လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင်

E-mail Print
ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်တွင် ထိုင်းအာဏာပိုင်များနှင့် မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့တခုတို့ ပူးပေါင်းပြီး လူကုန်ကူးသည့် အဖွဲ့တခုကို ဝင်ရောက်ဖမ်းဆီးကာ လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင် လိုက်ကြောင်း သိရသည်။

TACDB-01ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) တို့ ပူပေါင်း၍ ဝင်ရောက် ဖမ်းဆီးရာတွင် လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးနှင့် ထိုင်းနိုင်ငံသား ၅ ဦး၊ မော်တော်ယာဉ် ၃ စီး၊ လူကုန်ကူးရာတွင် သုံးသည့် ငွေစာရင်း စာရွက်စာတမ်းများကိုပါ သိမ်းဆည်းရမိကြောင်း TACDB မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။

လူကုန်ကူးခံရသူများကို ဆူဖန်ဘူရီခရိုင်၊ ဆမ်ချုပ်မြို့နယ်ရှိ ဝက်ခြံနှစ်ခုတွင် ပိတ်လှောင်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ဦးမြင့်ဝေက “ကျနော်တို့ TACDB နဲ့ ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) က ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဆူဖန်ဘူရီမှာရှိတဲ့ လူကုန်ကူး အဖွဲ့တခုကို ဖမ်းဆီးမိလိုက်တယ်။ အဲဒီမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား မောင်နှမ ၂ ယောက်ရယ်၊ ရောင်းစားဖို့ လှောင်ပိတ်ထားတဲ့ တခြား မြန်မာနိုင်ငံသား ယောက်ျား ၂၉ ယောက်နဲ့ မိန်းမ ၂၆ ယောက်ကိုပါ တပါတည်း ဖမ်းမိတယ်။ အားလုံးဆိုရင် ၅၇ ယောက်ပေါ့” ဟု ပြောသည်။

ရောင်းစားခံရသူ မောင်နှမ နှစ်ဦးမှာ ကိုချက်နှင့် မစိမ်းမို့မို့တို့ ဖြစ်ကြောင်းသိရသည်။

မစိမ်းမို့မို့ကို ၀ယ်ထားသူ  လူမှောင်ခိုသမားက နေ့စဉ် ဖုန်းဆက်ကာ သမီးဖြစ်သူအား ရွေးလိုက ရွေးနိုင်ကြောင်း ပြောသည်ဟု မိခင်ဖြစ်သူ ဒေါ်ဌေးဌေးက ပြောသည်။

“ကျမသားနဲ့ သမီးကို ရောင်းစားထားတဲ့ ပွဲစားက နေ့စဉ် ဖုန်းဆက်ပြီး ပြောတာက သားကိုတော့ လှေထဲ ရောင်းစားလိုက်ပြီ။ သမီးကို ပြန်လိုချင်ရင်တော့ ဘတ် ၁ သိန်းပေးရမယ်။ ကျမကလည်း အဲဒီလောက် မတတ်နိုင်ဘူး ဆိုတော့ နောက်ထပ်ပြောတာက ၃၀၀၀၀ ဆိုရင် ရမယ်ပေါ့။ ကျမတို့ မတတ်နိုင်တော့ နောက်ဆုံး သူပြောလာတာက သူက သမီးကို ဘတ် ၁၃၀၀၀ နဲ့ဝယ်ထားရတာမို့  ၁၅၀၀၀ တော့ ပေးပါ။ အမြတ် ၂၀၀၀ တော့ပေးပါလို့ ပြောတယ်။ ကျမကလည်း သူတို့ကို မယုံတာနဲ့ အဖွဲ့အစည်းကို တိုင်လိုက်တာ အခုလို ကျမသမီးလေးကို ပြန်မိတာ” ဟု ဆိုသည်။

ထိုင်းရဲများ၏ အကူအညီဖြင့် ၎င်း၏သားဖြစ်သူ ကိုချက်အားလည်း ရောင်းစားထားသည့် လှေမှ ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း၊ ကိုချက်ကို ရောင်းစားခဲ့သည့်နေရာမှာ စမုပရာကန်ခရိုင် ခရောင်ဒင် လှေဆိပ်တွင် ဖြစ်ကြောင်း သိရသည်။

TACDB-02
ယင်းသို့ ဖမ်းဆီးရာတွင် ကိုယ်တိုင် လိုက်ပါသွားခဲ့သူ TACDB ၏ တရားဥပဒေ အထောက်အကူပြုအဖွဲ့မှ ကိုနိုင်က “ကျနော်တို့ တနေ့ညကတည်းက ဖမ်းဖို့ သွားကြတာ။ ဒါပေမယ့် ညကလည်း မှောင်နေတော့ နေရာကို အသေအချာ ရှာမတွေ့ဘူး။ မနက်ကျမှ နေရာကို အသေအချာရှာတွေ့လို့ ဒေသခံ ရဲတွေကိုပါ အကူအညီတောင်းပြီး အင်အားဖြည့်ကာ ဖမ်းလိုက်ကြတာ” ဟု ပြောသည်။

သားသမီး နှစ်ယောက်ကို ကယ်တင်ရေးအတွက် ဒေါ်ဌေးဌေးက သက်ဆိုင်ရာသို့ တိုင်တန်းပြီးနောက် စမုပရာကန်ခရိုင်ရှိ မြန်မာ လူမှောင်ခိုသမားတဦးကို စတင်ဖမ်းမိရာမှ ဆက်လက်ခြေရာခံကာ ဆူဖန်ဘူရီခရိုင်မှ လူကုန်ကူးအဖွဲ့ကို ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူအားလုံးကို ဆူဖန်ဘူရီ ရဲစခန်းတွင် ထိမ်းသိမ်းထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းဝန်းကျင်အတွင်းရှိသည် အလုပ်သမားရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ခန့်မှန်းကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်