ထိုင်းရှိ မြန်မာ အလုပ်သမားများ အသိအမှတ်ပြုရန် လိုအပ်

E-mail Print
ထိုင်းအစိုးရက နိုင်ငံတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများအား ၂၀၀၉ ခုနှစ် အတွက် အလုပ်သမား လက်မှတ် သက်တမ်း တိုးပေးနေသော်လည်း အလုပ်သမား လက်မှတ်အသစ် ပြုလုပ်ပေးရန် လိုအပ်ကြောင်း မြန်မာ အလုပ်သမား အရေး ဆောင်ရွက် နေသူများက ပြောသည်။

အဆိုပါ အလုပ်သမား လက်မှတ်အသစ် ပြုလုပ်ပေးခြင်း မရှိပါက တရားမဝင် အလုပ်သမားများ ပိုမိုများပြား လာပြီး ၎င်းတို့အတွက် လုံခြုံရေး အခက်အခဲများစွာ ရှိသည်ဟု ရနောင်းခရိုင် ရှိ အခြေခံ လူ့အခွင့်အရေး၊ ပညာပေးဌာမှ ဒါရိုက်တာ ကိုထူးချစ်က ပြောသည်။

“အလုပ်သမား လက်မှတ်မရှိတော့ အလုပ်ရှင်တွေက အလုပ်သမား အခွင့်အရေး အလွယ်တကူ ချိုးဖောက်ဖို့ လွယ်တယ်၊ ဒေသခံထိုင်း အာဏာပိုင် တွေကလည်း တရားမဝင် နည်းတွေနဲ့ ငွေရှာလို့ လွယ်တယ်၊ လက်မှတ် မရှိတဲ့ အလုပ်သမားတချို့က နယ်မြေခံ အာဏာပိုင်တွေကို လစဉ်ကြေးပေးပြီး နေထိုင်ရတယ်၊ ကျန်းမာရေး ချို့တဲ့သည့် အခါမှာလည်း ဆေးရုံမသွားရဲတဲ့ အခက်အခဲတွေ ဖြစ်လာပါတယ်”ဟု ကိုထူးချစ်က ပြောသည်။  

ယခုကဲ့သို့ အလုပ်သမားလက်မှတ် သက်တမ်းတိုးနေချိန်တွင် ရဲ ၊ လ၀က စသည့် ဒေသဆိုင်ရာ ထိုင်း အာ ဏာ ပိုင်များက မြန်မာအလုပ်သမားများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

၂၀၀၈ ခု နှစ်ကုန်ပိုင်းမှစတင်၍ တာ့ခ် ခရိုင်  မဲဆောက်မြို့တွင် ရဲနှင့် တောမော ခေါ် လဝက အဖွဲ့ များက တင်းကျပ်စွာ ဖမ်းဆီးနေသော်လည်း အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ရန် အတွက် မြန်မာနိုင်ငံသားများ မဲဆောက် မြို့အတွင်းသို့ နေ့စဉ်ဝင်ရောက်လာမှုများ ရှိနေကြောင်း၊ ၎င်းတို့လုံခြုံရေးအတွက် အထူး စိုးရိမ်ရ ကြောင်း ရောင်ခြည်ဦး အလုပ်သမားရေးရာ အဖွဲ့မှ ကိုကျော်ဇင်က  ပြောသည်။  

“လက်ရှိမြန်မာပြည် အခြေအနေအရ မဲဆောက်ကို တက်လာနေတဲ့ လူဦးရေးတိုးနေတယ်၊ ဒီလောက် အဖမ်း အဆီးများတဲ့ အထဲကလာကြတယ်၊ တရက်ကို ၁၅ယောက် အယောက်၂၀လောက်ရှိတယ်၊ ရောင်ခြည်ဦးကို ဆက်သွယ် လာတာလည်း ရှိတယ်၊ အလုပ်လိုချင်လို့ပါ၊ ရုံးက စက်ရုံတွေကို သွင်းပေးတာရှိတယ်၊ ဒါပေမယ့် လည်း သူတို့လုံခြုံဖို့အတွက် ဘာမှ ထောက်ခံချက်မရှိဘူး။ ဘတ်မထုတ်ပေးတဲ့အတွက် သူတို့တွေ အတွက် အရမ်း အန္တရာယ်များတယ်”ဟု ကိုကျော်ဇင်က ပြောသည်။  

ပြီးခဲ့သည့် ဇန်န၀ါရီ ၁၇ ရက်နေ့က မဲဆောက်မြို့တွင် အလုပ်သမား လက်မှတ်မရှိသော မြန်မာအလုပ်သမား နှစ်ဦးသည် တခြားသူများကို ရဲ က လိုက်လံဖမ်းဆီးနေသည်ကို တွေ့မြင်ကာ ကြောက်လန့် ပြေးလွှားရာမှ ကားတိုက် ခံရပြီး တဦး ပွဲခြင်းပြီးသေဆုံး၍ တဦးမှာ ဒဏ်ရာပြင်းထန်စွာရသွားသည့် အမှုတခု ဖြစ်ခဲ့သည် ဟုလည်း ၎င်းက ပြောပြသည်။

