အလုပ်လက်မဲ့ ပြဿနာ ရင်ဆိုင်ရတော့မည်

E-mail Print
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် များတွင် အလုပ် လုပ်ကိုင် လျက်ရှိသော အထွေထွေ လုပ်သားများ အနေနှင့် ၂၀၀၉ ခုနှစ်အတွင်း အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်ရဖွယ် ရှိကြောင်း စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ တဦးက သုံးသပ် ပြောဆိုလိုက်သည်။

ကမ္ဘာ့စီးပွားရေး အကြပ် အတည်းသည် မြန်မာနိုင်ငံ အပေါ်သို့လည်း ကုန်သွယ်ဖက် နိုင်ငံများမှ တဆင့် သက်ရောက် လျှက်ရှိသောကြောင့် လက်ရှိ အနေအထားတွင် ပြည်တွင်းရှိ အရောင်းအ၀ယ်များ ကျဆင်းကာ စက်ရုံများတွင် ထုတ်လုပ်မှုအပိုင်း၊ အလုပ်ချိန်နှင့် အလုပ်သမားလျှော့ချ ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

လက်ရှိ ပြည်တွင်း စက်ရုံများ၏ အနေအထားမှာ ကုန်သွယ်ဖက် နိုင်ငံများ၏ စီးပွားရေး အကြပ်အတည်း များကြောင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနေရသော လုပ်ငန်းများ အားလုံး လိုလို ရပ်ဆိုင်းလျက်ရှိပြီး ပြည်တွင်း ဈေးကွက်ကို မှီခိုနေကြသော စက်ရုံများ သည်လည်း ရောင်းအား ထက်ဝက်ခန့် ကျဆင်းလျက်ရှိသော အနေအထားကြောင့် ရပ်တည်ရန် ခက်ခဲလာ သည်ကို တွေ့မြင်ရကြောင်း အဆိုပါ စီးပွားရေးပညာ ပါမောက္ခက ပြောဆိုသည်။

“ခုချိန်မှာတော့ ထုတ်လုပ်မှုတွေလျှော့၊ အလုပ်ချိန်တွေ လျှော့တာပေါ့လေ။ ရေရှည် ကျရင်တော့ အလုပ်သမား လျှော့တာမျိုး လုပ်လာကြလိမ့်မယ်၊ အဲဒီ အတွက်လည်း အလုပ်သမားတွေ အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်လာလိမ့်မယ်” ဟု ၎င်းကလည်း သုံးသပ်သည်။

စက်ရုံများ အနေနှင့် ကျွမ်းကျင် လုပ်သားများမှာ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် ကျွမ်းကျင် လုပ်သားများက လွဲ၍ ကျန်အလုပ်သမား များမှာမူ အလုပ်လက်မဲ့ဖြစ်ရန် ပိုမိုနီးစပ်လျက် ရှိသည်ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက သုံးသပ်ပြောဆိုသည်။

ရန်ကုန်တိုင်း အတွင်း စက်မှုဇုန် ၁၈ ဇုန်ရှိပြီး ထို ၁၈ ဇုန်အတွင်း အလုပ်လုပ်ကိုင်လျက် ရှိသော အလုပ်သမား များအနက် ၁၃၄၉၀၀ ဦးကသာ မှတ်ပုံတင်ထားသူများဖြစ်ကြောင်း အလုပ်သမားရေး ၀န်ကြီးဌာနမှ စာရင်းများ အရ သိရှိရသည်။

