အီလက်ထရွန်နစ် ဈေးကွက်ပျက်

E-mail Print
ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကြပ် အတည်းကြောင့် ရန်ကုန်၊ မန္တလေးနှင့် မြို့ပြ ဒေသကြီးများရှိ တီဗီ၊ ဒီဗီဒီ၊ ရေခဲသေတ္တာ အပါအ၀င် ဇိမ်ခံ အီလက်ထရွန်နစ် ပစ္စည်းများ၏ ဈေးနှုန်း အဆမတန် ကျဆင်းနေ သော်လည်း ၀ယ်သူ မရှိဘဲ ဖြစ်နေရာ ကျပ်သိန်း ရာထောင်ချီ အရှုံးပေါ်၍ လုပ်ငန်းများ ရပ်ဆိုင်းလု အနေအထား ရောက်ရှိနေကြောင်း ရန်ကုန် အခြေစိုက် အီလက်ထရောနစ် ပစ္စည်း အရောင်းဆိုင်ကြီးများက ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့် အချိန်မှ စတင်၍ ပြည်တွင်းရှိ ဇိမ်ခံ အီလက်ထရွန်နစ် ပစ္စည်း ရောင်းဝယ်သည့် ဈေးကွက်တွင် ၀ယ်လိုအား အလွန်အမင်း ကျဆင်းလာခဲ့ရာ မုန်တိုင်းအလွန် ကာလ နောက်ပိုင်း တွင်လည်း ၀ယ်လိုအား ပြန်လည် တက်လာခြင်း မရှိဘဲ ဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း ရန်ကုန်၊ ဗိုလ်တထောင် မြို့နယ်ရှိ အီလက်ထရောနစ် ပစ္စည်းများ တင်သွင်းနေသည့် ကုမ္ပဏီ တခု၏ အုပ်ချုပ်မှုဒါရိုက်တာ တဦးက ပြောသည်။

၂၀၀၈ နိုဝင်ဘာလက ကမ္ဘာ့စီးပွားရေး အကြပ်အတည်း ရိုက်ခတ်လာခဲ့ရာ အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်းများ ရုတ်တရက် ဆက်တိုက် ကျဆင်းလာပြီး တက်ဈေးဖြင့် တင်သွင်း ၀ယ်ယူထားသော အရောင်းဆိုင်များ၊ ကုန်သည် များနှင့် ကုမ္ပဏီများမှာ လုပ်ငန်း လုပ်ကိုင်နေရင်းကပင် သိန်းရာထောင်ချီ အရှုံးပေါ်ခဲ့ရကြောင်း သူက ရှင်းပြသည်။

“အရောင်းဆိုင်တွေ လုပ်ရင်း ကိုင်ရင်းနဲ့ သိန်းရာထောင်ချီ ရှုံးကုန်တယ်။ လုပ်ငန်းအကြီး အသေးကိုလိုက်ပြီး အနည်းဆုံး သိန်းဆယ်ဂဏန်းကနေ ရာဂဏန်း ထောင်ဂဏန်းထိ ရှုံးကြတာ။ အထူးသဖြင့် ပစ္စည်းသွင်းသူတွေရဲ့ အရှုံးပမာဏက ပိုများတယ်” ဟု  ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ အီလက် ထရောနစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် တဦးက ပြောသည်။

ဈေးနှုန်းများ ဆက်တိုက်ကျဆင်းမှုကြောင့် အရှုံးပေါ်ချိန်တွင် ဈေးကွက်၌လည်း ၀ယ်လိုအား တက်လာခြင်း မရှိသည့်အတွက် အီလက်ထရွန်နစ် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းများ ငွေပြန်မဖော်နိုင်ဘဲ လုပ်ငန်း ရပ်ဆိုင်းမည့် အခြေအနေဖြစ်ပေါ်နေပြီး တချို့သော အရောင်းဆိုင်များ ပိတ်သိမ်းသွားပြီဖြစ်ကြောင်း
ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းမှ သိရှိရသည်။

“ပိတ်တဲ့ဆိုင်တွေလည်း ပိတ်ကုန်တယ်။ မပိတ်တဲ့ ဆိုင်တွေလည်း လုပ်သားလျှော့၊ အသုံးစရိတ်တွေ အရမ်းလျှော့နဲ့ တော်တော်ကို အခြေအနေ ဆိုးပါတယ်” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသော အီလက်ထရွန်နစ် ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

ပြည်တွင်း အီလက်ထရွန်နစ်ပစ္စည်း ရောင်းဝယ်မှုတွင် ၀ယ်လိုအား ပျောက်နေခြင်းကို ဖြေရှင်းရန် အရောင်းမြှင့်တင်ရေး ပွဲတော်များ၊ ဈေးရောင်းပွဲတော်များ ကျင်းပသော်လည်း ပွဲတော်ကာလအတွင်းသာ အရောင်းအ၀ယ်ဖြစ်ပြီး ကျန်အချိန်တွင် ၀ယ်အားပြန်ကျသွားသည့်အတွက် ပုံမှန်အရောင်းအ၀ယ် အခြေအနေ ပြန်လည်ရရှိရန် ခက်ခဲနေကြောင်း အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

