စစ်အစိုးရ ကျောက်မျက်ဝင်ငွေ သုံးစွဲမှု မရှင်းလင်း

E-mail Print
စစ်အစိုးရ၏ ၀င်ငွေအလုံးအရင်း ရသောလုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ ရရှိသည့် ကျောက်မျက်ရတနာ ပြပွဲသည် တခု အပါအ၀င် ဖြစ်သော်လည်း အဆိုပါ ငွေများသုံးစွဲမှုကို အာဏာပိုင်များက ရှင်းလင်းစွာ ဖော်ပြခြင်း မရှိခဲ့ပေ။

ယခုလည်း ယမန်နေ့ကစတင်ပြီး မတ် ၂၂ ရက်အထိ ၄၈ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပနေသည်။

Jade--jeweller-Show
ယင်းပြပွဲသို့ နိုင်ငံပေါင်း၂၀ မှ နိုင်ငံခြားသား ကုန်သည်များနှင့် ပြည်တွင်း ရတနာကုန်သည် ၇၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ကျောက်စိမ်း အတွဲပေါင်း ၁၆၉၃၉ ခန့်၊ ကျောက်မျက်တွဲပေါင်း၂၀၆ တွဲနှင့် ပုလဲအတွဲ ၂၅၅ တွဲ ခင်းကျင်းပြသထားသည်ဟု သတ္တုတွင်းဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ ပြပွဲ၌ ကျောက်မျက်ရတနာများကို အမေရိကန်ဒေါ်လာဖြင့် မရောင်းချဘဲ ယူရိုငွေဖြင့် သာရောင်းချခြင်းဖြစ်သော်လည်း ပမာဏ မည်မျှ ရောင်းချရမည်ကို မသိရှိရသေးပေ။

ယမန်နှစ် နိုဝင်ဘာလအတွင်းက ကျင်းပသွားသည့် ကျောက်မျက်ရတနာ ပြပွဲတွင် အမေရိကန် ဒေါ်လာ ၁.၄၄ ဘီလီယံ (ကျပ်သန်းပေါင်း ၁,၄၀၀,၀၀၀)ခန့် ရောင်းချခဲ့ရပြီး ယင်းပမာဏသည် ကျောက်မျက်ရတနာပြပွဲ သက်တမ်းတလျှောက် ပထမ ဆုံး အကြိမ် အများဆုံးစံချိန်တင် ရောင်းချရမှုဖြစ်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။

“ပြီးခဲ့တဲ့ ပြပွဲနဲ့ ယှဉ်ရင်တော့ ကျောက်စိမ်းဈေးကွက်မှာ ပြည်ပဧည့်သည် ဘယ်လောက် လာနိုင်မယ်ဆိုတာ အာဏာပိုင်တွေက ခန့်မှန်းပြီး ကျောက်စိမ်းနဲ့ ပုလဲတွဲတွေကို များများတိုး ပြသ ရောင်းချထားတယ်။ ကျောက်စိမ်းတွဲ ထွက်နှုန်း ပိုများနေတော့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေ ဖွဲ့ထားတဲ့ ကျောက်မျက်အသင်းက ၀င်ငွေပို တိုးတာပေါ့”ဟု ရန်ကုန်မြို့ ဗိုလ်ချုပ် ဈေးရှိ ရတနာဆိုင်ရှင် တဦးက ဆိုသည်။

ကျောက်စိမ်း ဈေးကွက်တွင် အဓိက ၀ယ်လိုအားဖြစ်သော တရုတ်ကုန်သည်များ လာရောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အာဏာ ပိုင်များက ယခုပြပွဲမကျင်းပမီ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ စင်းလုံးငှားလေယာဉ် ၁၆ စီးကို စီစဉ်ပေးခဲ့သည်ဟု ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် ကျန်းမာရေး ဆေးခန်းငယ်တခု ဖွင့်လှစ်ပေးထားကာ အထူးကုဆရာဝန်များ ကြည့်ရှု့ပေးခြင်း၊ စုံစမ်းရေး ကောင်တာ များ ဖွင့်လှစ်၍ ဘာသာပြန်များ ထားရှိပေးခြင်း ၊ ပါရမီ တက္ကစီကား ၁၅၀ ကျော် ထားရှိပေးခြင်းနှင့် ရတနာ ကုန်သည်များ စားသောက်နေထိုင်ရေး၊ အင်တာနက် ဆက်သွယ်ရေးများ အဆင်ပြေရန် စသည်တို့ကို စီစဉ်ပေးထားကြောင်း သိရသည်။

ယခုပြပွဲကို အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး ဖွင့်လှစ်ပေးခဲ့ပြီး မတ်လ ၈ ရက်နေ့ က ပြုလုပ်သည့် ပြပွဲ အကြို ခင်းကျင်းပြသမှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ ၎င်းတို့နှင့်နီးစပ်သည့် လုပ်ငန်းရှင်များဖြစ်သော မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် များအသင်း နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဌ ဦးတေဇတို့ တက်ရောက်ကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ကျောက်မျက်ရတနာပြပွဲကို ယခင် ၁ နှစ်၂ ကြိမ် ကျင်းပခဲ့ရာမှ ယခု ၃ လ တကြိမ် ကျင်းပမည်ဟု သိရပြီး ယခု ကျင်းပ သည့် ကျောက်မျက်ပြပွဲသည် နေပြည်တော်တွင် ဒုတိယ အကြိမ်မြောက်ဖြစ်သည်။ 

