ကျောင်းသားများ လျှပ်စစ်မီးအတွက် ဆန္ဒပြ

E-mail Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေပြည်တော်တွင် တည်ထားသော စေတီကြီးကို ထီးတင်ရန် ပြင်ဆင်နေခိုက် မော်လမြိုင်ရှိ ကျောင်းသားများက လျှပ်စစ်မီး ရရှိရေးအတွက် ဆန္ဒပြခဲ့ ကြကြောင်း သတင်းရရှိသည်။

မတ်လ ၆ ရက်နေ့ညက မော်လမြိုင်မြို့ရှိ အထက်တန်းကျောင်းသား ၅၀ ကျော်ခန့်သည် မတ်လ ၁၁ ရက်နေ့ တွင် ကျင်းပမည့် ဆယ်တန်းစာမေးပွဲကို အကြောင်းပြု၍ မော်လမြိုင်တက္ကသိုလ်သို့ ဦးတည်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်။

ကျောင်းသားများသည် နိုင်ငံရေး၊ ဒီမိုကရေစီရရှိရေး စသည့်ဆောင်ပုဒ်များကို လုံးဝမကြွေးကြော်ဘဲ စာမေးပွဲ အတွက် လျှပ်စစ်မီး လုံလောက်စွာ ပေးရေးကိုသာ တောင်းဆိုခဲ့ပြီး ၎င်း ဆန္ဒပြမှုမှာ ရန်ကုန်တိုင်း တွံတေး မြို့နယ်အထိ ပျံ့နှံ့ခဲ့သည်။

ယခုလက်ရှိ အနေအထားအရ မြန်မာနိုင်ငံ၌ နေပြည်တော်မှလွဲ၍ တနိုင်ငံလုံးတွင် မီးပျက်နှုန်း အလွန် ဆိုးရွားလျှက်ရှိကြောင်း ညည်းညူနေကြသည်။

“ရန်ကုန်ကတော့ တကယ့်ကို မှောင်မည်းနေတာပဲ။ နေပြည်တော်ကတော့ လင်းထိန်လို့” ဟု နေပြည်တော်ရှိ ဝန်ထမ်းတဦးက ပြောပြသည်။

မော်လမြိုင်တွင် ပြုလုပ်ခဲ့သော ကျောင်းသားများ၏ ဆန္ဒပြမှုကို ကာကွယ်သည့်အနေဖြင့် မတ်လ ၇ ရက်နေ့တွင် မော်လမြိုင်မြို့၌ လျှပ်စစ်မီးပေးချိန် တိုးမြှင့်ပေးခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။

“ဒါ ပုံမှန်တော့ မဟုတ်ဘူး။ တကယ်ဆို မော်လမြိုင်မှာ လျှပ်စစ်မီးကို ကောင်းကောင်း မမြင်ရတာကြာပြီ” ဟု မော်လမြိုင်သားတဦးက ပြောသည်။

ထိုသို့ မီးပေးချိန် တိုးမြှင့်ပေးခြင်းမှာ မတ်လ ၇ ရက်နေ့တရက်သာဖြစ်ပြီး နောက်ပိုင်းတွင် ပုံမှန် ပြန်ပျက်ကြောင်း မော်လမြိုင်ဒေသခံ သတင်းထောက် တဦးက ပြောပြသည်။

“ခုတော့ ဒုံရင်း ဒုံရင်းပဲ မီးက ပြန်ပျက်နေပြီ” ဟု သူက ဆိုသည်။ ဆက်လက်၍ ၎င်းက မော်လမြိုင်မြို့တွင် လုံခြုံရေးများ ထူထပ်စွာချထားသည်ဟု ပြောသည်။

ဖေဖော်ဝါရီ လအတွင်းကလည်း ရန်ကုန်၊ ရွာသာကြီး စီးပွားရေးတက္ကသိုလ်တွင် လျှပ်စစ်မီး ကိစ္စနှင့် ပတ်သက်၍ ကျောင်းသားနှစ်ဦး ဆန္ဒပြခဲ့သေးကြောင်း ကြားသိရသည်။

၎င်းကျောင်းသား နှစ်ဦးမှာ တက္ကသိုလ်ကင်တင်း၌ နေ့ခင်းဘက် ဖရောင်းတိုင်ထွန်း၍ စာကျက်ပြခြင်းဖြင့် လျှပ်စစ်မီး ပုံမှန်မရရှိမှုကို ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ထိုကျောင်းသားနှစ်ဦးကို မော်ကွန်းထိန်းက ခေါ်ယူ၍ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းလိုက်ကြောင်း နီးစပ်သည့် ကျောင်းသားအသိုင်းအဝန်းမှ ကြားသိရသည်။

ကျောင်းသားများ ဆန္ဒပြမှုမှာ ယခုနှစ်ဆန်းပိုင်း ကာလကတည်းက ဖြစ်ပွားနေခဲ့ကြောင်း ရန်ကုန်ရှိ လူငယ်များထံမှ ကြားသိရသည်။

ယခုနှစ်ဆန်းပိုင်းက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ များ အဖွဲ့ချုပ် (ဗကသ) နှင့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) တို့က ရန်ကုန်တွင် ဒီမိုကရေစီအရေးအတွက် စာရွက်စာတမ်းများ ဖြန့်ဝေခြင်းနှင့် နံရံကပ် ပိုစတာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့သော လှုပ်ရှားမှုများအတွက် အာဏာပိုင်တို့က ကြံ့ဖွံ့ အဖွဲ့ဝင်များကို နှိုးဆော်ခဲ့ပြီး တက္ကစီဒရိုင်ဘာများ၊ ဆိုက်ကားသမားများကို ထိုလှုပ်ရှားမှုများနှင့် ပတ်သက်၍ သတင်းပေးလျှင် ငွေကျပ် ၅ သောင်းချီးမြှင့်မည်ဟူ၍ ဆုငွေ ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မတ်လသည် စစ်အစိုးရအတွက် အထူးစိုးရိမ်ရသောလတလ ဖြစ်သည်။ မတ်လ ၁၃ ရက်နေ့တွင် ၈၈၈၈ အရေးတော်ပုံကြီး၏ အစဖြစ်သော စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ရသည့် နှစ်ပတ်လည် လဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် လူထုအုံကြွမှုကြီး၏ အကြိုအဖြစ် လှုပ်ရှားမှုများ စတင်ဖြစ်ပေါ်ခဲ့သည်။

စစ်အစိုးရက ၈၈ လူထုအုံကြွမှုကြီးနှင့် ကိုဖုန်းမော်သေဆုံးမှုကို ဖုံးကွယ်ထားခဲ့သော်လည်း ယခုနောက်ပိုင်း အင်တာနက်များ တွင်ကျယ်လာသောကြောင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များမှာ အင်တာနက် သတင်းများမှ တဆင့် ထို အဖြစ်အပျက်များကို ကောင်းမွန်စွာ နားလည်သိရှိလာကြပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်