နိုင်ငံရေးထက် စီးပွားရေးပိုလုပ်ဟု ကျားဖြူပါတီ ဝေဖန်ခံရ

E-mail Print
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ ခေါင်းဆောင်များသည် နိုင်ငံရေးကိစ္စများ မလုပ်ဆောင်ဘဲ စီးပွားရေးကိုသာ ရှေ့တန်းတင် လုပ်ဆောင်နေကြောင်း ပါတီဝင်များအကြား ဝေဖန်နေမှုမှာ မမှန်ကန်ဟု ပါတီ၏ ဗဟို ကော်မတီဝင်နှင့် ဘဏ္ဍာရေးမှူးဖြစ်သူ ဦးစောသန်းမြင့်က ငြင်းဆိုသည်။

sndp-open၎င်းက “စီးပွားရေးလုပ်တာက ကိုယ်ပိုင်စီးပွားရေးပါ။ ပါတီတွင်းမှာရော အချင်းချင်းတွေကြားမှာပါ ဝေဖန်မှုတွေရှိလို့ အဲဒီလုပ်ငန်းတွေကို ကိုင်တိုင်မလုပ်တော့ ပါဘူးခင်ဗျာ” ဟု ဧရာဝတီကို ပြောသည်။

ဝေဖန်မှုများကြောင့် ကိုယ်ပိုင်လုပ်ငန်းများအား ၎င်းတို့ကိုယ်တိုင် ဦးစီးမဆောင်ရွက်တော့ဘဲ ပါတီနိုင်ငံရေးကိုသာ ဦးစားပေး လုပ်ဆောင်နေသည်ဟု ဦးစောသန်းမြင့်က ဆက်ပြောသည်။

သို့ရာတွင် တောင်ကြီးဒေသခံ ပါတီဝင်တဦးက “ကျားဖြူပါတီရဲ့နိုင်ငံရေးက သေနေသလိုဖြစ်နေတယ်။ ပါတီရဲ့ လုပ်ပိုင်ခွင့် အားလုံးနီးပါးကို ဥက္ကဋ္ဌ တယောက်တည်းက လက်ဝါးကြီးအုပ်လုပ်နေတယ်” ဟု ပြောသည်။

ပါတီခေါင်းဆောင်များသည် ပါတီ၏မြို့နယ်အဆင့်၊ ကျေးရွာ၊ ရပ်ကွက်အဆင့်ရှိ ပါတီဝင်များနှင့်ထိတွေ့မှုနည်းပါးပြီး အောက်ခြေ၌ ဖြစ်ပေါ်နေသော အခြေအနေများကို လုံးဝလျစ်လျူရှုကာ ပါတီနှင့်ပတ်သက်၍ လူငယ်များတွင်လုပ်ပိုင်ခွင့်မရှိဟု ဆက်ပြောသည်။

ကျားဖြူပါတီ၏ခေါင်းဆောင်ပိုင်း အားလုံးတွင် ကိုယ်ပိုင်ကုမ္ပဏီ စီးပွားရေးလုပ်ငန်းများ ရှိကြောင်း၊ ပါတီ၏ “ကျားဖြူ” ကုမ္ပဏီ သည် ပါတီဝင် အားလုံးနှင့်သက်ဆိုင်ကြောင်း၊ အောက်ခြေပါတီဝင်များနှင့်လည်း အမြဲထိတွေ့မှု ရှိကြောင်း၊ လူငယ်များကို နေ ရာ ပေးထားကြောင်း၊ လူငယ်များအား သင်တန်းမျိုးစုံကို တက်ရောက်ခွင့်ပေးထားပြီး အလှည့်ကျနေရာပေးသွားမည် ဖြစ် ကြောင်း ဦးစောသန်းမြင့်က ဆိုသည်။

ရန်ကုန်မြို့ခံ ပါတီဝင်တဦးကလည်း “နိုင်ငံရေးလုပ်ချင်လို့ ပါတီထဲဝင်လာတာဗျာ။ အခုတော့ဘာနိုင်ငံရေးမှ မလုပ်ကြဘူး၊ ကျနော်တို့ပါတီကိုလည်းပဲ တခြားပါတီတွေလို နိုင်ငံရေးကိုပဲ ဦးစားပေး အလေးထားလုပ်စေချင်တယ်။ အောက်ခြေ ပါတီဝင်တွေက ဒီ ကိစ္စအပေါ် မကျေမနပ်ဖြစ်နေကြတယ်” ဟု ဆိုသည်။

ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သူ တဦးဖြစ်ပြီး ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ယုဇနဦးဌေးမြင့်နှင့် ခမည်းခမက်တော်စပ်သူ တဦးဖြစ်ကြောင်းလည်း သိရ သည်။ ဦးစိုင်းအိုက်ပေါင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့သစ်တွင် သစ်တောနှင့် သတ္တုဝန်ကြီး အဖြစ်တာဝန်ယူထားသူဖြစ် သည်။

ဦးစိုင်းအိုက်ပေါင်းသည် ရန်ကုန်မြို့ရှိပြည်ထဲရေးဝန်ကြီးဌာနပိုင် မြေကွက်တခုအား ပြီးခဲ့သည့်လအနည်းက ကျပ် သိန်းပေါင်း ၂ သောင်းကျော်ဖြင့် လေလံအောင်ခဲ့သော်လည်း မ၀ယ်ဖြစ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

ပါတီ၏ ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌ တို့သည် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးနှင့် တခြားသောကိစ္စများကိုသာ လုပ်ဆောင်နေခြင်းကြောင့် ပါတီ၏ နိုင်ငံရေး တာဝန်များကိုလုပ်ဆောင်ခြင်း မရှိတော့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ နေရာအား အပြောင်းအလဲ ပြုလုပ်လိုကြောင်း၊ ပါတီ အကွဲအပြဲ မဖြစ်လိုကြောင်း ပါတီဝင်တချို့က ပြောဆိုကြသည်။

ကျားဖြူပါတီသည် ပါတီရန်ပုံငွေအတွက် စီးပွားရေးကုမ္ပဏီတခု တည်ထောင်ရန် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ကျင်းပ ခဲ့သည့် ပါတီညီလာခံ၌ ဆုံးဖြတ်ခဲ့ကြပြီး ကုမ္ပဏီ၏ အမည်ကိုလည်း “ကျားဖြူ” ဟု အမည်ပေးခဲ့ကြသည်။

ရှမ်းလူထုက ပါတီ၏ လက်ရှိလုပ်ဆောင်နေမှုများသည် “ကျားဖြူ” အမည်နှင့်ကိုက်ညီမှု မရှိတော့ကြောင်း ဝေဖန်ပြောဆိုနေကြ သည်ဟု ဒေသခံများထံမှ သိရသည်။ တချို့က ကျားဖြူ အမည်ကို “ကြောင်မည်း”ဟု ပြောင်လှောင် ခေါ်ဝေါ်မှုများပင်ရှိသည် ဟုလည်း ဆိုသည်။

ကျားဖြူပါတီအား ထောက်ခံမဲပေးခဲ့ကြသော ရှမ်းလူငယ်များကလည်း ၎င်းတို့၏ Facebook စာမျက်နှာများ၌ ဦးစိုင်းအိုက်ပေါင်း သည် ဆားလုပ်ငန်း၊ ဒု ဥက္ကဋ္ဌ ဦးစိုင်းဆောင်စီသည် လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းနှင့် တည်းခိုခန်းလုပ်ငန်း၊ ပါတီအတွင်းရေးမှူး ဦးစိုင်းလှကျော်သည် အရက်ချက်လုပ်ငန်း၊ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်သည် ခေါင်ရည် လုပ်ငန်းတို့လုပ်ကိုင်၍ “ဆားနဲ့လက်ဖက်၊ အရက်နဲ့ခေါင်ရည် ကျားဖြူကို ထုံးသုပ်နေ” ဟု ခေါင်းဆောင်များအား ဝေဖန် ရေးသားထားကြသည်။

ကျားဖြူကုမ္ပဏီသည် သစ်၊ စိုက်ပျိုးရေး၊ သတ္တု လုပ်ငန်းများကို အဓိက လုပ်ဆောင်မည်ဖြစ်ပြီး ထွက်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း၊ အကျိုးအမြတ်များကို အချိုးကျခွဲဝေပြီး ပါတီအတွက်သုံးမည်ဟု ပါတီ၏ ဗဟို ကော်မတီဝင် ဦးစိုင်းလှကျော်က ပြောဆိုထားသည်။

SNDP ပါတီသည်၂၀၁၀ ရွေးကောက်ပွဲ၌ပါဝင်ခဲ့သော အကြီးဆုံး တိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်ပြီး ကိုယ်စားလှယ် ၁၅၆ ဦး ၀င်ပြိုင်ခဲ့ရာ ၅၇ ဦးနှင့် တတိယ အများဆုံးအနိုင်ရရှိခဲ့သော ပါတီဖြစ်သည်။ လက်ရှိတွင် ပါတီဝင်အင်အား ၁ သိန်း၂ သောင်းကျော် ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်