ကျင်းပလျက်ရှိသည့် ကျောက်မျက်ရတနာပြပွဲတွင် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်နှင့် ဦးတေဇပိုင် ကျောက်မျက် ရတနာ ကုမ္ပဏီများ ပါဝင်ပြသထားပြီး မြန်မာနိုင်ငံရှိ ကျောက်မျက်ရတနာ ထွက်ရှိရာ ဒေသများတွင် ၎င်းတို့ပိုင် ကုမ္ပဏီများမှ ကျောက် မျက် တူးဖော်ခွင့်များလည်း ရရှိထားသည်ဟု မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းနှင့် နီးစပ်သူများထံမှ သိရသည်။

ထို့အပြင် ပတ္တမြားနဂါးနှင့် ကျောက်စိမ်းနဂါး ကုမ္ပဏီ လီမိတက်၊ ပအိုဝ်း အမျိုးသားအဖွဲ့မှ တည်ထောင်ထားသည့် Jade Dragon Gems ကုမ္ပဏီ လီမိတက်၊ မြန်မာစည်သူ ကုမ္ပဏီ၊ ရွှေဂုဏ်ဂုဏ် ကျောက်မျက်ရတနာ လီမိတက်၊ Jind Po Aung Jade and Gems၊  ရတနာတောင်တန်း ကုမ္ပဏီ လီမိတက်၊ Khun PaO Gems ကုမ္ပဏီ လီမိတက် တို့က တူးဖော်လုပ်ပိုင်ခွင့်ရ ထားသည်။

လက်ရှိ နေပြည်တော်တွင် တည်ဆောက်မည့် ကျောက်စိမ်းသိုလှောင်ရုံများကို ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ ကုမ္ပဏီ၊ ဦးတေဇ ပိုင် ထူးထရေးဒင်း ကုမ္ပဏီနှင့် တခြား ဆောက်လုပ်ရေး ကုမ္ပဏီ ၂ ခုက ဆောက်လုပ်ခွင့် ရရှိထားသည်။

သတ္တုတွင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကျောက်စိမ်းထုတ်လုပ်မှုပမာဏမှာ နှစ်စဉ်တိုးတက် လာနေသောကြောင့် ၂၀၀၅  ခုနှစ်က ကျောက်စိမ်းရောင်းရငွေ အမေရိကန်ဒေါ်လာ ၁၉၈ သန်းကျော် ရရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၇၀၀ ကျော်အထိ ၀င်ငွေများ တိုးတက်လာသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ကျောက်စိမ်းထုတ်ယူမှု စာရင်းအရ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တန်ချိန် ၃၂၀၀၀ အထိ စံချိန်တင် ထုတ်ယူခဲ့

ပြီး ဒုတိယ အများဆုံးမှာ ၂၀၀၉-၂၀၁၀ ဖြစ်၍ တန်ချိန် ၂၅၀၀၀၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်စိမ်း တန်ချိန်ပေါင်း ၂၂၀၀၀ ကျော် ထုတ်ယူခဲ့သည်ဟု သတ္တုတွင်း ၀န်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ကုန်များနှင့် ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုများ ရှိသည်ဆိုသော်လည်း အနီးစပ်ဆုံး အိမ်နီးချင်း တရုတ် ကုန်သည် များထံသို့ ရောက်ရှိနေသည့် မြန်မာ့ကျောက်စိမ်းသည် မရေတွက်နိုင်လောက်သည့် ပမာဏတွင် ရှိနေသည်။

အမေရိကန်နိုင်ငံက သမ္မတဟောင်း ဂျော့ ဘုရှ် လက်ထက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများနှင့် လွှတ်တော်အမတ် တွမ် လန်းတို့စ် ၏ Tom Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act 2008 ဥပဒေ (စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေးလုပ်ရပ်များ အပေါ် အရေးယူသည့် ဥပဒေ) အရ စစ်အစိုးရ ခေါင်းဆောင်များ၊ ၎င်းတို့နှင့် အကျိုးတူစီးပွားဖက်များကို တိုက်ရိုက်ဒဏ်ခတ် အရေးယူမှုများ ချမှတ်ထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု ထပ်မံ သက်တမ်းတိုးရန် အမေရိကန် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို သမ္မတ အိုဘား မားကလည်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် အတည်ပြု လက်မှတ်ရေးထိုးထားသည်။

နိုင်ငံတကာ အဂတိ လိုက်စားမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့(TI) ၏ ၂၀၁၀ ပြည့်နှစ်အတွင်း နိုင်ငံပေါင်း ၁၇၈ နိုင်ငံကို ပြုလုပ်သည့် စစ်တမ်းအရ မြန်မာ နိုင်ငံသည် ဒုတိယ အဂတိလိုက်စားမှု အများဆုံးဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်