ဂျပန်ရှိ မြန်မာများ သံရုံး ကူညီမှုမရ

E-mail Print
နျူကလီးယား အန္တရာယ် စိုးရိမ်မှုများကြောင့် ဂျပန်နိုင်ငံမှ ရှောင်တိမ်းရန် ကြိုးစားနေကြသည့် မြန်မာများကို တိုကျိုရှိ မြန်မာ သံရုံးက မည်သို့မျှ အကူအညီ ပေးခြင်းမရှိဘဲ အခွန်ကောက်ခံမှုသာ အဓိက လုပ်ဆောင်နေသည်။

Tokyo-Electric-Power-Co.-Fukushima-Daiichi-Nuclear-Power-Plant-reactor“သံရုံးတော့ ဖွင့်ထားတယ်၊ မြန်မာနိုင်ငံပြန်ဖို့ သံရုံးကိုဆက်သွယ်ပါလို့ ပြောထားတယ်၊ လူတွေလည်း ကြိတ်ကြိတ် တိုး ပဲ၊ အခက်အခဲကို ကူညီဖို့ သူတို့ စိတ်မ၀င်စားဘူး၊ အခွန်ကောက်ဖို့ပဲ စိတ်ဝင်စားတာ၊ အခွန်ရုံးလို့ပဲခေါ်တယ်၊ သံအမတ် လည်း မရှိဘူး ကြားတယ်”ဟု ဂျပန် ရှိမြန်မာ အမျိုးသား တဦးဖြစ်သူ ဦးသာထက်က ဧရာဝတီသို့ ပြောသည်။

မြန်မာသံအမတ်ကြီးနှင့် မိသားစုမှာ ဂျပန်မှတိမ်းရှောင်သွားပြီဖြစ်ကြောင်း ဂျပန်ရှိ မြန်မာ အသိုင်းအ၀ိုင်းကြား အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်နေသည်။

ယင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး မေးမြန်းရန် ဂျပန်ရှိ မြန်မာသံရုံးသို့ အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ထို့အပြင် ငလျင်နှင့် ဆူနာမီ စတင်ဖြစ်ပွားပြီးနောက် မြန်မာသံရုံးခေတ္တပိတ်ထားသည်ဟု သံရုံး၏၀က်ဘ်ဆိုက်တွင် ဖော်ပြ ခဲ့သည်။ ထို့နောက် မတ်လ ၁၅ ရက်နေ့ ဒေသစံတော်ချိန် ၁၃:၀၀ နာရီမှစတင်ကာ ရုံးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ကြေညာထားသည်။

ဂျပန်ရှိ မြန်မာအများစုမှာ အလုပ်အကိုင်ရှိသူအနေနှင့် တလလျှင်အခွန်ငွေ ယန်း တသောင်း(အမေရိကန်ဒေါ်လ ၁၂၅)မြန် မာသံရုံးသို့ပေးသွင်းမှသာ နိုင်ငံကူးလက်မှတ်တရားဝင်မည်ဖြစ်သော်လည်း တချို့မှာ အခက်အခဲကြုံကြရကြောင်း၊ ငလျင် နှင့် ဆူနာမီ နောက်ဆက်တွဲ နျူကလီးယား စက်ရုံတချို့ပေါက်ကွဲမှုများဖြစ်ပြီးနောက် နျူကလီးယား အန္တရာယ် စိုးရိမ်မှုမြင့် မားလာကာ မြန်မာများ ဂျပန်မှ နေရပ်ပြန်ရေးအတွက် အပူတပြင်း စီစဉ်နေကြကြောင်း သိရသည်။

မြန်မာသံရုံးက မြန်မာအစိုးရ ပညာတော်သင်များကို မြန်မာပြည်ပြန်လျှင် ကူညီမည်ဟု ဖုန်းဆက်အကြောင်းကြားမှုများ ပြုလုပ်လျက်ရှိပြီး အခြားသောမြန်မာအလုပ်သမားများနှင့် ကျောင်းသားများကို ဆက်သွယ်မှုပြုလုပ်ခြင်းမရှိပေ။ မြန်မာနိုင်ငံ သို့ ပြန်မည့်သူများ ရှိကြသကဲ့သို့ မပြန်ဘဲ နေလိုသူများလည်း ရှိနေကြသည်။

“မနက်က သံရုံးက မြန်မာပြည် ပြန်မလားဆိုပြီး ဖုန်းဆက်တယ်။ တော်တော်များများက မပြန်ဘူးလို့ပြောကြတယ်”ဟု တိုကျို မြို့တွင်ပညာသင်နေသော ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ပညာတော်သင် အရာရှိ တဦးက ပြောသည်။

Tsukuba တက္ကသိုလ်တွင် ပညာသင်ကြားနေသော အစိုးရ အရာရှိတဦး၏ မိသားစုဝင်တဦးကလည်း“မြန်မာနိုင်ငံ ပြန် မယ်ဆိုရင် ပညာရေးကလည်း မပြီးဆုံးဘဲနဲ့ပြန်ရမယ်။ နောက်ပြီးရနေတဲ့ အခွင့်အရေးတွေ နောက်တကြိမ် ထပ်မရနိုင် တော့ ဘူး။ ဒါကြောင့်အားလုံးက မပြန်ကြတာ”ဟု ပြောသည်။

