ဒေါ်လာဈေးကျသဖြင့် ပို့ကုန်လုပ်ငန်းထိခိုက်

E-mail Print

မြန်မာပြည်ဈေးကွက်တွင် အမေရိကန် ဒေါ်လာ တန်ဖိုး အလွန် နိမ့်ကျလာသောကြောင့် ပို့ကုန်လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းများ အရှုံးပေါ်စေပြီး ထိုလုပ်ငန်းများကို အမှီပြုနေရသော တောင်သူလယ်သမား၊  အလုပ်သမားများ အခက်တွေ့ဖွယ်ရှိသည်ဟု ရန်ကုန်မှ လုပ်ငန်းရှင်များက ပြောသည်။

အမေရိကန် ဒေါ်လာသည် နှစ်ပေါင်းများစွာ အတွင်း ကျပ် ၈၀၀ အောက်သို့ ပထမဆုံးအကြိမ် ရောက်ရှိသွားပြီး ယနေ့ နံနက်ပိုင်း ဈေးကွက်အတွင်း ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ကျပ် ၇၈၀ ဖြစ်နေသည်။

အထိနာနေသည့်ပို့ကုန်ကဏ္ဍသည် ဤအခြေအနေကြောင့် နာလန်ထူရန် ခက်ခဲလိမ့်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးက ပြောသည်။

“ဒီအတိုင်းသာ ဆိုရင် ဆန်စပါး၊ ပဲမျိုးစုံ ပို့ကုန်တွေ ရပ်သွားမယ်၊ ငါး၊ ပုဇွန် လုပ်ငန်းတွေက ၂၀၀၈ စီးပွားပျက်ကပ်လောက်ကတည်းက စပြီး ရှုံးခဲ့ကြတာဖြစ်တော့ အခြေအနေ ပိုဆိုးလာမယ်” ဟု သူက ခန့်မှန်း ပြောကြားသည်။

ဤအတောအတွင်း  ထိန်းချုပ်ကုန်ဖြစ်သော ဆန်စပါးကို အစိုးရက လစဉ် တန်ချိန် သုံးသောင်း ပြည်ပပို့ခွင့် ပြုမည် ဖြစ်ကြောင်း၊ သို့သော်လည်း ကုန်သည်များက ဆန်တင်ပို့ရန် စိတ်ဝင်စားတော့မည် မဟုတ်ဟု ယူဆကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်လုပ်ငန်းရှင် တဦးက ပြောသည်။

“ရေရှည်မှာ ဒီလို မတည်ငြိမ်တဲ့ ငွေလဲနှုန်း၊ တိတိကျကျ ပြောရရင် ကျနေတဲ့ ငွေလဲနှုန်း ဆက်တိုက် ကျနေမယ် ဆိုရင်တော့ ဆန်ပို့ကုန်က သေချာပေါက်ကို ရပ်သွားနိုင်တယ်” ဟု သူက ပြောသည်။

ဆန်တင်ပို့မှု မရှိလျှင် ပြည်တွင်းတွင် ဆန်ပိုလျှံပြီး ဈေးနှုန်းများ ကျဆင်းကာ တောင်သူ လယ်သမားများ ထိခိုက် နစ်နာမည်ဟု သူက သုံးသပ်ပြသည်။

“ဈေးကွက်သဘောက ပြည်ပ ၀ယ်လိုအား ရှိနေတယ်၊ ပြည်တွင်းကလည်း ပို့နေနိုင်တယ် ဆိုတဲ့ အနေအထားဆိုရင် ဆန်ဈေးက သိပ်မကျဘူး။ ပို့တဲ့ ပမာဏ များတာ၊ နည်းတာ အဓိက မကျဘူး။ ပုံမှန်လေး ပို့နိုင်တဲ့ ဈေးကွက် ဖြစ်နေဖို့ လိုတယ်” ဟု ထိုဘုရင့်နောင် ဆန်ကုန်သည်က ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ထုတ်ပြန်သော စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် နှစ်စဉ် စပါး တင်းပေါင်း သန်း ၁၅၀၀ နီးပါး ထွက်ရှိကြောင်း၊ မြန်မာပြည် လူဦးရေ  သန်း ၅၀ ကျော် အတွက် စပါးတင်း သန်း ၁၀၀၀ လိုအပ်ကြောင်း သိရှိရသည်။

