ထောင်မှလွတ်သည့် သီလရှင်များ သာသနာ့ဘောင် ပြန်ဝင်ခွင့်မရ

E-mail Print
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအတွင်း စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသော သီလရှင် ၄ ပါးသည် ပြန်လည် လွတ်မြောက်လာ သော်လည်း မူလသီတင်းသုံးရာ ကျောင်းတွင် သီလရှင်ပြန်ဝတ်ခွင့်မရကြောင်း သိရသည်။

nun_novices_burma_WQထောင်မှ လွတ်မြောက်လာသည့် သီလရှင်များကို ကူညီပေးနေသူတဦးက “သူတို့ သီတင်းသုံးခဲ့တဲ့ ကျောင်းက သူတို့ကို ပြန်လက်မခံသလို ရန်ကုန်မြို့ပေါ်က တခြားကျောင်းတိုက် တွေကလည်း အာဏာပိုင်တွေ နှောက်ယှက်မှာစိုးလို့ လက်မခံရဲကြဘူး ဖြစ်နေတယ်။ သူတို့မှာ စားဝတ်နေရေးကအစ အခက်တွေ့နေကြတယ်။ သူတို့ထဲက ၂ ပါးက အမျိုးသမီး ရောဂါလည်း ဖြစ်နေကြတယ်” ဟု ပြောသည်။

မြောက်ဥက္ကလာပ မြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ သစ္စာသရဖူ ကျောင်းတွင် သီတင်းသုံးနေသည့် သံဃာတော် ၇ ပါးနှင့် သီလရှင်များကို ၂၀၀၇ စက်တင်ဘာ တော်လှန်ရေး အတွင်း အာဏာပိုင်များက ဖမ်းဆီးထောင်ချခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းက ပြန်လည် လွတ်မြောက်ရာတွင် ပါဝင်သည့် သီလရှင်တပါးက “ညပိုင်းကြီး ကျောင်းကို လာဖမ်းတာ။ ကားနဲ့ ကျိုက္ကဆံကွင်းကို တန်းခေါ်သွားတယ်။ ကျောင်းထိုင် ဆရာတော် အရှင်အာနန္ဒာဟာ ၈၈ အရေးအခင်းတုန်းက ရဟန်းပျိုသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးတယ်ဆိုတာ သိလား၊ အခုဆရာတော် ဘာတွေ လုပ်နေတယ်ဆိုတာ သိလားနဲ့ မေးတယ်။ ဆရာလေးတို့ကလည်း မသိလို့ မသိဘူးပြောတော့ အားပေးကူညီ နေတာလို့ ပြောတယ်။ ဆရာလေးတို့ကို ကျိုက္ကဆံကွင်းမှာ ထားတုန်းက ရိုက်တာ၊ နှက်တာတော့ မရှိဘူး။ နောက်တော့ အင်းစိန်ထောင်ကို ပို့တယ်။ ထောင်ထဲမှာတင် ကျောင်းထိုင်ဆရာတော်နဲ့ သံဃာ ၃ ပါး ပျံလွန်တော်မူသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာပိုင်များက သီလရှင်များကို သာသနာတော် ညိုးနွမ်းစေမှု၊ သာသနာ့ နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်း အသုံးပြုမှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် ထောင်ချခဲ့ခြင်းဖြစ်ပြီး ယခုပြန်လွတ်လာသည့် သီလရှင် ၄ ပါးသည် ထောင်ဒဏ် ၄ နှစ်နှင့် ၃ လ ကျခံရပြီး ပြန်လွတ်လာခြင်းဖြစ်သည်။

သီလရှင်များကို အကူအညီပေးနေသူက “သူတို့ ၄ ပါးထဲက တပါးက တခြားဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာသူပါ။ အခုသူလည်း အခက်အခဲတွေ့နေတယ်။ ကိုယ့်ဘာသာဝင်ဖြစ်လာသူကို ဘယ်လို အကူအညီပေးကြမလဲဆိုတာ အာဏာပိုင်တွေလည်း စဉ်းစားသင့်ကြပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသည့် ဗုဒ္ဓဘာသာဝင်များ ဘာသာ ကူးပြောင်းသွားမည့်အရေးမှ ကာကွယ်ရန်ဟုဆိုကာ ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော် မတည်၍ သာသနနုဂ္ဂဟအသင်းကြီးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ဇေကမ္ဘာဦးခင်ရွှေက ၂၀၀၈ ခုနှစ်ကပင် ဖွဲ့စည်းထားခဲ့သည်။

ယခု သာသနာ့နွယ်ဝင် သီလရှင် ၄ ပါး သီလရှင် ပြန်လည်ဝတ်နိုင်ရေးအတွက် သာသနနုဂ္ဂဟအသင်းကြီးက ကူညီပေးနိုင်ခြင်းရှိမရှိ သိနိုင်ရန် အသင်းဥက္ကဋ္ဌ ဇေကမ္ဘာဦးခင်ရွှေထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြေဆိုခြင်း မရှိပေ။

သာသနနုဂ္ဂဟ အသင်းဝင်အဖြစ် ၀င်ကြေး သတ်မှတ်မထားကြောင်း အသင်းဥက္ကဋ္ဌက ပြောဆိုထားသော်လည်း သာသနနုဂ္ဂဟအသင်းကို အာဏာပိုင်များ၏ ကျောထောက်နောက်ခံပြုမှုဖြင့် တနိုင်ငံလုံးအနှံ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ ယခုအခါ အစိုးရ၀န်ထမ်းများကို အသင်းမ၀င် မနေရ ၀င်ခိုင်းသည့်အပြင် ၀င်ကြေး ၂၅၀၀ ကျပ် ပေးရကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့်လအတွင်းကမူ ရန်ကုန် ဗဟန်းမြို့နယ် ဆရာစံ မြောက်ရပ်ကွက်ရှိ ရပ်ကွက်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံအတွင်း ဗုဒ္ဓသာသနာ့နုဂ္ဂဟ အသင်းရုံးခန်း ဖွင့်လှစ်ရန် ဗဟန်း မယက ဥက္ကဋ္ဌက လာရောက် ပြောဆိုခဲ့ခြင်းကို ရပ်ကွက်သားများက ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းချခံနေရသော သံဃာတော် ၂၂၆ ပါးရှိနေကြောင်းနှင့် သီလရှင် မရှိတော့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်