ငလျင်နှင့် ဆူနာမီ ထိခိုက်မှုဒဏ်ကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲသည့် ဖူကူရှီးမား(Fukushima) ခရိုင် တွင် မြန်မာအစိုးရ၏ အစီအစဉ်ဖြင့် ပညာသင်နေကြသော ကျောင်းသူ၊ ကျောင်းသား များနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်ဗီဇာဖြင့်ရောက်ရှိနေကြသူများ ရှိနေကြသော်လည်း ၄င်းတို့ကိုအကူအညီများပေးရန် တိုကျို မြန်မာအဖွဲ့အစည်းများက ဆက်သွယ်ရန်ကြီးစားနေကြရာ တချို့မှာ ဆက်သွယ်ရန် ခက်ခဲနေကြောင်းလည်း သိရသည်။

ထိုဒေသမှ အဆက်အသွယ်ရရှိခဲ့သည့် မြန်မာပြည်ပြန်လိုသော မြန်မာကျောင်းသူ၊ ကျောင်းသားတချို့ကို တိုကျိုရှိ မြန်မာ ယဉ်ကျေးမှုနှင့် လူမှုရေးအသင်းမှအကူအညီပေးရေး လုပ်ဆောင်နေကြသည်ဟု Itabashi မြန်မာဘုန်းတော်ကြီး ကျောင်း မှ ဆရာတော် ဦးသြဘာသ က မိန့်ကြားသည်။

အဏုမြူအန္တရာယ် စိုးရိမ်ပူပန်မှုများ တိုးပွားလာသည့်အတွက် မြန်မာနိုင်ငံသားများပါမက ဂျပန်ရှိမြန်မာနိုင်ငံသားများနှင့် အိမ်ထောင်ကျနေကြသော ဂျပန်များပါ မြန်မာနိုင်ငံသို့ ရှောင်တိမ်းရန် ကြိုးစားနေကြသည်။

“နျူကလီးယား အန္တရာယ်ကြောင့် ဂျပန်အမျိုးသားနဲ့အိမ်ထောင်ကျတဲ့ မြန်မာမိန်းကလေးတယောက်ဆိုရင် သူ့ကလေးနဲ့ သူ့ခင်ပွန်းတို့ပါ ခဏဂျပန်ကနေရှောင်ရှားဖို့အတွက် ကလေးနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းရဖို့ တောင်းတော့ အခု သံရုံး ကိုလာရမယ်လို့ပြောတယ်။ သံရုံးကိုသွားဖို့က လမ်းပန်း ဆက်သွယ်ရေး အခုခက်နေတယ်၊ နောက် အရမ်းဝေးတယ်၊ အခု အခြေအနေမှာ အွန်လိုင်းက လက်မခံဘူးဆိုတော့ သူတို့ အခက်အခဲတွေဖြစ်နေတယ်”ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ရှင်ဂျုကု တွင် နေထိုင်သည့် မြန်မာ အမျိုးသမီး မခင်စန်းရီ က ပြောသည်။

ဂျပန်ရှိမြန်မာအသိုင်းအ၀ိုင်းတွင် ဂျပန်နိုင်ငံမှ တိမ်းရှောင်ရန် ဆန္ဒရှိသော်လည်း မြန်မာနိုင်ငံ ပြန်လို့မရသူပေါင်းများစွာရှိနေ ကြောင်း ၊ အန္တရယ်ကင်းမည့်နေရာ တခုကိုအချိန်မရွေးသွားရောက် ရှောင်တိမ်းနိုင်ရန် အသင့်ပြင်ထားကြောင်း၊ စိုးရိမ် သော်လည်း အခြေအနေအရ အလုပ်ပြန်ဝင်နေကြသူတချို့လည်း ရှိကြောင်း ဂျပန်ရှိ မြန်မာယဉ်ကျေးမှုနှင့် လူမူရေးအဖွဲ့မှ  အဆိုပါ မခင်စန်းရီက ပြောသည်။

မြန်မာယဉ်ကျေးမှုနှင့် လူမူရေးအဖွဲ့ အနေနှင့် ယခုအခါ ဂျပန်ဘာသာဖြင့် ကြေညာနေသော အရေးပေါ်သတင်းများနှင့် သတိပေး နှိုးဆော်ချက်များကို မြန်မာများ အလွယ်တကူ သိစေရန် အင်တာနက်မှ တဆင့် မြန်မာ ဘာသာဖြင့် အီးမေးလ် များ ပို့ကာ ကူညီပေးနေသည်ဟု ၎င်းက ဆိုသည်။

“မြန်မာတွေ ပြန်တဲ့ လူတွေလည်း ပြန်ကုန်ကြပြီ၊ လေယာဉ်လက်မှတ်လည်း ခက်တယ်၊ Haneda လေဆိပ်တခုတည်း ဖွင့် ထား တာ၊ ဒီကနေ့အထိတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ မြန်မာတွေပါတာ မကြားရသေးပါဘူး”ဟု မခင်စန်းရီက က ဆက်လက်ပြောကြားသည်။

မတ်လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်ရှိ ဂျပန် သံအမတ်ကြီးထံ သို့ ဂျပန်နိုင်ငံရှိ ငလျင်နှင့် ဆူနာမီ ဒဏ်ကြောင့် အသက် အိုးအိမ် ပျက်စီးဆုံးရှုံးသူများအတွက် ၀မ်းနည်းကြောင်း သ၀ဏ် လွှာ ပေးပို့ခဲ့သည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ်ထံ စာနာထောက်ထားကြောင်း ပေးပို့သည့် သ၀ဏ်လွှာ ကို ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်