လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ပြောမည်

E-mail Print

မစ္စတာ ဘရက် အိုဘားမား အမေရိကန် သမ္မတ ဖြစ်လာပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပထမဆုံးအကြိမ် မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို သောကြာနေ့တွင် ပြုလုပ်မည်ဖြစ်သည်။

မြန်မာစစ်အစိုးရ၏ တိုးတက်မှု တစုံတရာမရှိသော အငြင်းပွားဖွယ်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီသည် မကြာသေးမီ က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီထံမှ ကြားနာမည်ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မစ္စတာ ဂန်ဘာရီသည် ဇန်န၀ါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိသွားရောက်ခဲ့သော ၇ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အပါအ၀င် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(အက်စ်အန်အယ်လ်ဒီ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)၊ စစ်အစိုးရ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ စစ်အစိုးရပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် များ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကော်မရှင်အဖွဲ့၊ ကြံ့ဖွံ့အဖွဲ့အပါအ၀င် အစိုးရ ထောက်ခံ သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

ထိုခရီးစဉ်တွင် မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တွေ့ဆုံခွင့် မရခဲ့ပေ။

မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာလာပြီးနောက် တရုတ်နိုင်ငံ ဘေဂျင်းမြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့များသို့ သွားရောက်၍ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်များကို သက် ဆိုင်ရာ နိုင်ငံအာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။

ထို့အပြင် မစ္စတာ ဂန်ဘာရီသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် နိုင်ငံတကာ အစည်းအဝေး တခုတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် သွားရောက်တွေ့ဆုံ၍ ၎င်း ၏ မြန်မာနိုင်ငံအတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။

သောကြာနေ့ပြုလုပ်မည့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်သစ် ဆူစန် ရိုက်စ် က အိုဘားမား အစိုးရ၏ မြန်မာ့အရေးဆိုင်ရာ ပေါ်လစီကို ပြောကြားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အရာရှိများက ပြောသည်။ 

တချိန်တည်းတွင်ပင် ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အစည်းအဝေးတခုတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးသစ် မစ္စ ဟီလာရီ ရော့ဒ်ဟန် ကလင်တန်က အိုဘားမား အစိုးရ၏ မြန်မာ့အရေးဆိုင်ရာ ချဉ်းကပ်ပုံ ပေါ်လစီ မှ အဓိက အစိတ်အပိုင်းတချို့ကို ပြောကြားသွားကြောင်း သိရသည်။

အစည်းအဝေးအပြီးနောက် ပြင်ပတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ီရာယုဒ နှင့်အတူ မစ္စ ကလင် တန် က “အရေးယူဒဏ်ခတ် ပိတ်ဆို့မှု နည်းလမ်းနဲ့တော့ မြန်မာစစ်အစိုးရက မတုန်လှုပ်ဘူးဆိုတာ ရှင်းပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
မစ္စ ကလင်တန်က မြန်မာ့အရေးဆိုင်ရာ လက်ရှိအမေရိကန်အစိုးရ၏ ပေါ်လစီနှင့်ပတ်သက်ပြီး ဦးတည်ချက်ကို ထုတ်ဖော် ပြောဆိုခြင်းမရှိသော်လည်း စစ်အစိုးရအနေနှင့် တစုံတဦး၏ အကူအညီလွှမ်းမိုးမှုကိုမခံယူလိုဘဲ လွှဲ ရှောင်ပါက ကံမကောင်းသည့်လမ်းကို ရွေးချယ်သကဲ့သို့ ဖြစ်နိုင်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

မည်သို့ပင်ဖြစ်စေ အိုဘားမားအစိုးရအနေနှင့် အရေးယူပိတ်ဆို့မှုကို လျှော့ချပါက ကွန်ဂရက် လွှတ်တော်တွင် အတိုက်အခံများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ၀ါရှင်တန်ပို့စ် သတင်းစာက ရေးသားထားသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်