ကားဈေးကွက် ပျက်ပြီ

E-mail Print
ပြည်တွင်း ကားဈေး ကွက်တွင် ဈေးနှုန်းများ ကျဆင်းနေပြီး အရောင်းအ၀ယ် ငြိမ်နေသောကြောင့် ဈေးကွက် ပျက်လုနီးပါး အခြေအနေ ရောက်ရှိနေကြောင်း ရန်ကုန် ကားဈေးကွက်မှ စုံစမ်းသိရှိရသည်။

၂၀၀၈ ခုနှစ် နှစ်လယ်ပိုင်း ကားအရောင်းအ၀ယ် ငြိမ်သက်ခဲ့သည့် အချိန်မှ စတင်ကျဆင်း လာခဲ့သော ကားဈေးနှုန်းများမှာ လက်ရှိ အခြေအနေတွင် ကျဈေးဖြင့် ငြိမ်သက်နေ၍ ၀ယ်လက် ပျောက်နေပြီး
ကားဝယ်ရောင်း ရင်းနှီးမြုပ်နှံသူ လုံးဝမရှိတော့သည့် အနေအထား ဖြစ်နေသည်။

ထို့အပြင် အစိုးရက မော်ဒယ်မြင့်နှင့် မော်ဒယ်နိမ့် ကားများ မကြာခဏ ဆိုသလို လေလံ ပစ်နေခြင်း ကြောင့်လည်း လက်ရှိ ကားဈေးကွက် အနေအထားမှာ ယခင်ကကဲ့သို့ ၀ယ်ရောင်းပုံစံဖြင့် စီးပွားရေး လုပ်ငန်း တခုသဖွယ် လုပ်ဆောင်၍ မရတော့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် သံသုမာ ကားဈေးကွက် အခြေစိုက် ၀ယ်ရောင်း တဦးက ပြောသည်။

“ကားဈေးကွက်က လုံးဝ ပုံစံပြောင်းသွားပြီ။ လက်ထဲမှာ ငွေရှိရင် ကားဝယ်ရောင်း လုပ်လို့ရတဲ့ ခေတ်ကုန်သွားပြီ။ အရင်တုန်းက ဆိုရင် ငွေရှိတဲ့၊ ကားအကြောင်း နားလည်တဲ့၊ သူဌေးက ကားဝယ်တယ်။ ပြီးတော့ ဈေးအတက် အကျကို ချိန်ပြီး တက်ဈေးမိတာနဲ့ ပြန်ရောင်း အမြတ်ရှာလို့ ရတယ်။ အခုအဲဒီလို ဘယ်သူမှလုပ်လို့ မရတော့ဘူး၊ လုပ်လည်း မလုပ်ရဲကြဘူး” ဟု အဆိုပါ အသက် ၄၂ နှစ်အရွယ် ကားဝယ် ရောင်းသမားက ဆိုသည်။
 
ပြည်တွင်း ကားဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်းနေရာ ယခု ကျဆင်းနေသည့် ကားဈေးနှုန်းများနှင့် ယခင် ပေါက်ဈေးနှုန်းများကို နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းကျော် ဈေးနှုန်းများ ကျဆင်းသည်ဟု ဆိုနိုင်ကြောင်း ဟံသာဝတီ ကားဈေးကွက်မှ ပွဲစားတဦးက ပြောသည်။

“ဈေးတွေက တော်တော် ဆင်းသွားတယ်။ ၂၀၀၈ ခုနှစ် သြဂုတ်လက တိုယိုတာ လိမိတက် ၈၈ - ၈၉ မော်ဒယ် (သ) (အ) နံပါတ် ကားတစီးကို ကျပ်သိန်း ၃၅၀ လောက် ဈေးပေါက်တယ်။ အခု ၂၀၀၉ နှစ်စမှာ အဲဒီကား တစီးကို သိန်း၃၀၀ ပတ်ဝန်းကျင်ပဲ ဈေးရှိတယ်။ အရင်က သိန်း ၈၀၀ ကနေ ၁၀၀၀ ထိဈေးပေါက်ခဲ့တဲ့ တိုယိုတာ စီအီး ဝမ်းအိုဆစ်က အခု သိန်း ၅၅၀ နဲ့ ၆၀၀ ပတ်ဝန်းကျင်မှာပဲ ဈေးရှိတယ်” ဟု သတိပဌာန် ကားဈေးကွက်မှ ၀ယ်ရောင်း တဦးက ရှင်းပြသည်။

ယခု ပြည်တွင်း ကားဈေးကွက်တွင် ကားဈေးများ ကျဆင်းနေသည့် အတွက် ပေါက်ဈေးဖြင့် ရောင်းချလိုသူ နည်းပြီး ၀ယ်သူလည်း မရှိကြောင်း သိရှိရသည်။

“ပုံမှန် ကျနေတဲ့ ဈေးကွက် ပေါက်ဈေးနဲ့ ရောင်းချင်သူ နည်းတယ်။ ဈေးနှုန်း တအားကြီး ထိုးမဆင်းအောင်
ဈေးကို ကိုင်ထားတယ် လို့လည်း ပြောလို့ရတယ်။ ဈေးတအားကျတော့ အရမ်းငွေလိုတဲ့ သူကလွဲရင် တော်ရုံ သိပ်မရောင်းကြဘူး။ တချို့လောက်ပဲ ကားဈေးတွေ တအားထပ်ကျမလား ဆိုပြီး ရောင်းချင်ကြတယ်” ဟု
သတိပဌာန် ကားဈေးကွက်မှ ၀ါရင့် ကားဝယ်ရောင်း တဦးက ဆိုသည်။

