ရန်ကုန်မှ အိုးမဲ့အိမ်မဲ့များ ရခိုင်တွင် နေရာချထား

E-mail Print
ရန်ကုန်တိုင်း အတွင်းမှ အိုးမဲ့အိမ်မဲ့ဖြင့် နေထိုင်စရာ မရှိသော အိမ်ထောင်စုများကို အာဏာပိုင်များက ရခိုင်ပြည်နယ် နယ်စပ်ဒေသ မြို့များဖြစ်သည့် ဘူးသီးတောင်၊ မောင်းတော မြို့များ၌ နေရာချထားပေးနေကြောင်း သိရသည်။

“မောင်းတောနဲ့ ဘူးသီးတောင် မြို့နယ်၂ ခုမှာ အိမ်ထောင်စု ၄၄၀ လောက်ရောက်နေပါပြီ၊ နေရာချထားပေးရေးအတွက် စစ် တပ် နဲ့ ဒေသ အာဏာပိုင်တွေက စီစဉ်နေဆဲပါ”ဟု မောင်းတောမြို့ခံတဦး က ဧရာဝတီ ကို ပြောသည်။

ရခိုင်ပြည်နယ်သို့ ပို့ဆောင်နေရာ ချထားမည့်သူများသည် ရန်ကုန်တိုင်း အတွင်းရှိ နေရာအစုံမှပါဝင်ပြီး အများစုမှာ အိုးအိမ် ပိုင် ဆိုင်မှုမရှိခြင်း၊ နေရာအတည်တကျ မရှိခြင်း စသည့် လူများနှင့် စစ်တပ်၊ ရဲတပ်ဖွဲ့တို့မှ ထုတ်ပယ်ထားသူများ၊ ထောင်ထွက်များ ပါဝင်ကြောင်း သိရသည်။

၎င်းတို့အား မတ်လကုန်ပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘောကြီးများဖြင့် တင်ဆောင်ပြီး စစ်တွေမှတဆင့် ဘူးသီးတောင်၊ မောင်းတော ဒေသများသို့ စစ်တပ်နှင့်ပြည်နယ် အစိုးရသစ်အဖွဲ့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး စစ်တပ်ကိုယ်စားလှယ် က ဦးဆောင်ကာ ပို့ဆောင်ပေးကြောင်း စစ်တွေမြို့ခံများက ပြောသည်။

ထိုလူများကို အစိုးရက မက်လုံးအမျိုးမျိုးပေးကာ ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော် နေထိုင်ရမည့်နေရာသို့ ရောက်သောအခါ ၎င်းတို့ပြောဆိုသည့်အတိုင်း မဟုတ်၍ အများစုမှာ ပြန်လည်ထွက်ပြေးသွားကြကြောင်း ဒေသခံများထံမှ သိရသည်။

“အစပိုင်းကတော့ လယ်၊ နွား၊ အိမ်တွေဆောက်ပေးတာတွေရှိခဲ့တယ်၊ နောက်ပိုင်းမှာ မပေးတာများလာတယ်၊ ဒီတော့ပြန်ပြီး ထွက်ပြေးသွားကြတယ်။ တချို့ကျပြန်တော့လည်း အလုပ်လုပ်မစားချင်တော့ ခိုးတယ်၊ လုတယ်၊ ဓားမြတိုက်တာတွေ လုပ်ကြ တယ်”ဟု ဒေသခံ တဦးက ဆိုသည်။

ယခုရောက်နေသော အိမ်ထောင်စု ၄၀၀ ကျော်အား သီးသန့်ရွာတည်ပေးခြင်းမျိုး မဟုတ်ဘဲ ပြောင်းရွှေ့လာသူများအတွက် တည်ဆောက်ထားသော ကျေးရွာများ၌ နေရာချထားပေးရန် စစ်တပ်က စီစဉ်နေကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်းတော ၂ မြို့နယ်၌ ပြောင်းရွှေ့ကျေးရွာ များဖြစ်သော အောင်မင်္ဂလာ၊ ခရေမြိုင်၊ ရွှေရင်အေး၊ ထက်ဝက် ချောင်း၊ အောင်ဇေယျ၊ ဗန္ဓုလ၊ တောင်ပြို စသည်ဖြင့် ရွာ ၁၀ ရွာ ကျော်ရှိကြောင်း၊ ထိုကျေးရွာများအား နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးများရွာ(နတလ) ဟု အမည်ပေးထားကြောင်း ဒေသခံ တဦးက ရှင်းပြသည်။

“အောင်ဇေယျ ရွာမှာတော့ အစိုးရဆီ အလင်းဝင်ထားတဲ့သူတွေနဲ့ ထောင်ထွက်တွေပဲ ရှိပါတယ်၊ အစ္စလမ် ဘာသာဝင်တွေနဲ့ မကြာ ခဏ ပြဿနာဖြစ်တာတွေ ရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

နေရာထိုင်ခင်း အတည်တကျမရှိသူများကို ရခိုင်ပြည်နယ် နယ်စပ်ဒေသများသို့ ပို့ဆောင်ပေးခဲ့ခြင်းအား ဦးနေ၀င်း အစိုးရ လက်ထက်မှ စတင်ခဲ့ပြီး နအဖ လက်ထက်တွင်လည်း အများအပြားပို့ဆောင်ပေးခဲ့သည်။

“အစိုးရ ပြောတာတော့ ဒီဒေသတွေမှာ တိုင်းရင်းသားအစုံရှိထားဖို့လိုအပ်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ပို့ဆောင်တာလို့ သိရပါတယ်၊ စနစ်တကျ လုပ်မပေးနိုင်ရင်တော့ စားဝတ်နေရေး ပြဿနာတွေ၊ လုယက်မှုတွေ ဆက်ဖြစ်လာနိုင်တယ်”ဟု မောင်းတော ဒေသခံ က ဆိုသည်။

ထိုဒေသသည် စစ်တပ် အများအပြား စခန်းချသော နယ်မြေလည်း ဖြစ်သည်။

ဘူးသီးတောင်၊ မောင်းတော ဒေသရှိ လူဦးရေ ၅ သိန်းကျော်အနက် အစ္စလမ်ဘာသာဝင် ၉၀ ရာခိုင်နှုန်းကျော်နေထိုင်ပြီး ရခိုင်လူမျိုး၊ ဗမာလူမျိုး၊ ချင်း၊ မြို၊ ခမီ၊ သက် စသည့် တိုင်းရင်းသား လူမျိုး ၅ သောင်းဝန်းကျင်နေထိုင်ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းမှ အိမ်ခြေမဲ့သူများအား ရခိုင်ပြည်နယ်၏ နယ်စပ်ဒေသများ၌ နေရာချထားပေးခြင်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အိမ်ထောင်စု ၁၈၀၉ စု၊ လူဦးရေ ၆၂၃၃ ပို့ဆောင်ပေးခဲ့ပြီး ယခုအကြိမ်သည် ၁၉ ကြိမ်မြောက် ဖြစ်ကြောင်း အလဲဗင်း မီဒီယာ အွန်လိုင်း သတင်း၌ ရေးသားထားသည်။

အိမ်ထောင်စုတစုလျှင် လူဦးရေ ၅ ဦးအထက်ရှိပါက ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀ နှင့် ၅ ဦးအောက်ဆိုပါက ကျပ်၂၀၀၀၀ အပြင် အိမ်သုံးပစ္စည်း တချို့ပါပေးဆောင်ကြောင်း ယင်းသတင်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်