ပုဂ္ဂလိကပိုင်ပြုမှု ငွေခ၀ါချရေး အတွက် ဖြစ်နေ

E-mail Print
စစ်အစိုးရက လေလံတင် ရောင်းချနေသည့် နိုင်ငံပိုင် အဆောက် အအုံများနှင့် မြေကွက်များကို စီးပွားရေး လုပ်ငန်းရှင်များက ငွေကြေးခ၀ါချမှု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် မတန်တဆ ဈေးများပေးကာ အလုအယက် ၀ယ်ယူနေကြောင်း သိရသည်။

Yangon-Commerical-Towerပြီးခဲ့သည့် ဇန်န၀ါရီလ၂၁ရက်နေ့ အစိုးရ သတင်းစာတွင် ၀န်ကြီးဌာန ၁၅ ခုပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခုမှ အဆောက်အအုံနှင့် မြေ နေရာများကို လေလံတင်ရောင်းချရန် ကြေညာခဲ့ရာ စီးပွားရေး လုပ်ငန်းရှင်ကြီးများက ဈေးအဆမတန်ပေးကာ ၀ယ်ယူ ကြကြောင်း၊ ထိုသို့ ၀ယ်ယူခြင်းမှာ တရားဝင်စီးပွားရေးလုပ်ငန်းမှ ရရှိထားသည့် ငွေဖြစ်ကြောင်း သက်သေပြစရာမလိုဘဲ ၀ယ်ယူသည့်တန်ဖိုး အပေါ်တွင် အစိုးရအား အခွန်ငွေ ၁၅ ရာခိုင်နှုန်းပေးဆောင်ခြင်းဖြင့် တရားဝင်ငွေကြေး(၀ါ) ငွေဖြူဟု အသိအမှတ်ပြုခံရမည် ဖြစ် သည့် အတွက် ဖြစ်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေးသမားတဦးက ဧရာဝတီ ကို ပြောသည်။

“အခွန် ၁၅ ရာခိုင်နှုန်း ဆောင်လိုက်ရင် နာမည်ပေါက်ဖြစ်ပြီ၊ ရောင်းမယ့်နေရာတွေက နေရာကောင်းတွေဆိုတော့ ဈေးပိုပေးရ လည်း တွက်ခြေကိုက်တယ်”ဟု ၎င်းက ဆိုသည်။

ရောင်းချသည့် ၀န်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခုတွင် ရန်ကုန်မြို့နှင့် တခြားသောနေရာများရှိ စက်ရုံများ၊ ကုန်သိုလှောင်ရုံများ၊ စီးပွားရေးအရ အချက်အချာကျသည့် နေရာများတွင် တည်ရှိသည့် ပြည်သူပိုင်သိမ်းထားသော နေရာများ ပါဝင်သည်။

စစ်အစိုးရနှင့် ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အေးရှားဝေါလ်ကုမ္ပဏီ၊ မက်စ်မြန်မာ ကုမ္ပဏီ၊ ထူး ကုမ္ပဏီများ က အလုအယက် ၀ယ်ယူနေရာ ပြီးခဲ့သည် မတ်လ ၁ ရက်နေ့က ဖွင့်လှစ်သည့် နောက်ဆုံးလေလံပွဲတွင် အဆောက်အအုံနှင့် မြေ ကွက်များစွာကို စစ်အစိုးရ အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့် နီးစပ်သူ ဘိန်းဘုရင် လော်စစ်ဟန် ၏ သား စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီက ရရှိသွားသည်ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမားက ဆက်လက်ပြောပြသည်။

ယခု နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသာက တာဝန်ယူ လုပ်ကိုင်နေကြောင်း သိရသည်။

ယင်းအဆောက်အအုံများကို လေလံတင်ရောင်းချရာတွင် ဈေးပြိုင် အိတ်ပိတ်တင်ဒါစနစ်ဖြင့် မည်သူမဆို လွတ်လပ်စွာ ယှဉ်ပြိုင် ၀ယ်ယူနိုင်ပြီး ၀င်ရောက်ယှဉ်ပြိုင်လိုသူသည် လျှောက်လွာတစောင်လျှင် ငွေကျပ် ၁သောင်းနှင့် စပေါ်ငွေအဖြစ် ငွေကျပ် သိန်း ၁၀၀ တင်ရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းက ပြောသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူတဦး အဆိုအရ မည်သူမဆို လွတ်လပ်စွာ ယှဉ်ပြိုင် ၀ယ်ယူနိုင်သည် ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် နှင့် ဦးစိုးသာ၏ သား အောင် စိုးသာ တို့သည် လေလံရရှိရေးတွင် အရေးပါကြောင်း သိရသည်။

“နေရာကောင်းလိုချင်ရင် ၀န်ကြီးသား အောင်စိုးသာကို ပြောလိုက်ရုံပဲ၊ ဒါဆို သွင်းဈေးဘယ်လောက်၊ သူတို့ သားအဖ အတွက် ဘယ်လောက် ဆိုပြီး ခွင်ရိုက်လိုက်တာ”ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ အောင်စိုးသာနှင့် သဘောတူညီမှု ရလျှင် လေလံစာရင်းတွင် ပါဝင်နေသည့် ကြိုက်နှစ်သက်ရာ နေရာကို တခြားသူ တဦး တယောက်မျှ မ၀ယ်ယူနိုင်ရန် လေလံစာရင်းမှ ပယ်ဖျက်ကြောင်း ၀န်ကြီး ဦးစိုးသာ က တရားဝင်စာထုတ်ပြန်ပေးပြီး သဘော တူညီ ထားသူအား ရောင်းချပေးသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီး၏ မြေး နေရွှေသွေးအောင်မှာမူ နိုင်ငံပိုင် အဆောက်အအုံများ ၀ယ်ယူနိုင်ရန် ၎င်းအားလာရောက် ပြောဆိုထားသည့် စီးပွားရေးလုပ်ငန်းရှင်များ အတွက် အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦးအား တိုက်ရိုက်ပြောဆို၍ ရယူပေးကြောင်း လည်း ၎င်းက ဆိုသည်။

