ကြံ့ဖွံ့ ကမ္ပည်း ကျောက်စာတိုင် ထူရန် ငွေကောက်

E-mail Print
ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ် ရပ်ကွက်များရှိ ကွန်ကရစ်၊ ကတ္တရာခင်း လမ်းများ၏ ထိပ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ဖွံ့)ကမ္ပည်း မော်ကွန်း ကျောက်စာတိုင်များ စိုက်ထူရန် လမ်းတလမ်းလျှင် ကျပ် ၇ သောင်းခွဲ လိုက်လံ ကောက်ခံ နေ သည်ဟု သိရသည်။

ရန်ကုန်မြို့တော်ဝန်က ခင်းပြီး လမ်းများကို စစ်ဆေးခြင်းနှင့် လမ်းဖွင့်လှစ်ခြင်း မကြာမီပြုလုပ်တော့မည် ဖြစ်သည့်အတွက် ယခု ကဲ့သို့ ကျောက်စာတိုင် စိုက်ထူရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဆိုကာ ရပ်ကွက် ကြံ့ဖွံ့ ခေါင်းဆောင်များက ကောက်ခံနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရပ်ကွက် အဆင့် ကြံ့ဖွံ့ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် လမ်းဖြစ်မြောက်ရေးကော်မတီများထံ အဆိုပါထည့်ဝင်ငွေအား ဇန်န၀ါရီ ၃၀ ရက်ကစတင်၍ တောင်းခံနေသည်ဟု တောင်ဥက္ကလာပ ၅ ရပ်ကွက် ဒေသခံများက ပြောဆိုသည်။

တခြားသော ရပ်ကွက်များတွင်လည်း ဇန်န၀ါရီ ၂၉ ရက်နေ့ ကတည်းက ရပ်ကွက် ကြံ့ဖွံ့အဖွဲ့ဝင်များက တောင်းခံနေသည်ဟု သိရ သည်။

သို့သော် ရပ်ကွက်ဒေသခံများက ၎င်းထည့်ဝင်ငွေအတွက် လမ်းဖြစ်မြောက်ရေးကော်မတီနှင့် ညှိနှိုင်းဦးမည်ဟုဆိုကာ ငြင်းဆိုမှုများရှိနေကြကြောင်းလည်း တောင်ဥက္ကလာပ ၄ ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။

“ကမ္ပည်းမော်ကွန်း မဖြစ်မနေ စိုက်ထူရမယ်၊ ဒီငွေကို မဖြစ်မနေ ထည့်ဝင်ရမယ်လို့တော့ မပြောဘူး။ သူတို့က ကြံ့ဖွံ့ အနေနဲ့ လမ်း တလမ်း ဖြစ်မြောက်အောင် ပံ့ပိုးပြီးပြီ။ လမ်းကမ္ပည်း ဆိုင်းဘုတ်ကိုတော့ လမ်းသားတွေ ကျခံသင့်ပါတယ် ဆိုပြီး စည်းရုံး နေတယ်။ လမ်းသားတွေနဲ့ တိုင်ပင်ပါ။ ဘယ်နေ့ ပြန်လာမယ်နဲ့ ပြောသွားတယ်”ဟု တောင်ဥက္ကလာပ ၁၅ ရပ်ကွက် ဒေသခံ တဦး က ပြော သည်။

ဤသို့ ငွေ လာရောက် တောင်းခံစဉ် ၎င်းတို့နှင့်အတူ ပန်းရံသမားများလည်း ပါလာကြောင်း၊ ပန်းရံနှင့် စာလုံးထွင်းဖောက်ခ ၄ သောင်း ကျပ်၊ အုတ်သဲကျောက် အထွေထွေစရိတ် ၃ သောင်းခွဲ ကျပ် ကျသင့်သည်ဟု ပြောကြောင်း ဒေသခံများက ဆိုသည်။

ယခု ငွေကြေးကောက်ခံနေသော လမ်းများသည် ရွေးကောက်ပွဲ မတိုင်မီ လပိုင်းက စတင်ခင်းကျင်းခဲ့သော လမ်းများဖြစ်ကြပြီး လမ်းသူလမ်းသားများ က အချိုးကျ စိုက်ထုတ်၍ အကုန်အကျ ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကြံ့ဖွံ့ကမ္ပည်း မော်ကွန်း စိုက်ထူရန် ယခုကဲ့သို့ ငွေကြေးကောက်ခံခြင်းအပေါ် စိတ်ပျက်နေကြကြောင်း လမ်းဖြစ်မြောက် ရေး ကော်မတီဝင်များက ပြောဆိုသည်။

“ကျနော်တို့ လမ်းကြားဆို အကျယ် ၇ ပေ၊ အရှည် ပေ ၉၀ ရှိတယ်။  ကြံ့ဖွံ့က အုတ်သဲကျောက် ချပေးတယ်။ ဒါပေမယ့် ကွန် ကရစ် လမ်းသား လုပ်ဖို့ ဘေး အကာပျဉ်၊ ပျဉ်ကာဖို့ ၂ ပေ သံချောင်း၊ ၀န်ထမ်း အထွေထွေစရိတ်နဲ့ ကျပ် ၄ သိန်း လမ်းက ကောက်ခံ စိုက် ထုတ်ခဲ့ရတယ်”ဟု တောင်ဥက္ကလာ ၁၁ ရပ်ကွက် လမ်းဖြစ်မြောက်ရေး ကော်မတီဝင် တဦးက ဆိုသည်။

တောင်ဥက္ကလာပ မြို့နယ်အတွင်း လမ်းသွယ် အများစုမှာ ကိုယ်ထူကိုယ်ထခင်းထားသော ကတ္တရာလမ်းများ ဖြစ်ကြောင်း သိရ သည်။

