အင်တာနက်ဆိုင်မှ ဖုန်းခေါ်ဆိုမှုများ စစ်အစိုးရ ပိတ်မည်

E-mail Print
အင်တာနက် ဆိုင်များမှတဆင့် နိုင်ငံခြားသို့ ဆက်သွယ်ခေါ်ဆိုမှု များပြားလာ သောကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အခပေး နိုင်ငံခြားခေါ်ဆိုမှုများ ကျဆင်းလာပြီး နိုင်ငံတော်ဝင်ငွေ ထိခိုက်သည်ဟုဆိုကာ အာဏာပိုင်များက အဆိုပါ ၀န်ဆောင်မှုများ မပြုလုပ်ရန် တရားဝင် ညွှန်ကြားလိုက်သည်။

a-cafe-YGN-flickrမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားမှူး ဦးတင့်လွင်က မတ်လ ၂ ရက်နေ့ နေ့စွဲဖြင့် မြန်မာအင်ဖိုတက် ကော်ပိုရေးရှင်း လီမိတက်သို့ ပေးပို့သော ညွှန်ကြားချက်၌ ပြည်ပသို့ ခေါ်ဆိုရာတွင် အများပြည်သူသုံး Public Access Center (PAC) နှင့် ဆိုက်ဘာကဖေးများမှ အများဆုံး အသုံးပြုနေသည့် Skype, G-talk, Pfingo, VZO စသည့် VOIP အသုံးပြုခေါ်ဆိုမှုများကို တားမြစ်ရန် ဖော်ပြထားသည်။

တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ခွင့်ပြုထားသည့် PAC များနှင့် အင်တာနက်ကဖေးများတွင် အဆိုပါ ၀န်ဆောင်မှုများ ပြုလုပ်ပါက ဆက်သွယ်ရေး၏ တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဟုလည်း ရေးသားထားသည်။

PAC များ ဖွင့်လှစ်ရေးကို ဝန်ဆောင်မှုပေးထားသည့် မြန်မာအင်ဖိုတက်က ယင်းကြေညာချက်ကို မတ်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ထပ်မံ အကြောင်းကြားစာ တွေ့ရသော်လည်း အင်တာနက်ဆိုင်များသို့ မရောက်ရှိသေးကြောင်း သိရပြီး တရားဝင်ပိတ်ပင်မှုများ အနှေးနှင့်အမြန် ဖြစ်လာနိုင်သောကြောင့် အင်တာနက်ဆိုင်များ ထိခိုက်မှုရှိနိုင်သည်ဟု ပြည်တွင်း အင်တာနက်ဆိုင် အသိုင်းအဝန်းမှ သိရသည်။

Sky Net အင်တာနက်ကဖေးမှ ဝန်ထမ်းတဦးက “မြန်မာပြည်ကနေ လိုင်းဖုန်းသုံးပြီး ခေါ်တာထက် Skype နဲ့ Pfingo တို့က ခေါ်တဲ့အခါ ကျတဲ့ဈေးနှုန်းက အရမ်းကွာတော့ တော်တော်များများက အင်တာနက်သုံးပြီးခေါ်တဲ့ ၀န်ဆောင်မှုကို သုံးကြတယ်။ အခုထိတော့ အကြောင်းကြားစာ မရောက်သေးပေမယ့် ဒီလိုသာ ဖြစ်လာမယ်ဆိုရင်တော့ ၀င်ငွေ ၄၀ ရာခိုင်နှုန်းလောက် လျော့သွားနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အင်တာနက် အသုံးပြု ခေါ်ဆိုခမှာ စင်ကာပူ၊ မလေးနှင့် အာရှနိုင်ငံများသို့ ၁ မိနစ်လျှင် ၅၀ ကျပ်၊ အမေရိကန်သို့ ၁ မိနစ်လျှင် ၂၀၀ ကျပ်၊ တောင်အာဖရိကနိုင်ငံသို့ ၁ မိနစ်လျှင် ၄၀၀ ကျပ်နှုန်း ရှိသည်ဟု သိရသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းလိုင်း အသုံးပြုခေါ်ဆိုပါက စင်္ကာပူနိုင်ငံသို့ ၁ မိနစ်လျှင် အမေရိကန်ဒေါ်လာ ၁.၇၅ ဒေါ်လာ (၁၆၀၀ ကျပ်ခန့် )၊ ထိုင်းနိုင်ငံသို့ ၁ မိနစ်လျှင် ၁.၄ ဒေါ်လာ (၁၀၀၀ ကျပ်ခန့်)၊ အမေရိကန်သို့ ၁ မိနစ်လျှင် ၄.၅ ဒေါ်လာ (၃၂၀၀ ကျပ်ခန့်) သတ်မှတ်ထားသည်။

