ကချင် လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ် စစ်ရေး ဆက်တင်းမာ

E-mail Print
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်အကြား ကချင်ပြည်နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ရေးအရ တင်းမာမှုများ ဆက်လက်ရှိနေသည်ဟု သိရသည်။

Kachin-Independence-Army-mmမိုးမောက်မြို့နယ်တွင် KIA တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း ၁၅ နှင့် အစိုးရတပ်များသည် လအတန်ကြာ စစ်ရေးတင်းမာပြီးနောက် ယမန်နေ့က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲကြောင့် နှစ်ဘက်စလုံး စစ်ရေးအရ ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

KIA နယ်မြေအတွင်းရှိ မိုင်ဂျားရား ကျေးရွာမှ ဒေသခံ တဦးကလည်း ကျေးရွာများတွင် နေထိုင်သည့် အမျိုးသားများသည် တိုက်ပွဲ ဖြစ်ပွားသည့်ဒေသများသို့ သွားရောက်၍ စစ်တိုက်ခိုက်ရေးတွင် မပါဝင်နိုင်သော်လည်း ရိက္ခာသယ် ဆောင်ရာတွင် ကူညီပေးကြသည်ဟု ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားသည့်နေ့ ညပိုင်းမှ စတင်ကာ မြန်မာစစ်တပ်ဘက်မှ KIA ဌာနချုပ်အနီးတ၀ိုက်တွင် တပ်အင်အား တိုးချဲ့ခြင်းများ ပြုလုပ်လာခြင်းရှိသော်လည်း အရေအတွက် မည်မျှ တိုးချဲ့သည်ကို တိတိကျကျမသိရဟု တရုတ်-မြန်မာ နယ်စပ်ရှိ KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုဆိုင်းအောင် က ပြောသည်။

“မြစ်ကြီးနားနဲ့ ဗန်းမော်လမ်း ဘက်ပေါ့။ မနေ့က တိုက်ပွဲဖြစ်တဲ့ လမ်းဘက်မှာရော ၊ ဗန်းမော်လမ်းဘက်မှာရော ၊ လိုင်ဇာနဲ့ နီးတဲ့နေရာ မြန်မာစစ်တပ်ဘက်က အင်အားထပ်တိုးချထားတယ်”ဟု သူက ဆိုသည်။

၂၀၁၀ ပြည့်နှစ်ကတည်းက KIA တပ်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရက ဖိအားပေးခဲ့ရာမှ ဆက်ဆံရေး တင်းမာနေခဲ့သည်။

ယမန်နေ့ တိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ စစ်သား ၃ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိပြီး KIA တပ်မှ  စစ်သား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KIA ၏ ပြောကြားချက်ကို ယမန်နေ့က ကချင်သတင်းဌာနတွင် ဖော်ပြထားသည်။

ယခင်လကတည်းက KIA က ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မ၀င်ရောက်ရန် သတိပေးခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် နယ်မြေထဲသို့ အစိုးရတပ်များဝင်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ KIA တပ် မဟာ ၃ ထိန်း ချုပ်သည့် နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက အစိုးရတပ်များနှင့် စစ်ရေးတင်းမာနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကချင်သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်းက“ဗန်းမော်ခရိုင်ထဲမှာ ရှိတဲ့ မြန်မာ တပ်တွေထဲက စစ်သားအင်အား  ၅၀၀ လောက် တော့ ရှိတယ်။ သူတို့က KIAနယ်မြေထဲကို ၀င်လာလို့ အဖမ်းခံထားရတဲ့ မြန်မာစစ်သားတွေကို လွှတ်ပေးဖို့ အင်အားနဲ့ လာ ခြိမ်းခြောက်သလို ၊ ဖိအားပေးသလို ပုံစံမျိုးလုပ်တယ်လို့သိရတယ်။ အဲဒီမှာ ညှိကြရင်းနဲ့ နှစ်ဘက် တင်းမာကုန်ပြီး မြန်မာ စစ်တပ်က စပစ်တာကို KIA ကလည်း ပြန်ပစ်ကြရင်း တိုက်ပွဲဖြစ်ကုန်တာ”ဟု ပြောသည်။

KIOသည် ယခင် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင် ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန်လည်း သတိပေး ထားသည်။

ကိုဆိုင်းအောင်က“ထိုးစစ်အနေနဲ့ KIA နယ်မြေထဲကို ထပ်တိုးဝင်လာရင်တော့ စစ်ပွဲကြီးတွေ ဖြစ်လာနိုင်တာပေါ့။ မနေ့က တိုက်ပွဲ ကလည်း လူသေတဲ့ အထိ ရှိသွားတော့ တိုက်ပွဲက ပြင်းထန်တယ် ပြောရမယ်”ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေး ရုံးကို အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားလျက် ရှိသည်။ နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်