ရန်ကုန် လေကြောင်းလိုင်း ဦးဇော်ဇော် ၀ယ်ယူ

E-mail Print
ပြည်တွင်း ပုဂ္ဂိလက လေကြောင်းလိုင်း တခုဖြစ်သော ရန်ကုန် အဲဝေး(Yangon Airways)လေကြောင်းလိုင်းကို အစိုးရနှင့် နီးစပ် သူဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် ၀ယ်ယူလိုက်သည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ပြောသည်။

ရန်ကုန် အဲဝေး လေကြောင်းလိုင်းသည် ယမန်နှစ် နိုဝင်ဘာလ အတွင်းက လေယာဉ်ပျံသန်း ပြေးဆွဲခွင့် လက်မှတ် (Aircraft Operator Certificate) မရှိဟူသော အကြောင်းပြချက်ဖြင့် အာဏာပိုင်များ၏ ပြေးဆွဲခွင့်ရပ်ဆိုင်း ခံထားရသည်။

ယခင်က ရန်ကုန် အဲဝေးကို ပိုင်ဆိုင်သူမှာ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ခေါင်းဆောင် ဦးပေါက်ယူချန်း၏ သားမက် စီးပွားရေး လုပ်ငန်းရှင် ဦးအိုက်ဟော့ ခေါ် စိုင်းဟော့ ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက ရန်ကုန် အဲဝေးကို မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်အား ၀ယ်ယူခွင့် ပြုခဲ့ခြင်း ဖြစ်သည်ဟု ထိုကုမ္ပဏီနှင့် နီးစပ်သည့် လုပ်ငန်းရှင်တဦးက ပြောသည်။

“ဦးဇော်ဇော်က ဧရာဝတီဘဏ် အတွက် ဦးအိုက်ဟော့ ပိုင်တဲ့ မေဖလားဝါးဘဏ် အဟောင်းတွေကို ၀ယ်ဖို့ ဆက်သွယ်ရင်းကနေ လေကြောင်းလိုင်း ၀ယ်ဖို့ ပြောဖြစ်တာ၊ ဒါနဲ့ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို တင်ပြတော့ ၀ယ်ခွင့်ရလိုက်တာ” ဟု ၎င်းက ဆိုသည်။

လာမည့် ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်မည်ဟု မျှော်လင့်ထားပြီး နောင်တွင်  ဒေသတွင်း နိုင်ငံများသို့ ပြေးဆွဲရန် ရည်ရွယ်ထားကြောင်း၊ ယခုလောလောဆယ်တွင် ရပ်နားထားရသည့် လေယာဉ်များ ပြန်လည်
ပြင်ဆင်ရန်နှင့် လေယာဉ်ဝန်ထမ်းများ ခေါ်ယူရန် စီစဉ်ရဦးမည် ဖြစ်ကြောင်းလည်း သူက ပြောပြသည်။

မည်သည့် ပမာဏဖြင့်  အရောင်းအ၀ယ် ဖြစ်သွားသည်ကို အသေးစိတ် မသိရသေးပေ။ ရန်ကုန် အဲဝေး လေကြောင်းလိုင်း သတင်းနှင့် ပတ်သက်၍ မက်စ်မြန်မာ ကုမ္ပဏီအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုသည်။

ဦးဇော်ဇော်သည် ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့် ရင်းနှီးသူတဦးဖြစ်ပြီး မော်တော်ယာဉ် တင်သွင်းခြင်း၊ ဧရာဝတီ ဘဏ်လုပ်ငန်း၊ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး၊  ၂၀၁၃ ခုနှစ် ဆီးဂိမ်း အားကစားပွဲအတွက် နေပြည်တော်တွင် တည်ဆောက်နေသည့် အဆင့်မြင့် အားကစားကွင်း တည်ဆောက်ရေး၊ ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်ရှိ ယခင် သတ္တုတွင်း ၀န်ကြီးဌာန ရုံးချုပ်အား ကလေးဆေးရုံအဖြစ် ပြောင်းလဲတည်ဆောက်ရေးနှင့် လောင်စာဆီ ဖြန့်ဖြူးရေး၊ ကျောက်မျက်တူးဖော်ရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။

ရန်ကုန် အဲဝေး လေကြောင်းလိုင်း၏ မူလပိုင်ရှင်ဖြစ်သော ဦးအိုက်ဟော့သည် ၂၀၀၃ ခုနှစ်က တရားမ၀င် ငွေကြေး ခ၀ါချမှု ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖျက်သိမ်းခံခဲ့ရသည့် မြန်မာမေဖလားဝါးဘဏ်ကိုလည်း ပိုင်ဆိုင်ခဲ့သူ တဦးဖြစ်သည်။

ရန်ကုန် အဲဝေး လေကြောင်းလိုင်းကို ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇ နှင့် ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ၀ယ်ယူ ရန် ကြိုးစားသော်လည်း အစိုးရက ခွင့်မပြုခဲ့ကြောင်း မက်စ်မြန်မာနှင့် နီးစပ်သည့် လုပ်ငန်းရှင်က ဆက်လက်ပြောသည်။

ယခုအခါ မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများကို ယခင် စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသော စီးပွားရေးသမားကြီးများက ပိုင်ဆိုင်ထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သည်ဟု အများ ပြောဆိုနေသည့် ဦးတေဇသည် ပြည်တွင်း ပြည်ပ ပြေးဆွဲနေသည့် အဲပုဂံ(Air Bagan) နှင့် ပြည်တွင်းပြေးဆွဲနေသည့် Asia Wing လေကြောင်းလိုင်းကို ပိုင်ဆိုင်ထားပြီး ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သည်ဟု လူသိများသည် ဦးအောင်ကိုဝင်းက ပြည်ပ ခရီးစဉ်များ ပြေးဆွဲသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) နှင့် ပြည်တွင်း ပြေးဆွဲသည့် ကမ္ဘောဇ လေကြောင်းလိုင်း များကို ပိုင်ဆိုင်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်