ကျောက်တံတားမြို့နယ်ရှိ အင်တာနက် ကဖေးဆိုင်မှ တာဝန်ရှိသူတဦးက “လက်ရှိ အခြေအနေကို သုံးသပ်ရင် အင်တာနက်သုံးပြီး ဖုန်းခေါ်တဲ့ ၀န်ဆောင်မှုက ဆိုင်အနေနဲ့ရော လာသုံးတဲ့သူအတွက်ပါ တော်တော် အဆင်ပြေ၊ အကျိုးရှိတယ်။ ငွေကုန်ကြေးကျ မများဘူး။ တွေ့တဲ့ အင်တာနက်ဆိုင် ၀င်သွားပြီး ခေါ်ပေးပါ ပြောလို့ရတယ်” ဟု ပြောသည်။

ပြည်တွင်းရှိ အင်တာနက်ဆိုင် အများစုတွင်  ဖုန်းခေါ်ဆိုမှုကို အဓိက ၀န်ဆောင်မှုပေး ရပ်တည်နေသည့်ဆိုင်နှင့် ပုံမှန် အင်တာနက် သုံးစွဲမှုအတွက် အဓိက ၀န်ဆောင်မှုပေးသည့် ဆိုင်ဟူ၍ ၂ မျိုး ခွဲနိုင်ကြောင်း သိရသည်။

၎င်းက ဆက်၍ “လက်ရှိ အခြေအနေက အင်တာနက်ဆိုင် အလုပ်ကနေ တခြားအလုပ် ပြောင်းလုပ်ရမယ့် အခြေအနေဖြစ်နေပြီ။ တနေ့တနေ့ ပိုပို ဆိုးလာတဲ့ ကွန်နက်ရှင်နဲ့ အင်တာနက် ၀န်ဆောင်မှုနဲ့ကတော့ တော်တော် အဆင်မပြေတာ။ အခုနောက်ပိုင်း ချပေးတဲ့၊ အင်တာနက်သုံးလို့ရတဲ့ ၅ သိန်းတန်ဖုန်းတွေက ထွက်လာတော့ ဆိုင်မှာ လူလျော့သွားတယ်။ ထပ်ပြီး ဒီလို ဖုန်းဝန်ဆောင်မှုပါ မလုပ်ရတော့ဘူးဆိုရင်တော့ ဆိုင်ပိတ်ဖို့ပဲရှိတော့တယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ပိတ်ပင်နည်းဖြင့် အာဏာပိုင်များက နိုင်ငံခြားဝင်ငွေ တိုးလာစေရန် ပြုလုပ်ခြင်းသည် သုံးစွဲသူ ပြည်သူများအတွက် ငွေကြေးကုန်ကျမှုပိုများပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအတွက်သာ အကျိုးရှိလာနိုင်သည်ဟု ပြည်ပခေါ်ဆိုမှု ပုံမှန်ပြုလုပ်နေသူတဦးက ဆိုသည်။

