ၀င်ရောက် လာသည်မှာ မကြာသေးသော်လည်း ယခုကဲ့သို့ အကြီးစား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို တိတ်တဆိတ်လုပ်ကိုင်လေ့ ရှိကြောင်း ပြောသည်။

IGE ကုမ္ပဏီလုပ်ကိုင်မည့် သမ္မတ ဟိုတယ်မှာ ယခင်တရုတ်လူမျိုး ဦးကျောက်စိမ်းက ပိုင်ဆိုင်ခဲ့ပြီး ဟိုတယ်အပြင် သမ္မတ ရုပ်ရှင်ရုံ ကိုပါ တွဲဖက် တည်ဆောက်ခဲ့သည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် ပြည်သူပိုင် သိမ်းခြင်း ခံရသည်။

လက်ရှိ အနေအထားအရ သမ္မတ ဟိုတယ်သည် ကြယ်သုံးပွင့် ဟိုတယ်အဆင့်တွင်ရှိပြီး စကော့ဈေးဟု လူသိများသည့် ဗိုလ်ချုပ် အောင်ဆန်းဈေး ၊ ရန်ကုန်ဘူတာကြီး နှင့် ဆူးလေဘုရား အနီးတွင် တည်ရှိသည်။

အင်းလျားလိပ် ဟိုတယ်မှာ ကြယ်လေးပွင့်အဆင့် သတ်မှတ်ခံထားရပြီး အင်းလျားကန် အနီး ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တည် ရှိသည်။

နှစ်တရာကျော် သက်တမ်းရှိသည့် စထရင်း(Strand) ဟိုတယ်မှာ ကိုလိုနီခေတ် ၁၉၀၁ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ကြယ် ငါးပွင့် အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ကုန်သည်ကြီးများ ဟိုတယ်(Trader Hotel)၊ ဆီဒိုးနား(Sedona Hotel) Summit Parkview ၊ Micasa စသည့် ဟိုတယ်ကြီးများ အပါအ၀င် အဆင့်မြင့် ဟိုတယ် ၂၈ ခုခန့် ရှိသည်။

ကန်တော်ကြီးအနီးရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ကိုမူ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ လွှဲပြောင်းရောင်းချခဲ့သည်။

ယခုကဲ့သို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွား ရေးလုပ်ငန်းရှင်ကြီးများ ၀င်ရောက် ရင်းနှီးမြုပ်နှံလာခြင်းသည် စစ်အစိုးရက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားခြင်းမှ လွှတ်ပေးပြီးနောက် ကမ္ဘာလှည့် ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မည်၊ အစိုးရအသစ် ဖွဲစည်းပြီးနောက် နိုင်ငံတကာဆက်ဆံမှု ပိုမိုကျယ်ပြန့်လာမည်ဟူသော မျှော်မှန်းချက်ဖြင့် ၀င်ရောက်လုပ်ကိုင်ခြင်းဖြစ်သည်ဟု ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက ပြောဆိုသည်။

စစ်အစိုးရ က ၁၉၉၆ ခုနှစ်ကို မြန်မာ့ခရီးသွားလာရေး နှစ် (Visit Myanmar Year)ဟု သတ်မှတ်ပြီး ဟိုတယ် အသစ်များ တည်ဆောက်ကာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရန် ဆွဲဆောင်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဥ ရောပ သမဂ္ဂ (EU)နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ကြောင့် နိုင်ငံခြားခရီးသွားများ ၀င်ရောက်လာခြင်းမရှိသည့် အတွက် မျော်မှန်း သလောက် အကျိုးမဖြစ်ထွန်းခဲ့ပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်