၂၀၀၉ -၂၀၁၀ ခုနှစ်များအတွင်း ကျန်လမ်းသွယ်များသည် ကြံ့ဖွံ့၏ တည်ဆောက်ရေးပစ္စည်း ထောက်ပံ့မှု၊ လမ်းသားများ၏ အချိုးကျ ထည့်ဝင်ငွေများ ပေါင်းစပ်ကာ ကတ္တရာလမ်းများ ခင်းခဲ့ကြခြင်း ဖြစ်သည်။

တချို့လမ်းသွယ်များသည် လမ်းခင်းဝန်ဆောင်စရိတ် ၁၀ ပေ ကို ကျပ် ၁ သိန်းနှုန်း စည်ပင်သို့ ငွေပေးသွင်းကာ လမ်းခင်းခဲ့ကြ ရ သည်။ ကျယ်ဝန်းရှည်လျားသော တချို့လမ်းများအတွက် လမ်းသူလမ်းသားများ စုပေါင်း၍ ကျပ် သိန်း ၇၀ - ၈၀ ခန့်အထိ ထည့်ဝင် ကုန်ကျခဲ့ရသည်ဟု တောင်ဥက္ကလာပ ၄ ရပ်ကွက် ဗြဟ္မစိုရ် လမ်းသားများက ပြောပြသည်။

ထိုသို့ မြေသားလမ်းမှ ကတ္တရာ၊ ကွန်ကရစ်လမ်း ဖြစ်မြောက်ရေးအတွက် လမ်းကော်မတီမှ သင့်လျော်သောအချိုးအစား ပါဝင်မည် ဟု ကြံ့ဖွံ့သို့ တင်ပြသည့် လုပ်ငန်းစီမံချက်တွင် ထည့်သွင်းကတိပြုခဲ့ရကြောင်း လမ်းကော်မတီဝင် များကလည်း ပြောသည်။

“ကတ္တရာလမ်းဖြစ်ချင်ရင် ရေနုတ်မြောင်းတွေကို အုတ်စီမြောင်းတွေဖြစ်အောင် အရင်လုပ်လို့ မြို့တော်ဝန်က လမ်းတွေလာစစ်တုန်း က မှာသွားတယ်။ ဒီတော့ ၁ ပေကို ၃၀၀၀ ကျပ်နှုန်းနဲ့ ၁၀ ပေ ရှိရင် ၃၀၀၀၀ ကျပ်၊ ပေ ၂၀ ရှိရင် ၆၀၀၀၀ ကျပ် ကောက်ခံပြီး ကိုယ့် ဘာသာ အုတ်စီရေနုတ်မြောင်းတွေ လုပ်ခဲ့ရတယ်။ အဲဒါပြီးလို့ အကြောင်းကြားလိုက်တော့ ကြံ့ဖွံ့ပါတီက ကတ္တရာလမ်း ဆက်ခင်း ပေးတယ်”ဟု တောင်ဥက္ကလာပ ၇ ရပ်ကွက် လမ်းကော်မတီဝင် တဦးက ဆိုသည်။

ထိုသို့ လမ်းခင်းရာ၌ ပြည်သူများ၏ ထည့်ဝင်ငွေများ ပါရှိနေပြီး ပြည်သူ့ငွေဖြင့် ကြံ့ဖွံ့ ဆိုင်းဘုတ်များ ထူနေခြင်းသည် မသင့်လျော် ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့အပြင် တောင်ဥက္ကလာပမြို့နယ် အတွင်းသာမက မြို့နယ် အသီးသီးရှိ လမ်းများကို စည်းရုံးရေး အသွင်ဖြင့် တနေရာ၌ ၁၀ ပေ ၊ ပေ ၂၀ ခန့် ခင်းလိုက်၊ တခြားတနေရာပြောင်းခင်းလိုက်နှင့် စည်ပင်ကပြုလုပ်ခဲ့ခြင်းကြောင့်“တ၀က်တပျက်ခင်း အောင်သိန်းလင်း” ဟု ပြည်သူများက ပြက်ရယ်ပြုခဲ့ကြသည်။

၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီ လပိုင်းများက မြို့တော်ဝန် ဦးအောင်သိန်းလင်းသည်မြို့ပြများ၌ ကတ္တရာလမ်းခင်း ခြင်း၊ စမ်းချောင်း၊ ရန်ကင်း၊ တာမွေ၊ ကျောက်မြောင်း အပါအ၀င် ရန်ကုန် မြို့လယ် ၆ မြို့နယ်အတွင်း ရှိပြီး ကတ္တရာ လမ်းသားများအပေါ် ကွန်ကရစ်လမ်းသား ထပ်ပိုးခင်းခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ယခုကဲ့သို့ ကြံ့ဖွံ့၏ ဦးဆောင်မှုဖြင့် ဤရပ်ကွက် ဤလမ်းအား မည်သည့်နေ့ရက်တွင် ပြီးစီး၍ မြို့တော်ဝန် ဦးအောင် သိန်းလင်း က ဖွင့်လှစ်ပေးခဲ့ကြောင်း ကမ္ပည်း ကျောက်စာများလည်း စိုက်ထူခဲ့သည်။

စစ်အစိုးရ ကျောထောက် နောက်ခံပြု ဖွဲ့စည်းတည်ထောင်ထားသည့် ကြံ့ဖွံ့အသင်းကို နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ မဲ အများဆုံးဖြင့် လွှတ်တော်အမတ် နေရာ အများဆုံး ရရှိ ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်