၎င်းက “လိုင်းဖုန်းသုံးခေါ်ရင် ဈေးကြီးတယ်။ ပြည်ပကလူကို မြန်မာပြည် ခေါ်ခိုင်းတော့ မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့် G-talk ပြောတာ၊ VZO နဲ့ ချက်ပြီး ကိုယ့်မိသားစုနဲ့ ပြောတာမျိုးတွေ မသုံးရဘူး ဆိုတာကတော့ စဉ်းစားဉာဏ်မရှိဘူးလို့ ထင်တယ်။ ဒီလို အခမဲ့ သုံးစွဲခွင့်ရနေတဲ့ ဟာတွေကို လိုက်ပိတ်ပင်နေတာမျိုးကတော့ သိပ်ဆိုးလွန်းတယ်” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးတင့်လွင်သည် နိုင်ငံခြားခေါ်ဆိုမှုမှ ရရှိသည့် ၀င်ငွေ ကျဆင်းနေခြင်းကြောင့် ယခုကဲ့သို့ နည်းလမ်းရှာခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအသိုင်းအ၀န်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတဦးက “ဦးတင့်လွင်က လုပ်ချင်နေတာ ကြာပြီ။ တဖက်ကလည်း အင်တာနက်လိုင်းတွေနဲ့ ပတ်သက်ပြီး FTTX လို ၀န်ဆောင်မှုတွေအပြင် အာဏာပိုင်နဲ့ နီးစပ်တဲ့သူတွေ ထုတ်ရောင်းနေတဲ့ အင်တာနက် သုံးလို့ရတဲ့ဖုန်းတွေနဲ့ အပြိုင်ဖြစ်နေမှာ စိုးလို့ဆိုပြီး ခဏစောင့်နေတာ။ အရင်တုန်းက လိုင်းဖုန်းကနေ ဥပမာ  တလမှာ  နိုင်ငံခြားဖုန်းခေါ်တာ မိနစ် ၁ သိန်းကနေ မိနစ် ၅ သောင်းအထိ ကျသွားတဲ့အခါ ရမယ့်ဒေါ်လာ လျော့သွားတော့ တော်တော် မကျေမနပ်ဖြစ်နေတယ်။ အဲဒါကြောင့် အခုလို ညွှန်ကြားချက် ထွက်လာတာ” ဟု ဆိုသည်။

ပြည်တွင်းမှ စာနယ်ဇင်းသမား တဦးက “အရင်က ဖုန်းခေါ်ချင်ရင် ပြည်တွင်းအထွက်က ဈေးကြီးလို့ ပြည်ပကလူက လှမ်းခေါ်ကြတယ်။ ပြည်ပမှာကတော့ အပြိုင်အဆိုင် ဖုန်းခေါ်ခတွေ ဈေးလျှော့တော့ ပြည်ပကနေ ပြည်တွင်းကိုခေါ်တာ ပိုများတယ်။ အင်တာနက်ရလာတော့ အင်တာနက်ကနေ ဖုန်းခေါ်လို့ ပြန်ရသွားတာနဲ့ ၂ ဖက်လုံး တော်တော်အဆင်ပြေသွားရာကနေ အခုက ခေတ်နောက်ပြန် ဆွဲသလို ဖြစ်နေတယ်” ဟု ပြောသည်။

မြန်မာအင်ဖိုတက် ကော်ပိုရေးရှင်း လီမိတက်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် PAC လိုင်စင်ထုတ်ပေးသည့် ၀န်ဆောင်မှုကို တဦးတည်း လုပ်ကိုင်ခွင့်ရရှိထာကြောင်း၊ နည်းပညာနယ်ပယ်တွင် ပထမဆုံးသော အများပိုင်ကုမ္ပဏီဖြစ်ပြီး နိုင်ငံတော်အဆင့် စီးပွားရေးလုပ်ငန်းများကို ပါဝင်လုပ်ကိုင်ခွင့် ရနေကြောင်း သိရသည်။

ယမန်နှစ် မတ်လက ကျင်းပသော မြန်မာအင်ဖိုတက်၏ နှစ်ပတ်လည် အစီရင်ခံစာအရ ကုမ္ပဏီ၏ ဝင်ငွေ ကျပ်သိန်း ၈၀၀၀ ကျော်ရရှိခဲ့ကြောင်း၊ PAC များမှရရှိသည့် ၀င်ငွေသည် ကျပ်သိန်း ၃၅၀၀ ၀န်းကျင်ဖြင့် အများဆုံး ဖြစ်ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်တွင် ငွေကျပ် သိန်း ၅၀၀ ဖြင့် စတင်ခဲ့သော မြန်မာအင်ဖိုတက်သည် လက်ရှိ အသားတင် ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း ၁၀၇၀၀ ရှိပြီး ထည့်ဝင်ထားသည့် ရှယ်ယာအရေအတွက် ၃၀၄၀၀၀၀ ကျော် ရှိသည်ဟု ယခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်