လွှတ်တော်အထိမ်းအမှတ် ၅ သိန်းတန် GSMချပေးမည်

E-mail Print
နှစ် ၂၀ ကျော်အတွင်း ပထမဆုံးကျင်းပသည့် လွှတ်တော်ခေါ်ယူခြင်း အထိမ်းအမှတ်အဖြစ် ကျပ် ၅ သိန်းတန် GSM မိုဘိုင်းလ် ဖုန်းလိုင်း ၂ သိန်းကို ဖေဖော်ဝါရီ ၆ ရက်နေ့မှ စတင် ချပေးတော့မည်ဖြစ်ကြောင်း သိရသည်။

phone400ယင်း GSM ဖုန်းလိုင်းများကို ၂၀၁၀ နှစ်ကုန်ပိုင်းမှ စတင်၍ နေပြည်တော်တွင် စမ်းသပ် အသုံးပြုခဲ့ပြီး ရန်ကုန်၊ မန္တလေး မြို့များတွင် ယခုလမှ စတင်ချထားပေးခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တဦးကဆိုသည်။

အဆိုပါ GSM ဖုန်းများမှာ ကြိုတင်ငွေပေးကတ် (Prepaid card) စနစ်ဖြင့် အသုံးပြုရမည်ဖြစ်ပြီး ဖုန်းနံပါတ်များကို ၀၉ - ၄၁ ဖြင့်စတင်ကာ ဂဏန်း ၉ လုံး ပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အင်တာနက် အသုံးပြုနိုင်မည့် GSM ဖုန်းများကို လျှောက်ထားလိုသူများ အနေဖြင့် ရန်ကုန်မြို့တွင် ရွှေဂုံတိုင်၊ တောင်ဒဂုံ၊ ဘုရင့်နောင်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းများ၌ လည်းကောင်း၊ မန္တလေးမြို့တွင် မန္တလေးတိုင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံးများ၌ လည်းကောင်း စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် သတင်း ထုတ်ပြန်ထားသည်။

ကျပ် ၅ သိန်းတန် GSM ဖုန်းလိုင်း ၂ သိန်း ချထားပေးမည် ဆိုခြင်းကြောင့် ယခင် ကျပ် ၁၅ သိန်းဖြင့် ချထားပေးထားသော GSM ဖုန်းများ ဈေးထိုးကျသွားကြောင်း၊ ဈေးကွက်တွင်း ဝယ်ယူမည့်သူ လုံးဝ မရှိတော့ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ ကျပ် ၅ သိန်းတန် GSM ဖုန်းများကို ပြည်သူလူထု လျှောက်ထားရန် ခက်ခဲနေကြောင်း၊ ပွဲစားများက လျှောက်လွှာများကို အရင်တင်ထားကြောင်း ရန်ကုန် ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေးတွင် ဖုန်းလျှောက်ထားသူ တဦးက ပြောသည်။

“အခုပဲ ၅ သိန်းတန် GSM လာလျှောက်တာ။ ပွဲစားတွေက ဆက်သွယ်ရေးက ဝန်ထမ်းတွေနဲ့ပေါင်းပြီး သူတို့ ဖောင်တွေကို အရင်ထပ်ထားတယ်” ဟု ၎င်းကဆိုသည်။

ကြိုတင်ငွေပေးချေကတ် ရောင်းချမှုအတွက် ဝန်ဆောင်မှုကို ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက် (Yatanarpon Teleport Co.,Ltd.) နှင့် သတင်းအချက်အလက် နည်းပညာ ဗဟိုဝန်ဆောင်မှု ကုမ္ပဏီ (Information Technology Central Services Co.) တို့အား လုပ်ကိုင်ခွင့်ပေးထားကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တဦးကပြောသည်။

ကျပ် ၁ သောင်း၊ ၂ သောင်း၊ ၃ သောင်းတန် ကတ်များနှင့် FEC 10, 20, 50 တန် ကြိုတင်ငွေပေးချေ ကတ်များအား ၀ယ်ယူ၍ ကျပ် ၅ သိန်းတန် GSM ဖုန်းတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖုန်းခေါ်ဆိုခအနေနှင့် ၁ မိနစ်လျှင် ၅၀ ကျပ်၊ SMS (သတင်းတို စာပို့စနစ်) အတွက် တစောင်လျှင် ၂၅ ကျပ်နှုန်း သတ်မှတ် ထားသည်ဟု သိရသည်။ အင်တာနက် အသုံးပြုခ တမိနစ်လျှင် ၄ ကျပ် ကျသင့်သည် ဆိုသော်လည်း အင်တာနက် အသုံးပြုနိုင်သည့် GSM ဖုန်းများကို ၆ ရက်နေ့တွင် စတင်ခွင့်ပြု၊ မပြုကိုမူ မသိရှိသေးကြောင်း ဆက်သွယ်ရေး အင်ဂျင်နီယာ တဦးကဆိုသည်။

ကျပ် ၅ သိန်းတန် GSM များကို လျှောက်ထားလိုသူများ အနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ ၂ ပုံ နှင့်အတူ သက်ဆိုင်ရာ မြန်မာ့ ဆက်သွယ်ရေးရုံးများတွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ကျပ် ၅ သိန်းတန် GSMဖုန်းလိုင်း ၂ သိန်းချထားပေးပြီးပါက လက်ရှိအသုံးပြုနေသည့် GSM ဖုန်းလိုင်း ၄၈၀၀၀၀ ကျော်နှင့် ပေါင်းလျှင် စုစုပေါင်း လိုင်း ၇ သိန်းနီးပါး ရှိလာမည်ဖြစ်သောကြောင့် ယခင်ထက် လိုင်းကျပ်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ် နေရကြောင်း GSM ဖုန်း သုံးစွဲနေသူတဦးက ပြောသည်။

“အခုဆို ကျနော်တို့ဆီမှာ GSM တွေ ဈေးတွေထိုးကျလာပြီ။ လိုင်းကလည်း အရင်ထက် များလာမယ်ဆိုတော့ လူကြီးမင်းနဲ့ပဲ တိုးတော့မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ကျပ် ၅သိန်းတန် GSM ဖုန်းများကိုလည်း လက်ရှိ GSM ဖုန်းများ အသုံးပြုနေသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ GSM ဖုန်း အလုံးရေ ၅ သိန်းဝန်းကျင်ကို ချထားပေးပြီး ဖြစ်သည်။ GSM ဖုန်းများကို ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှ စတင် ချထားပေးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်