ကင်တာနာ အစီရင်ခံစာ NLD ထောက်ခံ

E-mail Print
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ယမန်နေ့က ကျင်းပသည့် ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံတွင် တင်သွင်းသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ၏ အစီရင်ခံစာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ကြိုဆို ထောက်ခံလိုက်သည်။

Tomas_Ojea_Quintana_APNLD ဒု ဥက္ကဌ ဦးတင်ဦးက “မစ္စတာ ကင်တာနာ တင်ပြတာ အင်မတန် သင့်မြတ်တယ်။ ကုလသမဂ္ဂက ဦးစီးပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ငြိစွန်းနေတာ ဟုတ် မဟုတ် သေသေချာချာ ၀င်ရောက် စစ်ဆေးမှုမျိုး လုပ်ဖို့တောင်းဆိုတာဟာ အင်မတန် တရားမျှတတာကြောင့် ကျနော်တို့က ထောက်ခံကြိုဆိုတယ်၊ ဒါပေမယ့် ကြေညာချက် ထုတ်တာမျိုးတော့ လောလောဆယ် မရှိသေးဘူး”ဟု ပြောကြားသည်။

မစ္စတာ ကင်တာနာ၏ အစီရင်ခံစာသည် နိုင်ငံတကာစုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး အပါအ၀င် မြန်မာနိုင်ငံတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ချိုးဖောက် ခံနေရခြင်းများကိုပါ တင်ပြထားသည်။

ထို့အပြင် လာမည့် မြန်မာအစိုးရသစ် အနေနှင့် ယခင်နှင့်မတူ အပြောင်းအလဲများ ရှိခြင်းကို ပြသလိုလျှင် လွတ်လပ်မျှတ သော စုံစမ်းစစ်ဆေးမှုများကို ဦးစွာ လုပ်ဆောင်သင့်ကြောင်း မစ္စတာကင်တာနာက တိုက်တွန်းခဲ့သည်။

မြန်မာအစိုးရသစ်အနေနှင့် စုံစမ်းစစ်ဆေးမှုများကို ပျက်ကွက်မည် သို့တည်းမဟုတ် မလုပ်ဆောင်နိုင်ပါက နိုင်ငံတကာ အနေနှင့် အဆိုပါတာဝန်ကို ယူရလိမ့်မည်ဟုလည်း ကင်တာနာက သတိပေးပြောကြားသည်။

လူ့အခွင့်အရေးချိုးဖောက်နေသည့် အာဏာပိုင်များ၊ တာဝန်ရှိသူများကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ကင်းလွတ်ခွင့်ပေး ထားသည်များကို အမြန်ဆုံး အဆုံးသတ်စေရေးအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် လိုအပ်ကြောင်း လည်း ၎င်းက တင်ပြသည်။

စစ်အစိုးရ ကိုယ်စားလှယ် ဦးသန့်ကျော်က မစ္စတာ ကင်တာနာ၏ တင်ပြချက်များသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေ ကို မထင်ဟတ်ကြောင်း ပြောဆို၍ ပယ်ချခဲ့ပြီး မြန်မာအစိုးရအနေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ယခင် ကတည်းက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း ဆိုသည်။ ထို့အပြင်
လူ့အခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်ခဲ့သူ စစ်ဘက်၊ အရပ်ဘက် ကပုဂ္ဂိုလ်များကိုလည်း အရေးယူခဲ့သည်ဟု ချေပပြောဆိုသွားသည်။

ဦးတင်ဦးက လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စစ်အစိုးရအနေနှင့် အသေအချာ လေ့လာခွင့်ပေး၍ ရှင်း လင်း သင့်ကြောင်း၊ အစိုးရကိုယ်စားလှယ် ဦးသန့်ကျော် က တဖက်သတ် ငြင်းဆို တုံ့ပြန်သွားခြင်းသာ ဖြစ်ကြောင်း ပြော သည်။

