အပစ်ရပ် ရှမ်းအဖွဲ့နှင့် နအဖတပ်များ ၃ ရက် တိုက်ပွဲဖြစ်

E-mail Print
နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်များ ပြီးခဲ့သော တပတ် တနင်္ဂနွေနေ့မှ စတင်၍ ယနေ့အထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း မြို့နယ်တွင် ၃ ရက်ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်အစိုးရ တပ်များက SSA မြောက်ပိုင်း တပ်များရှိမည်ဟု ယူဆရသည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

“တိုက်ပွဲ ထပ်ဖြစ်ဖို့တော့ အလားအလားတွေ ရှိနေတယ်၊ တိုက်ပွဲငယ်တွေပေါ့၊ ရွာအနီးအနားတို့မှာ နေလေ့ရှိတယ်လေ၊ SSA မြောက်ပိုင်း တပ်တွေက အခု ဒီတရက် နှစ်ရက် တောတွေ တောင်တွေမှာ တက်နေကုန်ကြပြီ၊ နအဖ ဘက်က လက်နက်ကြီး တွေနဲ့ သူတို့ရှိမယ်လို့ ယူဆရတဲ့ တောင်ခြေ၊ တောင်ကုန်း ပေါ်တွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ စစ်သားတွေပါ လွှတ်ထားတယ်”ဟု ၎င်းက ဆိုသည်။

အစိုးရဘက်က တပ်ရင်း အမည်များကိုမူ ရှင်းရှင်း လင်းလင်း မသိရှိရသေး သော်လည်း ယင်းဒေသများတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် စကခ ၂ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ယင်းဒေသများတွင် စစ်အစိုးရက သံချပ်ကာကား တချို့ကို တိုးချဲ့ချထားကြောင်း သိရသည်။

စစ်အစိုးရတပ်များက SSA-N ထိန်းချုပ်ထားသော ဒေသအတွင်းသို့ ၀င်ရောက်လာသောကြောင့် ၎င်းတပ်များနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဦးစိန်ကြည်က ရှင်းပြသည်။

ထိုတိုက်ပွဲများတွင် SSA-N တပ်သားတချို့ဒဏ်ရရရှိသည်ဟု ကြားသိရသော်လည်း နအဖဘက်က တပ်သားတဦးကျဆုံးကာ တဦး ဒဏ်ရာရရှိခဲ့ပြီး SSA ဘက်က သေနက်တလက် သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုရက်ပိုင်းတွင် SSA-N တပ်မဟာ ၁ ၏ ထိန်းချုပ်နယ်မြေ ၀မ်ဟိုင်းဒေသ တ၀ိုက်တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် နအဖ တပ် အင်အားများ ဖြည့်ဆည်းထားခြင်းသည် ဖြတ်လေးဖြတ်အတွက် စတင်ကျင့်သုံးနေခြင်း ဖြစ်ကြောင်း၊ SSA-N  ၀မ်ဟိုင်းဌာနချုပ်တွင် တပ်အင်အား ခန့်မှန်းခြေ ၃၀၀၀ ရှိကြောင်း သိရသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ယင်း ၀မ်ဟိုင်းဒေသကို နအဖ စစ်အစိုးရက ယခုတပတ်အတွင်း တိုက်ခိုက်နိုင်ကြောင်း စစ်ရေးလေ့လာသူများက ပြောဆိုနေကြသည်။

စစ်အစိုးရက ၀မ်ဟိုင်းဌာနချုပ်ကို တိုက်မည် ဟုသတင်းများ ကြားသိရသော်လည်း ချက်ချင်း တိုက်ခိုက်ရန် မလွယ်ကူကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA -S) မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ပြောသည်။

“စစ်ရေးအရ သုံးသပ်ကြည့်မယ်ဆိုရင်တော့ ချက်ချင်းကြီး တိုက်ဖို့ အလာအလား သိပ်မရှိသေးဘူး၊ တဖြည်းဖြည်းနဲ့ တော့ စစ်အင်အားတွေ တိုးချဲ့ပြီးတော့ မြွေမသေ တုတ်မကျိုးတဲ့ နည်းနဲ့ပဲ အသုံးချသွားမှာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ SSA-Nက လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

စိုင်းလောင်ဆိုင်းက“SSA မြောက်ပိုင်းကတော့ ပြောက်ကျားနည်းနဲ့ပဲ ပြန်ပြီးတော့ ခုခံသွားမယ်လို့ ပြောတာပဲ၊ ဒါပေမယ့် သူတို့ က ဘယ်လောက် အဆင့်အထိ အသင့်ပြင်ထားသလဲ ဆိုတာကတော့ မသိရဘူး”ဟု ပြောသည်။ 

ယခုအခါ ဒေသခံများသည် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေသူများ ရှိနေသကဲ့သို့ ထွက်ပြေး တိမ်းရှောင်မှုများလည်း ရှိကြောင်း ဦးစိန်ကြည်က ပြောသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်