ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးတွင် တခဲနက်ကြို

E-mail Print
အကျယ်ချုပ်မှလွတ်မြောက်ပြီး ပထမဦးဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် ပဲခူးမြို့သို့ ရောက်ရှိသွားသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ အများအပြားက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

irrawaddy01ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း ဖြတ်သွားမည့် နေရာများ၊ စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားများတွင် ဒေသခံတို့က စောင်းဆိုင်းနေခဲ့ကြသည်။

ပြည်သူလူထု၏ ထောက်ခံမှုကို မြင်ရသည့်အတွက် အလွန် ၀မ်းသာသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမ အခု ပဲခူးကို ရောက်ဖူးတာ သုံးကြိမ် ရှိပြီ။ သုံးကြိမ်လုံး ပဲခူးမြို့က ကျမကို လှိုက်လှိုက် လှဲလှဲ ကြိုဆိုတယ်။ ကျမတို့ကို ထောက်ခံတယ် ဆိုတာက ကျမတို့ အပေါ်မှာ  မျှော်လင့်ချက်ထားလို့ ဆိုတာ ကျမ နားလည်တယ်။ အခုလို ထောက်ခံမှုကို မြင်ရလေ ကျမတို့မှာ တာဝန် ပိုရှိလာတယ်လို့ ခံစားရတယ်” ဟု ပဲခူးရှိ စာဖတ်ခန်း ဖွင့်ပွဲသို့ ရောက်လာသည့် ထောင်နှင့်ချီသော ဒေသခံများကို ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

ပဲခူး နေ့ချင်းပြန် ခရီးစဉ်တွင် NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ NLD အဖွဲ့ဝင်များ၊ လူငယ်ကွန်ရက် အဖွဲ့ဝင်များ၊ စာနယ်ဇင်းသမားများ ရန်ကုန်မှ လိုက်ပါသွားကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းတွင် ကားအစီး ၂၀ ကျော်ကို တွေ့ရသည်။

ခရီးစဉ်တလျှောက် ယာဉ်ကြောပိတ်ဆို့ခြင်း မရှိစေရန် အာဏာပိုင်တို့က စီစဉ်ထားကြောင်း တွေ့ရသည်။

နံနက် ၆ နာရီ မထိုးမီ ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ  ပဲခူးသို့ ၇ နာရီကျော်ခန့်တွင် ရောက်ရှိပြီး ဦးစွာ နာမည်ကျော် ရွှေမော်ဓော စေတီသို့ တက်ရောက် ဖူးမြော်ကာ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်တွင် ဝါဆိုသင်္ဃန်း ကပ်လှူသည်။irrawaddy02

ထို့နောက် သနပ်ပင်မြို့နယ်သို့ သွားရောက်ပြီး ဒေသခံ NLD အဖွဲ့ဝင်များ စီစဉ်သည့် အောင်ဆန်းဂျာမွန်း စာဖတ်ခန်းကို ဖွင့်လှစ်ပေးကာ ထောက်ခံကြိုဆိုကြသည့် ရာနှင့်ချီသော ဒေသခံများကို မိန့်ခွန်း ပြောကြားခဲ့သည်။

နံနက် ၁၁ နာရီကျော်တွင် ပဲခူးမြို့သို့ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူများက  လမ်းဘေးဝဲယာတလျှောက်မှ ၀မ်းသာအားရ ကြိုဆို နှုတ်ဆက်ကြသည်။

ပဲခူးတွင်လည်း အောင်ဆန်းဂျာမွန်း စာဖတ်ခန်းတခု ဖွင့်လှစ်ပေးခဲ့သည်။ စာဖတ်ခန်းတို့၏ အမည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၈၉ ခုနှစ် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဒေသခံတို့ ပေးလိုက်သည့် ဂုဏ်ပြုဘွဲ့ အမည်နှင့် ဆင်တူနေသည်။ ဂျာမွန်းသည် ကချင်ဘာသာဖြင့် "ရွှေဝတ်မှုန်" ဟု အဓိပ္ပာယ်ရသည်။ စာဖတ်ခန်းများနှင့်အတူ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲများကိုလည်း ပြုလုပ်ကြသည်။