ပဲကုန်သည်များကလည်း ယခု ဖြစ်ပေါ်လာသော ငွေလဲနှုန်းကြောင့်  ပဲမျိုးစုံ တင်ပို့မှု လုံးဝ ရပ်ဆိုင်း နိုင်သည်ဟု သုံးသပ်နေကြသည်။

“ငွေလဲနှုန်းက ပဲတင်ပို့မှုမှာ အခရာပဲ။ ငွေလဲနှုန်း ကျရင်တော့ ဘယ်လိုမှ ဆက်ပို့နိုင်မှာ မဟုတ်ဘူး။ ပဲတင်ပို့မှု ရပ်ရင်တော့ သေချာပေါက်ကို ပဲစိုက်တောင်သူတွေကို ထိမှာ” ဟု ရန်ကုန် ပဲကုန်သည်ကြီးတဦးက ပြောသည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယသို့ ပဲမျိုးစုံ တန်ချိန် ၀.၉ သန်းသာ တင်ပို့နိုင်ခဲ့ပြီး တန်ချိန် လေးသိန်းကျော် ကျဆင်း သွားကြောင်း၊ ကနေဒါနှင့် သြစတေးလျနိုင်ငံများက ဈေးကွက် လုလာခြင်းကြောင့် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က မေလအတွင်း ပြုလုပ်ခဲ့သော UMFCCI  နှစ်ပတ်လည် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

စက်ရုံ ၂၉၃ ရုံ၊ အလုပ်သမား အရေအတွက် ခုနစ်သောင်း နှင့် ကိုးသောင်း အကြား ရှိသည့် အထည်ချုပ် လုပ်ငန်းသည်လည်း ငွေလဲနှုန်း ကျဆင်းမှုကို တောင့်ခံနိုင်မည် မဟုတ်ဟု ရွှေပြည်သာ စက်မှုဇုန်မှ လုပ်ငန်းရှင် တဦးက ပြောသည်။

“အထည်ချုပ်တွေက စီးပွားရေး ပိတ်ဆို့မှု ကြုံကတည်းက မနည်း ရုန်းနေရတယ်။ ပိတ်ဆို့မှုဒဏ်ကြောင့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား၊ ထိုင်း နိုင်ငံတွေမှာ ရှိတဲ့ အထည်ချုပ် လုပ်ငန်းတွေထက်  ချုပ်ခကို ဈေးလျှော့ယူ ချုပ်ပေးရတယ်။ ဒီငွေလဲနှုန်း အခြေအနေနဲ့ လုပ်ငန်း ရပ်ရမယ့် အခြေအနေပဲ။ အမြတ် ကျန်ဖို့ထက် မရှုံးဖို့၊ လုပ်ငန်း လည်ပတ်ဖို့ မနည်း ရုန်းသွားရမယ့်ပုံပဲ” ဟု ထိုလုပ်ငန်းရှင်က ရှင်းပြသည်။

ပြီးခဲ့သည့်နှစ် နှစ်ဆန်းပိုင်းတွင် တဒေါ်လာ ပေါက်ဈေး ကျပ် ၁၀၀၀ အထက် ရှိခဲ့သော်လည်း နှစ်ကုန်ပိုင်းတွင် ၉၀၀ အောက်သို့ ရောက်သွားသည်။

ဒေါ်လာ ဈေးနှုန်း ကျဆင်းလာမှုသည် ပြည်တွင်း ၀ယ်လိုအား ကျဆင်းမှု၊ နယ်စပ်ဒေသ မူးယစ်ဆေးလုပ်ငန်းမှ ဒေါ်လာ အမြောက်အမြား ဈေးကွက်တွင်းသို့ ၀င်ရောက်လာမှု စသည်တို့နှင့် ဆက်နွယ်နေကြောင်း ရန်ကုန်မှ လုပ်ငန်းရှင် အများအပြားက ယူဆနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်