ချင်းမိုင်မြို့ ဒွိုင်ဆကစ်မှ ပန်းရန် အလုပ်လုပ်သည့် ကိုမောင်မောင်လွင် ဆိုသူကမူ ၎င်းတွင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသော်လည်း ယင်းလက်မှတ်ဖြင့် နေရာတိုင်းသွားလာ နေထိုင်၍ မရသည့်အတွက် အလုပ်လုပ်ရာ ရပ်ကွက်အာဏာပိုင်များကို လစဉ်ကြေးငွေ ပေးရကြောင်း ပြောဆိုသည်။

“ကျနော်က ချင်းမိုင်မှာ အလုပ်သမားလက်မှတ် ကိုင်ထားပေမယ့် ချင်းမိုင် ဘယ်နေရာပဲ ဖြစ်ဖြစ် အလုပ်လုပ် ခွင့်မရဘူး။ ကျနော့် အလုပ်သမားလက်မှတ်ပြရင် နေရာတူလားဆိုတာစစ်တယ်။ သူဌေး မတူရင်၊ ရက်ကွက် ပြောင်းနေရင် ဖမ်းတယ်၊ ဖမ်းပြီးရင် တရားရုံးတက်ရတယ်၊ နှစ်ရက်လောက်ချုပ်ထား၊ ဘတ်နှစ်ထောင် ပေးနိုင် မှ ပြန်လွှတ်တယ်၊ အဲဒီတော့ နေရာပြောင်းမယ်ဆိုရင် ရက်ကွက်မှာရှိတဲ့ ရဲစခန်း၊ ထောက်လှမ်းရေး၊ ရဲဂိတ်တွေကို တထောင်စီပေးထားရတယ်၊ သူတို့က လတိုင်းလာယူတယ်၊ သူတို့ကိုပေးထားရင်တော့ တောမော လာဖမ်းရင် သူတို့ကသတင်းပေးတယ်”ဟု ကိုမောင်မောင်လွင်က ပြောသည်။

၎င်းပန်းရန်အဖွဲ့တွင် ပန်းရန်အလုပ်သမားပေါင်း ၁၀ ဦး ကျော်ရှိပြီး အလုပ်သမားလက်မှတ် မရှိသူများအတွက် ရဲ ကို တဦးလျှင် ဘတ် ၆၀၀ နှုန်းဖြင့် လစဉ် ပေးရကြောင်းလည်းသိရသည်။

ထိုင်းနိုင်ငံတွင် စီးပွားရေးထိခိုက်မှုကြောင့် အလုပ်သမား လျှော့ချရသည့် အခက်အခဲ ပြဿနာများဖြင့် ရင်ဆိုင်နေရသည့်အတွက် အလုပ်သမားမှတ်ပုံတင် အသစ်ပြုလုပ်ပေးရန် နိုင်ငံခြား အလုပ်သမားများ ကြီးကြပ်ရေးကော်မတီက ဆိုင်းငံ့ ထားကြောင်း ထိုင်းအလုပ်သမား ရှာဖွေရေး ဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဇန်န၀ါရီ ၄ ရက်က ထုတ်ပြန်သော ယင်းကြေညာချက်တွင် တရားမ၀င်ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင် အသစ်ပြုလုပ်ပေးရေးကို ၀န်ကြီးများအဖွဲ့က သဘောမတူသောကြောင့် လည်းကောင်း၊ အလုပ်သမား အလျှော့ ခံရသည့် ထိုင်း အလုပ်သမားများနေရာတွင် ၀င်ရောက်လုပ်ကိုင်မည်ကို စိုးရိမ်သောကြောင့် လည်းကောင်း ယင်းသို့ ဆိုင်းငံ့ထားခြင်းဖြစ်သည်ဟု ပါရှိသည်။

အလုပ်သမား လက်မှတ်သက်တမ်းတိုးခြင်းကို ဇန်န၀ါရီ လဆန်း ပထမ သုတ်မှ စတင်၍ ဇွန်လ နောက်ဆုံး သုတ်အဖြစ် သက်တမ်းအလိုက် အသုတ် ၄ သုတ် ခွဲကာ လုပ်ပေးခြင်းဖြစ်ပြီး တဦးလျှင် ထိုင်း ဘတ်ငွေ ၃၈၅၀ ခန့် ကုန်ကျ ကြောင်းလည်း သိရသည်။

ထိုင်းတနိုင်ငံလုံးတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားပေါင်း ၄သန်းခန့်ရှိသည်ဟု ခန့်မှန်းကြ သော်လည်း ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင် ထားသူ အရေ အတွက်မှာ ၅ သိန်းခန့်ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်