ထိုမှတ်ပုံတင်ထားသော အလုပ်သမားများမှာ အမှန်တကယ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ သုံးပုံ တပုံခန့်သာရှိကြောင်း သိရပြီး အများစုမှာ မှတ်ပုံတင်မထားဘဲ ယာယီလုပ်သားများ အနေဖြင့် ၀င်ရောက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း  စက်မှုဇုန် အလုပ်သမားရေးရာ ဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်းစားသုံးသူ ဈေးကွက်၏ ၀ယ်လိုအား တခုတည်းကိုသာ မှီခို ထုတ်လုပ်လျှက် ရှိသော စားသောက်ကုန်ထုတ် စက်ရုံများသည် ရောင်းအား ထက်ဝက် နီးပါး ကျဆင်းလာမှုကြောင့် ၎င်းတို့၏ ထုတ်လုပ်မှု ပမာဏကို ယခင်ကထက် ၃၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်သကဲ့သို့ ဖြစ်ကာ လူသုံးကုန်ထုတ် စက်ရုံ များသည်လည်း ၅၀ ရာခိုင်နှုန်းခန့်အထိ လျှော့ထုတ်လာ သည်ကို တွေ့ရကြောင်း ညောင်ပင်လေးဈေး နှင့် မင်္ဂလာဈေးရှိ ကုန်သည်ကြီးများထံမှ ကြားသိရသည်။

လက်ရှိ ပြည်တွင်းစက်ရုံများ အနေနှင့် ထုတ်လုပ်မှု အပိုင်းကို လျှော့ချလိုက်သည့်အပြင် ကုန်ဈေးနှုန်းများကိုပါ လျှော့ချလိုက်ရကာ နောက်ပိုင်းတွင် မည်သို့ မည်ပုံ ဖြစ်မည်ဆိုသည်ကို မပြောနိုင်သေးကြောင်း လှိုင်သာယာ စက်မှုဇုန် ၂ မှ ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်တဦးက ဆိုသည်။

“ကျနော့် စက်ရုံက အလုပ်သမားတွေအနေနဲ့ အလုပ်ချိန်တွေ လျော့သွားတဲ့အတွက် လုပ်ခတွေတော့ နည်းသွားတာ အမှန်ပဲ။ ခုချိန်ထိတော့ ကျနော့် စက်ရုံကနေ အလုပ်ထုတ် လိုက်တဲ့ အလုပ်သမားမရှိသေးပါဘူး။ ဒါပေမယ့်လည်း ဒီလိုအခြေအနေကို ဘယ်လောက်ထိ ထိန်းထားနိုင်မလဲ ဆိုတာလည်း မပြောတတ်သေးဘူး” ဟု သူက ပြောသည်။

၂၀၀၈၊့ ဒီဇင်ဘာလတွင် နီဘန်း တီဗီအန်တာနာမှ အောက်ခြေ အလုပ်သမား ၄၉ ဦး လျှော့ချလိုက်ပြီး ပဲခူး ယန်စီးကျန်း အထည်ချုပ်လုပ်ငန်းမှ အလုပ်သမား ၃၀၀ ခန့် လျှော့ချလိုက်ကြောင်း ကြားသိရသည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ကတည်းက အထည်ချုပ် လုပ်ငန်းများ၏ သုံးပုံ နှစ်ပုံခန့်မှာ ရပ်ဆိုင်းကုန်ပြီး အလုပ်သမားပေါင်း ၁ သိန်း ၀န်းကျင်ခန့်တို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

ယခုအချိန်တွင် အစိုးရ၏ အခန်းကဏ္ဍသည်အရေး အပါဆုံးဖြစ်လာပြီး ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို မှန်မှန်ကန်ကန်၊ တိတိကျကျ၊ ဘက်စုံထောင့်စုံမှ လေ့လာကာ စီးပွားရေးမူဝါဒများကို ကြိုတင်ပြင်ဆင်၍ စာရင်း အချက်အလက်များပြုစုခြင်း၊ စီးပွားရေးပညာ သီအိုရီများပြုစုခြင်း တို့ကို စီးပွားရေးပညာရှင်များနှင့် ပူးပေါင်းကာ ဆောင်ရွက် သင့်ပြီ ဖြစ်ကြောင်း စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခက အကြံပြု ပြောကြားသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်