ရန်ကုန် ကားဈေးကွက်တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက သတ်မှတ် ပေးထားသည့် တရားဝင် ကားဈေးကွက် နှစ်ခုရှိပြီး တခြား တရားမ၀င် ကားဈေးကွက်မှာမူ သုံးခုရှိသည်။ လက်ရှိ အခြေအနေတွင် ကားဈေးကွက် အားလုံး ကား အရောင်းအ၀ယ် အလွန်ပါးပြီး ကြိုကြား ကြိုကြား တစီးစ၊ နှစ်စီးစ အရောင်းအ၀ယ် သာရှိ၍ ကားပွဲစားများ အလုပ်အကိုင် မကောင်းသည့် အတွက် စိတ်ပျက်နေကြကြောင်း သိရှိရသည်။

“တရားဝင် ဖွင့်ထားတဲ့ ဟံသာဝတီနဲ့ သံသုမာမှာလည်း အရောင်းအ၀ယ်မရှိ၊ သတိပဌာန်၊ အင်းစိန်ပန်းခြံနဲ့ ကုလားပွိုင့် (မအူကုန်း) ကားဈေးကွက်မှာလည်း ကား အရောင်းအ၀ယ်ထက် မော်ဒယ်နိမ့်ကား အလဲအထပ် နည်းနည်းလေး ရှိတယ်။ ဈေးကွက်ကတော့ ပျက်နေတဲ့သဘောပေါ့” ဟု ရန်ကုန်ကားပွဲစား တဦးက ရှင်းပြသည်။

ယခု ကားဈေးကွက် အနေအထား ပျက်ပြားနေရခြင်းမှာ ကမ္ဘာ့စီးပွားပျက်ကပ်၊ အစိုးရ လေလံပွဲများနှင့် လာမည့် ၂၀၁၀ ပြည့်နှစ် အစိုးရ အပြောင်းအလဲ နောက်ပိုင်း ကားတင်သွင်းခွင့် ပါမစ်များ လွယ်လွယ်ကူကူ ပြန်လည် ခွင့်ပြုနိုင်သည် ဟူသော ပြောဆိုချက်များကြောင့် ဖြစ်ကြောင်း ရန်ကုန်ကားဈေးကွက် ကျွမ်းကျင်သူတဦးက
သုံးသပ်သည်။

“စီးပွားရေး မကောင်းကြဘူး။ စီးပွားရေး ကောင်းရင် ကားဈေးကွက် ပြန်လည်မယ်။ လူတွေလက်ထဲ ပိုက်ဆံရှိရင်
အရောင်းအ၀ယ် ပြန်ဖြစ်မယ်” ဟု ဟံသာဝတီ ကားဝိုင်းမှ ကားဝယ်ရောင်း အကျိုးဆောင် တဦးက ဆိုသည်။

အစိုးရက ကားလေလံပွဲများ ဆက်တိုက် ကျင်းပခြင်းသည်လည်း ကားဈေးကွက်ကို ပျက်ပြားစေသည့် အချက်တခု ဖြစ်ကြောင်း ရန်ကုန် ကားပွဲစားများက ပြောသည်။

“လေလံပွဲတွေ ဆက်တိုက် လုပ်လာပြီးတော့ ရောင်းတဲ့ကားတွေက ဈေးကွက်မှာ အရောင်းအ၀ယ် ကောင်းတဲ့ ကားအမျိုးအစားတွေပဲ။ ဒီကားတွေ လေလံပစ်တော့ ဈေးကွက်မှာ ၀ယ်လက် ပိုပျောက်တယ်” ဟု
သတိပဌာန်ကားဈေးကွက်မှ ကားပွဲစားကဆိုသည်။

အစိုးရသည် လေလံပွဲများဆက်တိုက်ပြုလုပ်ခဲ့ရာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်သည့် မန္တလေး လေလံပွဲနှင့် ဒီဇင်ဘာလကုန်တွင် ပြုလုပ်သည့် မန္တလေးလေလံပွဲ နှစ်ခုပေါင်းလျှင်ပင် ကားအစီးရေ ၅၃၁ စီးရှိခဲ့ကြောင်း ကားပွဲစားများက ပြောသည်။ လေလံပစ်လိုက်သော ကားများအားလုံးမှာ မော်ဒယ်မြင့် ကားများသာဖြစ်ကြောင်း ရန်ကုန်ကားပွဲစားတဦးက ရှင်းပြသည်။

ထို့ပြင် လာမည့် ၂၀၁၀ ပြည့်နှစ် အစိုးရအပြောင်းအလဲ နောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် ကားတင်သွင်းခွင့် ရှိလာနိုင်ပြီး ကားဈေးကွက် အနေအထားပြောင်းလဲနိုင်သဖြင့် ကားဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန် လက်တွန့်နေကြကြောင်းလည်း သိရှိရသည်။

“အခုကားဈေးကွက်မှာ ဖြစ်နေတဲ့ သီအိုရီက ကားဝယ်ရင် ရှုံးမယ် ဆိုတဲ့ပုံစံပါ” ဟု ဟံသာဝတီ ကားဝယ်ရောင်းတဦးက ရှင်းပြသည်။

ယခု ၂၀၀၉ ခုနှစ်၏ ကားဈေးကွက်သည် အရောင်းအ၀ယ်မရှိသော အခြေအနေတွင် ဆက်လက်တည်ရှိနိုင်ပြီး ကားဈေးနှုန်းများမှာ မရောင်း၊ မ၀ယ်ဆိုသည့် အနေအထားနှင့်ပင် ဈေးနှုန်းအနည်းငယ်စီ ထပ်မံ ကျဆင်း နိုင်ကြောင်း ရန်ကုန်ကားဈေးကွက်ကျွမ်းကျင်သူများက ပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်