လူ ၃ ဦးသေဆုံးသော မြဝတီဗုံးကွဲမှု လက်သည် မပေါ်

E-mail Print
ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့တွင် ယမန်နေ့က လူ ၃ ဦးသေဆုံးခဲ့သည့် ဗုံးပေါက်ကွဲမှုကို ခရိုင်အာဏာပိုင်များက မည်သည့် အဖွဲ့အစည်းများ၏ လက်ချက်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်ဟု သိရသည်။

myawaddy-smမြဝတီမြို့မှ အစိုးရ၀န်ထမ်းတဦးက “အခုဖြစ်တဲ့ပြဿနာကို မြ၀တီမှာရှိတဲ့အဖွဲ့စုံက လိုက်နေတုန်းပဲ။ ရဲတို့၊ SB (အထူးရဲသတင်းတပ်ဖွဲ့) တို့က DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်) လက်ချက်လို့ အထက်ကိုတင်တာ အပေါ်က လက်မခံဘူး။ တချို့အဖွဲ့ကလည်း KNU (ကရင်အမျိုးသား အစည်းအရုံး) လက်ချက်လို့ ပြောတယ်။ ဒီနေ့အထိ ဖြစ်စဉ်ကို ဘယ်အဖွဲ့ကမှ မတင်ပြနိုင်သေးဘူး” ဟု ပြောသည်။

ယမန်နေ့ညနေ ၄ နာရီခွဲခန့်က မြ၀တီမြို့ ချစ်ကြည်ရေးတံတားအနီးရှိ လက်ဘက်ရည်ဆိုင်ရှေ့တွင် ၂ ဆင့်ကွဲဗုံးတလုံး ပေါက်ကွဲရာ ဆိုင်ရှင်အမျိုးသမီးတဦး အပါအ၀င် လူ ၂ ဦးပွဲ ချင်းပြီးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ဒဏ်ရာရရှိသူများအနက် လမ်းဘေးဈေးသည် လူငယ်တဦးမှာ ယမန်နေ့ည ၁၀ နာရီကျော်တွင် မြ၀တီဆေးရုံ၌ သေဆုံးသွားသည်ဟု ဆေးရုံဝန်ထမ်းတဦးက ပြောသည်။

ဒဏ်ရာပြင်းထန်စွာရရှိများအနက် ၂ ဦးမှာ မြ၀တီချစ်ကြည်ရေး တံတားအောက်တွင် တာဝန်ကျသည့် ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ကြည်လေးနှင့် တပ်ဖွဲ့ဝင်တဦးတို့ဖြစ်ပြီး ထိုင်းဘက်ရှိ မဲဆောက်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူလျှက်ရှိသည်ဟု သိရသည်။

မြ၀တီမြို့ခံတဦးက “ဗုံးကွဲပြီး လူတွေသေတော့ တမြို့လုံး ထိတ်လန့်နေကြတယ်။ တချို့မိဘ အတော်များများက သူတို့ကလေးတွေကို ကျောင်းမပို့ရဲတော့ဘူး။ မနေ့ညကလည်း ကော့ကရိတ်မြို့ကို ကရင်တပ်တွေ ၀င်ပစ်တာ တညလုံးပဲ။ အသေအပျောက်တွေလည်း များတယ်လို့ ပြောနေကြတယ်” ဟုဆိုသည်။

မြန်မာပြည်တွင်းမှ မဲဆောက်သို့ စာနယ်ဇင်းမျိုးစုံ တင်ပို့ရောင်းချသူတဦးက “မနေ့ညက ကော့ကရိတ်မြို့ကို ကရင်အဖွဲ့တွေ ၀င်ပစ်တာတညလုံးပဲ။ ဒီနေမနက် ၉ နာရီအထိ သေနတ်သံတွေ ကြားနေရတုန်းပဲ။ ဒီနေ့ မြ၀တီကိုတက်မယ့် ယာဉ်တန်းတွေကို ပိတ်လိုက်ပြီ။ သွားခွင့်မပြုတော့ဘူး။ ကော့ကရိတ်တမြို့လုံးလည်း လူတွေကြောက်ပြီး အပြင်မထွက်ရဲကြတော့ဘူး” ဟု ပြောသည်။

ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိကလမ်းကြောဖြစ်သည့် မြ၀တီ-ကော့ကရိတ် တရက်ခြား ယာဉ်တန်းခရီးစဉ်ကိုလည်း လာမည့်နေ့မှစတင်ကာ အကန့်အသတ်မရှိ ပိတ်ထားမည်ဟု အာဏာပိုင်များထံမှ သိရကြောင်း အချိုရည်မျိုးစုံ တင်သွင်းသူ ကုန်သည်တဦးက ပြောသည်။

ယမန်နေ့ညက ကော့ကရိတ်မြို့ကို KNU နှင့် DKBA ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်မှူး ဆန်းအောင်က ပြောသည်။

ကရင်ပြည်နယ်အတွင်း မြ၀တီ၊ ကော့ကရိတ်၊ ဘားအံ အပါအ၀င် နအဖတပ်များ စစ်ရေးလှုပ်ရှားသည့် ဒေသများကို မြို့ပြပြောက်ကြားနည်းဖြင့် တိုက်ခိုက်ခြင်းကသာ နအဖတပ်များကို အထိနာစေသောကြောင့် DKBA က တိုက်ပွဲသဏ္ဍန် ပြောင်းလဲရခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ပူးပေါင်းတပ်ဖွဲ့တွင် DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်သည့်အဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ကော်ထူး ဦးဆောင်သည့် တပ်ဖွဲ့များပါရှိသည်ဟု တပ်မဟာ ၆ မှ တပ်မှူးတဦးက အတည်ပြုပြောကြားသည်။

ကော့ကရိတ်မြို့တိုက်ပွဲတွင် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများရှိသော်လည်း မိမိတို့ထံသို့ အသေးစိတ် အစီရင်ခံစာများ ရောက်ရှိလာခြင်း မရှိသေးဟု ၎င်းတပ်မှူးက ဖြည့်စွက်ပြောကြားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်