နေရွှေသွေးအောင် ကိုယ်တိုင်ပင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အမှတ်(၁) စက်မှုဝန်ကြီး ဌာန၊ ရန်ကင်း မြို့နယ် အတွင်းရှိ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ အဏုမြူ စွမ်းအင် ဦးစီးဌာန၊ အမှတ်(၂) စက်မှုဝန်ကြီး ဌာန၊ အခွန်လွတ်ဈေး စသည့် နေ ရာများကို ရယူထားကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ဧဒင်ဆောက်လုပ်ရေးနှင့် မြန်မာ့ရှေ့ဆောင် ဘဏ် လုပ်ငန်းရှင် ဦးချစ်ခိုင်နှင့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင် တို့ကမူ အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး အား ချဉ်းကပ်၍ ၎င်းတို့ လိုချင်သည့် နိုင်ငံပိုင် နေရာများနှင့် ၀န်ကြီးဌာနများကို လေလံစာရင်းတွင် ထည့်သွင်းပေးရန် ငွေကြေးပေး ၍ ပြုလုပ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူက က ပြောပြသည်။

ယခုအခါ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁)၊ အင်းလျားလမ်းနှင့် ဥယျာဉ် လမ်းထောင့်ရှိ တဧကခွဲခန့် ကျယ်ဝန်းသည့် မြေ ကွက်ကို တပေပတ်လည်လျှင် ငွေကျပ် ၃ သိန်းဈေးဖြင့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်ကလည်းကောင်း၊ ဆူးလေဘုရား အနီးရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနပိုင် အထပ် ၁၅ ထပ်ခန့် ပါရှိသော အမှတ် (၇၃/၇၅) Yangon Commerical Tower အား ဦးတေဇ၏ ထူးကုမ္ပဏီက ငွေကျပ် သိန်း ၇သောင်း ဖြင့်လည်းကောင်း ၀ယ်ယူခွင့်ရရှိသွားသည်ဟု သိရ သည်။

ပြန်ကြားရေး ၀န်ကြီးဌာနပိုင် အမှတ် ၃၂၁ ဗိုလ်ချုပ်အောင်ဆန်းလမ်း ကျောက်တံတားမြို့နယ်ရှိ ဘုရင့် ရုပ်ရှင်ရုံကို ရုပ်ရှင် မင်းသမီး ဒေါ်ဝါ၀ါဝင်းရွှေက ကျပ်သိန်း ၅၅၀၀၀ ဖြင့် ၀ယ်ယူကာ တရုတ်လူမျိုး ကျောက်သူဌေး တဦးအား ကျပ်သိန်း ၈၀၀၀၀ ဖြင့် ပြန်လည် လက်လွှဲရောင်းချလိုက်ပြီး ဆုထူးပန် ရုပ်ရှင်ရုံကိုလည်း ရရှိထားသည်ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမားက ပြောသည်။

ထို့အပြင် ပြည်လမ်း ၉ မိုင်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဆောက်အအုံ နှင့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အဆောက်အအုံတချို့ကို ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းသူဌေး ရန်ချန်းဝင်း(ခ) ဦးစိန်ဝင်းရရှိသွားသည်ဟု ရန်ကုန်အခြေ စိုက် ခရော်နီကယ် အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် ရောင်းချပြီး နေရာများတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာ ကဇာတ်ရုံ နှင့် အားကစားကွင်း ပါရှိကြောင်းလည်း ဖော်ပြထားသည်။

အတည်မပြုနိုင်သောသတင်းများအရ အေးရှားဝေါလ် ကုမ္ပဏီက စမ်းချောင်း ပဒုမ္မာက ဇာတ်ရုံနှင့် အားကစားကွင်းကို ကျပ်  သိန်းပေါင်း ၅ သိန်းဖြင့် ၀ယ်ယူသွားခြင်း ဖြစ်သည်ဟု သိရသည်။

၁၉၈၉ ခုနှစ်က ကိုးကန့်၊ ၀၊ မိုင်းလား အစရှိသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခဲ့ဖူးသည်ဆိုသော အပစ်အခတ်ရပ်စဲရေး ပြုလုပ် ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကိုလည်း တရားဝင်ငွေကြေး ဖြစ်ကြောင်း သက်သေပြစရာ၊ အခွန်ဆောင်စရာ မလိုအပ်ဘဲ စစ်အစိုးရက ခွင့်ပြုခဲ့ဖူးသည်။

ထိုသို့ နိုင်ငံပိုင် ပစ္စည်းများအား ယာယီဝယ်ယူပြီး အမြတ်အစွန်းရရှိရေး အတွက် လက်ပြောင်းလက်လွှဲသဘော ပြန်လည်ရောင်းချမှု များရှိနေသည့်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်မည့် စက်ရုံ၊ အိုးအိမ်၊ မြေကွက်များကို ဈေးအများဆုံးပေးမည့် သူများထက် ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် ၀န်ဆောင်မှုလုပ်ငန်းများ အမှန်တကယ် လုပ်ကိုင်မည့်သူကိုသာ ရွေးချယ် ချထားပေးသင့်သည်ဟု ပြည်တွင်းထုတ် Weekly Eleven စာစောင်တွင် မကြာသေးမီက အကြံပြုရေးသားထားသည်ကို တွေ့ ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်