ယနေ့ ပဲခူး ခရီးစဉ်မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် ရက် ၂၀ အတွင်း ၂ ကြိမ် တွေ့ဆုံခဲ့သည်။ ထွက်ပေါ်လာသည့် ပူးတွဲ ကြေညာချက်များတွင် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်မည်၊ ဆက်လက် ဆွေးနွေးမည်ဟု ဖော်ပြထားသည်။

ထိုတွေ့ဆုံမှုများနှင့် ပတ်သက်ပြီး  ပြည်သူလူထု စိတ်ဝင်စားကြမည်ကို နားလည်ကြောင်း၊ ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်ကို လူသိရှင်ကြား မပြောနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမှ သူ့အား စောင့်ကြိုနေသူ ဒေသခံများကို ရှင်းပြသည်။

“ပြည်သူလူထု ဘာကိုလိုချင်တယ် ဆိုတာ ကျမတို့ သိပါတယ်။ ပြည်သူ လူထုရဲ့ဆန္ဒကို ကျမတို့ အလေးထားတယ်။ အခုအချိန်မှာ ထုတ်မပြောနိုင်သေးတာက တိကျရတဲ့ ရလဒ်တွေ မရသေးလို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်သူလူထုကို လွဲမှားသည့် မျှော်လင့်ချက် ပေးမည် မဟုတ်ဘဲ စစ်မှန်သော ဒီမိုကရေစီရရှိရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ယခင်ရက်များက မိုးသည်းထန်စွာ ရွာသဖြင့် ပဲခူးမြို့ ကားလမ်း၊ ရထားလမ်း အပါအ၀င် နေရာအများအပြား ရေလွှမ်းခဲ့သေးသည်။ သို့သော်လည်း ယနေ့ ရာသီဥတု သာယာလာပြီး လမ်းပမ်းဆက်သွယ်ရေးလည်း ကောင်းမွန်နေသည်။

ယာဉ်တန်းသည် လမ်းတွင် မကြာခဏ ရပ်တန့်သွားပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ထောက်ခံ အားပေးသူများ၊ ရေဘေးဒုက္ခသည်များနှင့် စကားပြော နှုတ်ဆက်သည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၃ နာရီကျော်တွင် ပဲခူးမှ ထွက်ခွာခဲ့ပြီး မိုင် ၅၀ ခန့်ဝေးသော ရန်ကုန်သို့ ညနေ ၅ နာရီခန့်တွင် ပြန်လည် ရောက်ရှိသွားသည်။

ဇူလိုင်လဆန်းပိုင်းကလည်း မြန်မာပြည်တွင် ခေတ္တ ရောက်ရှိနေသော သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ ပုဂံညောင်ဦးသို့ မိသားစုခရီး ၄ ရက်ကြာ ထွက်ခဲ့ရာ ဒေသခံ အများအပြားက ၀မ်းသာအားရ ကြိုဆိုခဲ့ကြသည်။

အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များကို  တားမြစ်ခြင်း မရှိပေ။

“ဥပဒေနှင့်အညီ သွားလာ လှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဟူသော  ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ ပြောဆိုချက်ကိုသာ ဇွန်လဆန်းပိုင်း သတင်းစာများတွင် ဖော်ပြခဲ့သည်။

ယနေ့ပြုလုပ်သည့် ပဲခူးနေ့ချင်းပြန်ခရီးမှာ အဆင်ပြေ ချောမွေ့သော်လည်း ၂၀၀၃ ခုနှစ် မေလ နိုင်ငံရေး ခရီးစဉ်မှာ အကြမ်းဖက် တိုက်ခိုက်မှုနှင့် အဆုံးသတ်ခဲ့သည်။

ထိုစဉ်က ဒီပဲယင်းမြို့အနီးတွင် အာဏာပိုင်တို့ ကျောထောက် နောက်ခံပြုထားသည်ဟု အများက ယူဆသော တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကားများက ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ခံရသည့်  ဒေါ်အောင်ဆန်းစုကြည် နှင့် ယာဉ်တန်းတွင် ပါဝင်သူ အများအပြား အထိန်းသိမ်းခံလိုက်ရသည်။
အာဏာပိုင်တို့က အများအပြားကို တဖြည်းဖြည်းချင်း ပြန်လွှတ်ပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုမူ ပြီးခဲ့သည့် နိုဝင်ဘာလအထိ  ၇ နှစ်ကြာ ထိန်းသိမ်းခဲ့သည်။

ဧရာဝတီ သတင်းထောက်များ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်