“မစ္စတာကင်တာနာ အနေနဲ့ တရားမျှတမှု ပေးတဲ့ သဘောပဲဗျ၊ အစိုးရက တာဝန်ရှိတဲ့အနေနဲ့ ဘယ်လိုအခြေအနေ ရှိနေ တယ်ဆိုတာနဲ့ပတ်သက်ပြီး သေချာလေ့လာခွင့်ပေးပြီး ရှင်းကြ၊ လင်းကြတာဟာ အကောင်းဆုံးဖြစ်မယ်လို့ ကျနော်တို့မြင် ပါတယ်”ဟု ဦးတင်ဦးက ဆိုသည်။

စစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုမရှိကြောင်း အစဉ်တစိုက်ငြင်းဆိုခဲ့သော်လည်း ဦးသန့်ကျော် ၏ ဖြေကြားချက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်ခဲ့သူများကို အရေးယူအပြစ်ပေးမှုများလုပ်ဆောင်ခဲ့သည်ဟု ၀န်ခံပြောကြား ခဲ့သော် လည်း မည်သူမည်ဝါဖြစ်ကြောင်း၊ မည်ကဲ့သို့အရေးယူခဲ့ကြောင်းများကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး အခြေအနေများ ဆိုးဝါးနေဆဲရှိသော်လည်း ယခုအချိန်သည် ပြုပြင် ပြောင်းလဲရေးလုပ်၍ တိုင်းပြည် တိုးတက်နိုင်သည့် အခွင့်အလမ်းများရှိနေသည့် ကာလတခုဖြစ်ကြောင်း မစ္စတာ ကင် တာနာ က ယခု ညီလာ ခံ တွင် မတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ၎င်း၏ အစီအရင်ခံစာအပေါ်အခြေပြု၍ အပြန်အလှန် တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မစ္စတာ ကင်တာနာ၏ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် အကြံပြုချက်ကို ထောက်ခံသည့် နိုင်ငံပေါင်း အနည်းဆုံး ၁၅ နိုင်ငံရှိသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့စည်းပြီး မြန်မာ စစ်အစိုးရ၏ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွတ်လပ်၍ တရားမျှတစွာ ဖော်ထုတ်နိုင်ရန်အတွက် အမေရိကန်၊ ဗြိတိန် အစရှိသည့် နိုင်ငံကြီးများက လက်တွဲဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သက်ဆိုင်ရာနိုင်ငံများက ပြောကြား ထားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက သက်သေ အထောက် အထားများနှင့်တကွ အစီရင်ခံစာများထုတ်ပြန်ကာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး(ICC)က စစ်အစိုးရ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို အရေးယူနိုင်ရေးအတွက် ကြိုးပမ်း ဆောင် ရွက် နေကြခြင်းဖြစ်သည်။ 

လူ့အခွင့်အရေး အခြေအနေလေ့လာစောင့်ကြည့်နေကြသော အဖွဲ့အစည်းများ၏ အစီရင်ခံစာများ၌ အထူးသဖြင့် တိုင်း ရင်းသားဒေသများတွင် အမျိုးသမီးများ မုဒိန်းကျင့်ခံရမှု၊ အိုးအိမ်နှင့် ရိက္ခာများ ဖျက်ဆီးခံရမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှုများ ကို စစ်အစိုးရက ကျူးလွန်နေကြောင်း ဖော်ပြထားသည်။ 

ထို့အပြင် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ စုဝေးခွင့်၊ ပြောဆိုခွင့်များ ဆိတ်သုဉ်းနေခြင်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များကို ဆက်လက်ဖမ်းဆီး ညှင်းပန်း နှိပ်စက်မှုများ ပြုလုပ်နေသည့်အပြင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးခြင်း စသည့် နိုင်ငံရေး လွတ်လပ်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ စီးပွားရေး လွတ်လပ်ခွင့် အခြေအနေ အရပ်ရပ်တွင် အဖက်ဖက်မှ တိုးတက်သည့်  လက္ခဏာများမရှိကြောင်းလည်း သိရသည်။

ဦးတင်ဦးကNLD အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့ အတွက် အခြေအနေများတိုးတက်ရန် ငြိမ်းချမ်းစွာ အဖြေရှာလုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို အကောင်အထည်ဖော်သွားမည်ဖြစ် သည်ဟု ပြောကြားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်