မိုးကုတ် ကျောက်မျက် ဈေးကွက်ပျက်

E-mail Print
မိုးကုတ်ကျောက် ဖက်စပ် တူးဖော်ရေးလုပ်ငန်းကြီး ၅၀ ခန့် ရှိသည့်အနက် အားလုံးနီးပါး ရပ်ဆိုင်းထားရ သောကြောင့် ကျောက်လုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲ ဒုက္ခဖြစ်နေရ ကြောင်း မိုးကုတ်မြို့ခံများထံမှကြား သိရ သည်။

အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘုရှ်သည် ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံမှ ကျောက်စိမ်း များ အပါအဝင် အဖိုးတန်ကျောက်မျက်များ တင်သွင်းမှုအပေါ် တားမြစ်သည့် (တွမ်လန်းတော့စ် မြန်မာ့ကျောက် မျက်ရတနာ ပိတ်ပင်ရေးအက်ဥပဒေ ၂၀၀၈) ကို လက်မှတ်ရေးထိုး ပြဌာန်း၍ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု တဆင့် တိုးမြှင့်လိုက်ပြီး နောက်ပိုင်း ကျောက်ဈေးကွက် လုံးဝနီးပါး ပျက်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထိုဥပဒေတွင် အမေရိကန်နိုင်ငံသို့ တင်သွင်းနေသည့် မြန်မာ့ပတ္တမြား ၃ ရာခိုင်နှုန်းကို တင်သွင်းခွင့် ပိတ်ဆို့ တားမြစ်သည်ဟု ပါရှိသည်။

တရားဝင်စာရင်းဇယားများအရ ၂၀၀၇ - ၂၀၀၈ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၆၄၇. ၅၃ သန်း ဝင်ငွေရှိခဲ့ကြောင်းသိရသည်။ သို့ရာတွင် ကျောက်မျက် ထုတ်လုပ်ရေး လုပ်ငန်းမှာမူ ၂၀၀၇ ဒုတိယ သုံးလပတ်တွင် ၇. ၁၇၈ ကာရက် ရှိခဲ့ရမှ ၂၀၀၈ ဒုတိယ သုံးလပတ်တွင် ၆. ၄၉၁ ကာရက်အထိ ကျဆင်းခဲ့သည်။

ယခုအခါ မိုးကုတ်ဒေသရှိ အစိုးရနှင့် ဖက်စပ် ကျောက်တူးဖော်ရေး လုပ်ငန်း အားလုံးနီးပါး ရပ်ဆိုင်းထားရ သောကြောင့် ကျောက်လုပ်ငန်းကို အမှီပြု စီးပွားရှာနေရသူ ဒေသခံများအားလုံး ဒုက္ခ ရောက်နေရကြောင်း မိုးကုတ်မြို့ခံ စီးပွားရေးသမား တဦးဖြစ်သည့် ဦးလှဦးက ပြောပြသည်။

“အမေရိကန်က ပိတ်ဆို့ပြီး နောက်ပိုင်းမှာ ရောင်းကွက်က လုံးဝပြဿနာဖြစ်နေတော့ တူးဖော်ရေးတွေ ရပ်ထား ရတယ်။ ကန်ထရိုက်တွေ ငါးပုံတပုံလောက်ပဲ အလုပ်ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ကျောက်တူးဖော်ရာတွင် သာမန်တွင်းတတွင်း အတွက်ပင် တနေ့လျှင် ဒီဇယ်ဆီ ၃၊ ၄ ပီပါခန့် ကုန်ပြီး နေ့စား အလုပ်သမား ၄၀ ကျော်ခန့် ခေါ်ယူ အသုံးပြုရကြောင်း သိရသည်။ အလုပ်သမားတဦးလျှင် နေ့စားခ ၁၅၀၀ ကျပ် ရှိသောကြောင့် တနေ့ကုန်ကျစရိတ်မှာ ကျပ် ၃ သိန်းခွဲခန့် ရှိသည်ဟု ကျောက်ရောင်းဝယ်ရေး လုပ်သည့် မိုးကုတ်မြို့ခံ ကိုဝင်းလတ်က ပြောပြသည်။ ကျောက်တူးဖော်ရေး လုပ်ငန်းတွင် လခစားလုပ်ကိုင်သူတို့မှာ စရိတ်ငြိမ်း တလ ကျပ် ၂ သောင်းခန့် ရရှိကြောင်း သိရသည်။

“ကုန်ကျစရိတ် အဲလောက်များပေမယ့် ကျောက်ပြန်ရ၊ မရက မသေချာဘူး။ ဈေးကွက်ကလည်း ပျက်နေတာ ဆိုတော့ မကိုက်တော့ဘူး။ အဲဒါကြောင့် လုပ်ငန်းတွေ ရပ်ထားရတာ” ဟု ၎င်းက ဆိုသည်။

မိုးကုတ်မြို့ခံ ပညာတတ်လူငယ် အများစုမှာ ကျောက်အရောင်းအဝယ်လုပ်ငန်းကိုသာ ဇောက်ချ လုပ်ကိုင်ကြ လေ့ရှိရာ ယခုအခါ အားလုံးနီးပါး အလုပ်လက်မဲ့ ဖြစ်နေကြကြောင်း ကြားသိရသည်။

အဓိကအားဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများက ဈေးကောင်းပေးဝယ်လေ့ရှိသော မိုးကုတ်ကျောက်များမှာ ယခုအခါ ဝယ်လက်မရှိဘဲဖြစ်နေသည်ဟု ကိုဝင်းလတ်က ပြောသည်။ ကိုဝင်းလတ်မှာ မိုးကုတ်မှကျောက်ကို ဝယ်ယူ၍ ရန်ကုန်၊ မန္တလေးသို့ဆင်း ရောင်းလေ့ရှိပြီး အလုပ်ဖြစ်စဉ်က ထိုင်း - မြန်မာ နယ်စပ် မဲဆောက် မြို့အထိ လာရောက် ရောင်းလေ့ရှိသူ ဖြစ်သည်။

ယခုအခါ ကျပ် သိန်း ၁၀၀ တန်ကြေးရှိသည့် ကျောက်တလုံးကို ထိုင်းကုန်သည်များက သိန်း ၂၀ ခန့်သာ ပေးဝယ် သောကြောင့် ကျောက်ဈေးကွက် ပျက်နေရခြင်းဖြစ်သည်ဟု သူကဆိုသည်။ ၎င်း၏ အဆိုအရ မန္တလေး၊ ရန်ကုန်၊ မဲဆောက် ကျောက်ဈေးကွက် များအားလုံး ပျက်နေခြင်းဖြစ်ပြီး ယခင် လူတိုးမပေါက်သော မန္တလေးကျောက်ဝိုင်း ပင်လျှင် လူပါးလျှက်ရှိသည်ဟု သိရသည်။

“အဓိက မိုးကုတ်ကျောက်ကို အမေရိကန်က ဝယ်တာ။ ခု အမေရိကန် ဝယ်လက်က မရှိဘူး။ ထိုင်းကုန်သည်တွေ ကလည်း နည်းနည်းပဲလာတယ်။ ဈေးလည်း မပေးဘူး။ ရောင်းချင်ရောင်း မရောင်းချင်နေပဲ” ဟု ကိုဝင်းလတ်က ဆိုသည်။

မြန်မာပြည်မှ ထွက်ရှိသည့် ကျောက်မျက်ရတနာများကို ပထမဦးစွာ ထိုင်း၊ အိန္ဒိယ စသည့် အိမ်နီးချင်းနိုင်ငံများက ဝယ်ယူကာ ဖြတ်တောက်သွေးပြီးမှ ဈေးကွက်ကြီးများသို့ ဆက်လက်ရောင်းချကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့များ၏ အဆိုအရ သိရသည်။

မိုးကုတ်မှထွက်သည့် ပတ္တမြားကို အဓိကအားဖြင့် အမေရိကန်၊ ဥရောပနှင့် ဂျပန်နိုင်ငံတို့က ဝယ်ယူလေ့ရှိပြီး အရည်အသွေးအမြင့်ဆုံးနှင့် ဈေးအကြီးဆုံးသော ပတ္တမြားများကို ဆွစ်ဇာလန်နိုင်ငံက ဝယ်ယူကာ ကျောက်စိမ်း ကိုမူ တရုတ်နိုင်ငံကအဓိကဝယ်ယူသည်ဟု ၎င်းအဖွဲ့များကဆိုသည်။

ဖက်စပ် ကျောက်တူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့် ရသူတို့မှာ အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်ပြီး ဦးတေဇပိုင် ထူး ထရေးဒင်း ကုမ္ပဏီနှင့် ဦးနေဝင်းထွန်းပိုင် ပတ္တမြားနဂါး ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့နှင့် အနီးပတ်ဝန်းကျင်များမှ ရွာခံများမှာ လုပ်ငန်းများ ရပ်ဆိုင်းထားချိန်တွင် ဖက်စပ် ကျောက် တူးဖော်ရေး လုပ်ကွက်များနှင့် အလှမ်းကွာဝေးသည့် တောထဲတွင် “ခိုးတွင်း” ဟုခေါ်သော တွင်းငယ်များမှ ကျောက်များကို ဒေသခံ ရယက၊ ရဲ စသည်တို့အား ငွေပေး၍ တူးဖော်နေရကြောင်း သိရသည်။

“လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီကြီးတွေကတော့ အလုပ်ရပ်လိုက်တာ ဘယ်လိုနေတယ်မသိဘူး။ သေချာတာတော့ ဒေသခံတွေအားလုံး အလုပ်လက်မဲ့ ဖြစ်ကုန်ကြတာပဲ။ လုပ်ငန်း ဘယ်အချိန် ပြန်စနိုင်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး” ဟု ဦးလှဦးက ပြောပြသည်။

လာမည့်မတ်လအတွင်း အစိုးရက ကျောက်မျက်ရတနာ ဈေးရောင်းပွဲ ပြုလုပ်ကျင်းပမည် ဖြစ်သော်လည်း နိုင်ငံခြားသားများ အဝင်နည်းနေသောကြောင့် အလုပ်ဖြစ်နိုင်ခြေ မရှိကြောင်း ရန်ကုန်မြို့ခံ သတင်းထောက် တဦးက သုံးသပ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်