ဗိုလ်ချုပ်မှူးကြီး သမ္မတလုပ်ရန် မသေချာတော့

E-mail Print
ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးမှ ရွေးချယ်အဆိုပြုသော ဒုတိယ သမ္မတ အမည်စာရင်းတွင် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမည်စာရင်း မပါရှိ သောကြောင့် ၎င်း သမ္မတဖြစ်ရန် မသေချာတော့ပေ။

junta_chief_than_shwe400ပြည်သူ့လွှတ်တော်တွင် ဒုတိယ သမ္မတများအတွက်ဆန်ခါတင် စာရင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဦးသိန်းစိန်နှင့် ဖလုံ-စဝေါ်ပါတီမှ ဦးစောသိန်းအောင် တို့အား အဆိုပြုခဲ့ကြပြီး အမျိုးသားလွှတ်တော်တွင် ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဒေါက်တာအေးမောင်တို့ကို အဆိုပြုခဲ့ကြသည်။

တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် သီဟ သူရ ဦးတင်အောင်မြင့်ဦးအား တင်သွင်းထားပြီး ဆန်ခါတင် ၅ ဦး၏ အရည်အချင်းကို လွှတ်တော် စိစစ်ရေးအဖွဲ့က စိစစ်ကာ လာမည့် ကြာသပတေးနေ့၌ မဲစနစ်ဖြင့် ဒုတိယ သမ္မတ ၃ ဦးကို ရွေးချယ်မည်ဖြစ်သည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဒုတိယ သမ္မတ အမည်စာရင်း တင်သွင်းခံရသူများထဲမှသာ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်မည်ဟု ရေးသားထားသောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် သမ္မတ ဖြစ်ရန်အကြောင်း မရှိတော့ပေ။

သမ္မတ လုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကာကွယ်ရေးဦးစီးချုပ် နေရာ၌ ဆက်နေမည်၊ကြံ့ဖွံ့ပါတီ၏ နာယက အဖြစ် ဆောင်ရွက်မည် သို့မဟုတ် အငြိမ်းစား ယူမည် ဟူ၍ လူအများက အမျိုးမျိုး မှန်းဆနေကြသည်။

သမ္မတ ရွေးချယ်စိစစ်ရေး အဖွဲ့တွင် စစ်အစိုးရ လူများဖြစ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတဦးဟု အများက ယူဆထားသော ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဦးသောင်းက အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရသည်။

ဒုတိယ သမ္မတ တဦးတွင် ကြံ့ဖွံ့ကိုယ်စားလှယ် မဟုတ်သော တိုင်းရင်းသား တဦးအား ရွေးချယ်ရန် တိုင်းရင်းသား ကိုယ်စားလှယ်များက ဆန္ဒရှိနေကြပြီး RNDP ပါတီ၏ ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ အမည်သည် နံပါတ် တစ်ပြေး
နေသည်။

သို့သော် လွှတ်တော်အသီးသီး၌ ကြံ့ဖွံ့ပါတီဝင်များနှင့် စစ်တပ် ကိုယ်စားလှယ်များသည် ၈၀ ရာခိုင်နှုန်းကျော် လွှမ်းမိုး ထား၍ မဲစနစ်ဖြင့် ရွေးချယ်ပါက ကြံ့ဖွံ့ပါတီကိုယ်စားလှယ်မဟုတ်သည့် တိုင်းရင်းသားကိုယ်စားလှယ်များအတွက် အခွင့်အရေး နည်းပါးလှသည်။

ပထဆုံး ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးမှ လွှတ်တော်ဥက္ကဋ္ဌ များကိုမဲပေးစနစ်ဖြင့် ရွေးချယ်ကြသော်လည်း စစ်တပ်၏ထောက်ခံမှုဖြင့် ကြံ့ဖွံ့ပါတီ ၀င်များ ကသာ ရရှိခဲ့သည်။

လွှတ်တော်အစည်းအဝေးအား မနက်ဖြန် ၁ ရက် နားမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ဖွံ့ကိုယ်စားလှယ် သူရ ဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှု ဝန်ကြီးဟောင်း ဦးခင်အောင်မြင့်ကို ရွေးချယ်ခဲ့ကြသည်။


ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နေရာအားလုံးကိုလည်း စစ်တပ်၏ ထောက်ခံမှုဖြင့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များကသာ ရရှိခဲ့သည်။

တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရက်တစ် ပါတီများသည် ၎င်းတို့ ကိုယ်စားလှယ်များထဲမှ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌ တဦးရရှိရေး အတွက် အဆိုပြု မဲပေးခဲ့ကြသော်လည်း ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များနှင့် စစ်တပ်ကိုယ်စားလှယ် များ၏ မဲကို မယှဉ်နိုင်သောကြောင့် လက်လျှော့လိုက်ရကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောသည်။

တိုင်းရင်းသား ပါတီများအနက် ရာခိုင်နှုန်း အများဆုံးအနိုင်ရထားသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ကိုယ်စားလှယ်များသည်ပင် ပြည်နယ်လွှတ်တော်၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နေရာများကို မရခဲ့ပေ။

“အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” ဟု RNDP ကိုယ်စားလှယ် တဦးက ပြောသည်။

စစ်အစိုးရ၏ ကြိုတင်စီမံထားသည့် အစီအမံများ အတိုင်း လုပ်ဆောင်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့ ဆိုးရွားလိမ့်မည်ဟု မထင်ထားခဲ့ကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

“ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံကလွဲပြီး ဘာမှလုပ်ပိုင် ခွင့်မရှိနိုင်တော့ဘူး” ဟု ၎င်းကဆိုသည်။

လွှတ်တော် အစည်းအဝေးများ၌ မေးခွန်းမေးလိုပါက ၁၀ ရက်ကြိုတင် အကြောင်းကြားရန်နှင့် အဆိုပြုလိုပါက ၁၅ ရက်ကြိုတင် အကြောင်းကြားကာ သက်ဆိုင်ရာက သဘောတူခွင့်ပြုမှသာ မေးခွင့်၊ အဆိုပြုခွင့် ရရှိမည်ဟု ဥပဒေ ထုတ်ပြန် ကန့်သတ်ထားကြောင်း ဦးနိုင်ငွေသိန်းက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်