“ဒီစီးပွားရေးအကြပ်အတည်းက သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းလုပ်သူတွေ၊ စက်ရုံလုပ်ငန်းရှင်တွေ အရင်ထိမယ်။ ပြီးရင် သူတို့နဲ့ ဆက်နွှယ်တဲ့ လူတန်းစားအားလုံးကို ထိမယ်။ အီလက်ထရွန်နစ်ပစ္စည်း အရောင်းအ၀ယ်မှ မဟုတ်ဘူး လူတန်းစားအားလုံးနဲ့ သက်ဆိုင်တဲ့ စီးပွားရေး နယ်ပယ်တိုင်းကို ထိခိုက်မှုတွေရှိမယ်” ဟု ပြည်တွင်း ဂျာနယ်များတွင် စီးပွားရေး ဆောင်းပါးများ ရေးသားနေသည့် စာရေးဆရာတဦးက သုံးသပ်သည်။ ပြည်တွင်း အီလက်ထရွန်နစ်ပစ္စည်းအရောင်းအ၀ယ်ဈေးကွက်တွင် နယ်ဝယ်လိုအား လုံးဝ ပျောက်နေပြီး မြို့ပြဒေသ ၀ယ်လိုအားမှာလည်း အနည်းငယ်သာရှိသည်ဟု သိရှိရသည်။

“ပဲပေါ်၊ စပါးပေါ်ပေမယ့် တောင်သူတွေ ငွေမရှိကြဘူး။ ဈေးတွေကျတော့ စိုက်စရိတ် မကာမိဘဲ တောင်သူတွေကွဲ တယ်။ ဒါကြောင့် နယ်ဝယ်လိုအား လုံးဝပျောက်တယ်။ ဧရာဝတီ တိုင်းကလည်း နာဂစ်ထိထားတော့ အဲဒီက တောင်သူတွေ ဇိမ်ခံပစ္စည်း ၀ယ်ဖို့ နေနေသာသာ သူတို့ဟာ သူတို့တောင် ဘယ်လိုမှ နာလန်မထူနိုင်ဘူး” ဟု မဟာဗန္ဓုလ ပန်းခြံလမ်းမှ အီလက်ထရွန်နစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်က ပြောသည်။

ယခုအခြေအနေတွင် အီလက်ထရွန်နစ်ပစ္စည်းများဈေးနှုန်းသည် ၁၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိ ကျဆင်းနေပြီး အနာဂတ်တွင် မည်သို့ မည်ပုံဈေးနှုန်း ဆက်လက်ကျဆင်းမည်ကို မခန့်မှန်းနိုင်ကြောင်း ရန်ကုန် စီးပွားရေးသမားတဦးက ပြောသည်။

“နိုင်ငံရပ်ခြားက မြန်မာတွေက ငွေမပို့နိုင်ကြဘူး။ အဆင်မပြေလို့ ပြန်လာတဲ့သူကလည်း များတယ်။ ဒီက ဈေးကွက် အရောင်းအ၀ယ်က နိုင်ငံရပ်ခြား မြန်မာတွေရဲ့ ပို့ငွေပေါ်မှာလည်း မူတည်တယ်။ အားလုံးက အဆင်မပြေတော့ ဇိမ်ခံပစ္စည်း ၀ယ်ဖို့ မစဉ်းစားတော့ဘူး” ဟု ရန်ကုန် သိမ်ကြီးဈေးအနီးမှ အီလက်ထရောနစ် ပစ္စည်း အရောင်းဆိုင်ဝန်ထမ်းတဦးက ပြောသည်။

ယခင်က ကျပ် ၃ သိန်း ၇ သောင်းပေါက်ဈေးရှိသည့် ရေခဲသေတ္တာ တလုံးလျှင် ယခု ကျပ် ၂ သိန်း ၉ သောင်းခန့်သာ ရှိတော့သည်။ နာမည်ကြီးတံဆိပ် ၂၉ လက်မ တီဗီ တလုံး၏ ယခင် ပေါက်ဈေးမှာ  ၃ သိန်း ၈ သောင်းခန့်ရှိပြီး ယခုအခါ သုံးသိန်းဝန်းကျင်သာ ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

၂၀၀၈ ခုနှစ်ကုန်ပိုင်းက အီလက်ထရွန်နစ် ပစ္စည်းများသည် တဖြည်းဖြည်း ဈေးပုံမှန်ကျဆင်း ခဲ့သော်လည်း ယခုအခါမူ ခန့်မှန်းရန် ခက်ခဲသည်အထိ ကျဆင်းလာကြောင်း လျှပ်စစ်ပစ္စည်း ရောင်းဝယ်သူ တဦးကပြောသည်။

“ဈေးနှုန်းကျတဲ့အထဲ ၀ယ်လိုအားက ၆၀ ရာခိုင်နှုန်းလောက် ပျောက်နေတယ်။ ဈေးကွက်အားလုံးကို ခြုံကြည့်ရင် ၀ယ်လိုအား ပျောက်တဲ့နှုန်းက ဒီ့ထက် ပိုချင်တောင်ပိုမယ်” ဟု သူက သုံးသပ်သည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်